အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သင်္ကြန်ကာလ ပုလဲနှင့်ယင်းမာပင်နယ်စပ် ကျေးရွာများကို မြေပြင်ဝေဟင် ထိုးစစ်ဆင်

မြန်မာနှစ်သစ်ကူးကာလတွင် စစ်တပ်က တော်လှန်ရေးအားကောင်းရာ ချင်းတွင်းမြစ်အနောက် မြို့နယ် နှစ်ခုအစပ်မှ ကျေးရွာများကို စစ်ကြောင်းနှစ်ခုထိုးနေပြီး ဗုံးကြဲနေရာ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ အသွင်ပြောင်းအစိုးရ တက်လာပြီးနောက် ချင်းတွင်းမြစ်အနောက်ဘက်  စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ် နယ်စပ်ကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကလေးတစ်ဦးသေဆုံးခဲ့ပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံတစ်သောင်းကျော်သည် နှစ်သစ်ကူးသင်္ကြန်ကာလတွင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ယခုလ ဒုတိယပတ်မှစတင်၍ ပုလဲမြို့ပေါ်မှ မြောက်ဘက်သို့ထွက်လာသော စစ်တပ်နှင့် ရဲ၊ ပျူစောထီးများ ပါဝင်သော အင်အား ၁၀၀ ပါစစ်ကြောင်းတစ်ခု၊ ယင်းမာပင်မြို့နယ် တောင်ဘက်တွင် စစ်ကြောင်းတစ်ခုတို့က ထိုမြို့နယ်နှစ်ခုအစပ် ကျေးရွာများကို စစ်ကြောင်းထိုးနေစဉ် ဧပြီလ ၁၂ ရက်နှင့် ၁၃ ရက် (သင်္ကြန်အကြိုနေ့) တို့တွင် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ 

ဧပြီလ ၁၂ ရက်နေ့တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့ ယင်းမာပင်မြို့နယ်တောင်ဘက်  လည်ငေါက်ရွာအနီး တိုက်ပွဲဖြစ်ပြီး ဂျိုင်ရိုကော်ပတာက ထိုရွာကို ဗုံးကြဲခဲ့စဉ် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းပြတ် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

“အိမ်ကိုရေချိုးပြန်တဲ့ ၁၄ နှစ်သမီးအရွယ်တစ်ဦး ဂျိုင်ရိုကော်ပတာပစ်လို့ ခေါင်းပြတ်ပြီး သေဆုံးခဲ့တယ်။ မြေးအဘိုးသုံးယောက်မှာ အကြီးမ သေပြီးတော့ (မြေး) အငယ်မနဲ့အဘိုးဖြစ်သူက ဒဏ်ရာရတယ်” ဟု ယင်းမာပင်မြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

သေဆုံးသူ မိန်းကလေးအမည်ကို မသိရသေးသလို ယမန်နေ့ (သင်္ကြန်အကြိုနေ့) တွင်လည်း အထက်ပါ လည်ငေါက်ရွာအနီးဝန်းကျင်ကို ဂျိုင်ရိုကော်ပတာသုံးစီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံများက ပြောကြသည်။ 

လတ်တလောတွင် မြေပြင်စစ်ကြောင်းနှစ်ခုနှင့် လေကြောင်းရန်တို့ကြောင့် မြို့နယ်နှစ်ခုအစပ်မှ ကျေးရွာ များဖြစ်သည့် တမာပင်ခွ၊ ချောင်းကန်၊ သရက်ကန်၊ လက်တောင်းကြီး၊ လည်ငေါက်၊ သရက်ကန်၊ ဗြဟ္မဒတ်၊ လက်တောင်းငယ်၊ မကျီးကန်၊ မုံကြိုင်း၊ စသည့်ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများသည် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံက သိရသည်။ 

“နီးစပ်ရာ လယ်ကွင်းယာကွင်းတွေမှာ အမိုးအကာတွေ တည်ဆောက်ပြီးနေရတယ်။ တချို့လည်း ဆွေမျိုးသားချင်း အိမ်တွေမှာရှောင်တိမ်းကြတယ်။ တချို့လည်းကိုယ့်အဆင်ပြေမယ့် ချောင်းနားကမ်းနားမှာ အဆောက်အအုံလေးတွေဆောက်ပြီး ရှောင်တိမ်းနေကြတယ်။ စစ်ကောင်စီက စစ်ရှောင်စခန်းတွေ မချန် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေအထိ လေကြောင်းတိုက်ခိုက်တော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုကပ်ပြီးတော့မနေရဲကြတဲ့အခြေအနေရှိတယ်”ဟု အထက်ပါ စစ်ရှောင်အရေး ကူညီသူ အမျိုးသားက ပြောသည်။

မြန်မာနှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းရာ သင်္ကြန်ကာလသည် အလှူအတန်းများ၊ ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်သူများဖြင့် ဖြတ်သန်းကြလေ့ရှိသော်လည်း ယခုမူ စစ်ကြောင်းရန်ကြောင့် ဒေသခံများသည် ဘေးလွတ်ရာတောတောင်များတွင် ရှောင်တိမ်းရင်း ဖြတ်သန်းနေရသည်။ 

“ဥပုသ်သီလဆောက်တည်တာတို့၊ သက်ကြီးရွယ်အိုပူဇော်ပွဲတို့ကတော့ လုပ်ရိုးလုပ်စဉ်တွေပေါ့။ အခုတော့ ဒါတွေနားထားလိုက်ရတယ်။ ကုသိုလ်မလိုချင်လို့ မသွားနိုင်တာ မဟုတ်ဘူး။ လက်ရှိမှာ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် သွားနိုင်လာနိုင်တာမရှိဘူး။ သင်္ကြန်ဆိုတာက နာမည်ပဲသာရှိလိုက်တာ။ ကျန်တာကတော့ ဘာမှန်းကိုမသိလောက်အောင်ပါပဲ။ .. ဥပုသ်သီလဆောက်တည်တာမပြောနဲ့ ကိုယ့်အသက်ဘေးကိုမှ မနည်းလွတ်အောင်ရုန်းနေရတဲ့ပုံစံမျိုး” ဟု စစ်ရှောင်နေရသည့် လူလတ်ပိုင်းအရွယ် ယင်းမာပင်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

ပုလဲဒေသခံ သုံးဦးသတ်ဖြတ်ခံရ

ပုလဲမြို့မှလာသည့်စစ်ကြောင်းသည် ကျေးရွာများအားစီးနင်းစဉ် လူငယ်အမျိုးသား သုံးဦးကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ 

သေဆုံးသူများမှာ အလယ်ဘုံရွာမှ အသက် ၂၁ နှစ်အရွယ် ကို‌ဝေယံဖြိုး၊ ချောင်းကန်ရွာမှ ၃၂ နှစ်အရွယ် ကိုကျော်သီဟနှင့် ရိုးရွာမှ ၃၈ နှစ်အရွယ် ကိုသန့်ဇင်ဝင်းတို့ဖြစ်ပြီး ရုပ်အလောင်းများကို ချောင်းကန်ရွာ ဘုန်းကြီးကျောင်းအနောက်ဘက် နွားချေးပုံတွင်မြှုပ်ထားသည်ကို ဒေသခံတို့က ဧပြီလ ၁၁ ရက်နေ့တွင် တွေ့ရှိခဲ့သည်။

“တစ်ယောက်က ပါးစပ်ထဲကို သေနတ်ထည့်ပြီးပစ်ပုံရတယ်။ ခေါင်းပွင့်သွားတယ်။ မျက်နှာလေးပဲ ကျန်တယ်။ နောက်ဘက်က လုံးဝမကျန်တော့ဘူး။ နောက်တစ်ယောက်က သေနတ်နဲ့ပစ်သတ်ပြီးတော့ လက်နှစ်ချောင်းကို ဖြတ်သွားတယ်။ နောက်တစ်ယောက်ကတော့ သာမန်ပဲ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ ပြီးတော့ နောက်ချေးပုံထဲမှာ ထိုးပစ်ခဲ့တယ်”ဟု ပုလဲမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သွားသည့် လူငယ်သုံးဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ-မိုးဦး)

ချောင်းကန်ရွာကိုစီးနင်းစဉ် ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ပြီး ဆန်၊ ဆီစသည့် စားသုံးကုန်များကို သယ်ဆောင်သွားကြောင်း အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ 

စစ်တပ်ထိန်းချုပ်ထားသည့် ယင်းမာပင်မြို့ပေါ်နှင့် ပုလဲမြို့ပေါ်တွင် သင်္ကြန်ပွဲကို ကျင်းပနိုင်ရန် လုံခြုံရေး ယူသည့်ရည်ရွယ်ချက်ဖြင့် တော်လှန်ရေးအင်အားစုများအားကောင်းရာ ကျေးလက်ဒေသသို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။ 

မကွေးတိုင်း၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါ ပုံတောင်ပုံညာနှင့်ထိစပ်နေပြီး ဆက်သွယ်ရေးအရ အချက်အချာကျသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ် ရပ်ကွက်များ၊ အင်မထီး၊ ကန့်ဒေါင့်၊ ဇီးဖြူကုန်းစသည့် ကျေးရွာများကို ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုကို နယ်မြေစိုးမိုးထားသည်။ 

ပုလဲနယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးသည် ယခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် စစ်တပ်ထံဘက်ပြောင်းသွားပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းမှတဆင့် အင်အား ၃၀၀ ခန့်ဖြည့်တင်းပြီး ရွာစဉ်လှည့်စစ်ကြောင်း ထိုးနေသည်။

ဗိုလ်နဂါး ဘက်ပြောင်းလာကြောင်း စစ်တပ်က ဓာတ်ပုံနှင့်တကွထုတ်ပြန်ခဲ့ပြီး  နှစ်လနီးပါးကြာသည်အထိ တစ်စုံတစ်ရာထပ်မံ သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။ 

ဗိုလ်နဂါးတပ်များလှုပ်ရှားခဲ့ရာ ကျေးရွာဖြစ်သည့် ချင်ပြစ်ရွာတွင် နေရာယူခဲ့သည့် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဧပြီလဆန်းတွင် စစ်တပ်စစ်ကြောင်းများ ဇီးဖြူကုန်းရွာမှတဆင့် ပုလဲမြို့သို့ ပြန်လည်ဆုတ်သွားသည်။ 

ထို့နောက် ရက်အနည်းငယ်ခန့်အကြာ ပုလဲမြို့ မြောက်ဘက် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ယင်းမာပင်မြို့ ပေါ်မှလာသော စစ်ကြောင်းတစ်ခုကလည်း မြို့နယ်တောင်ဘက်ကို တပြိုင်နက် စစ်ကြောင်းထိုးလာကြစဉ် ထိုသို့ လူသေဆုံးမှု၊ လေကြောင်းတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်စပ်ကို ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်တပ် စစ်ကြောင်းများပြမြေပုံ။

အာဏာသိမ်းစစ်တပ်က လူထုကန့်ကွက်မှုများရှိနေသည့်ကြားမှ အတုအယောင် ရွေးကောက်ပွဲတရပ်ကို ပြုလုပ်သည်။ ယင်းနောက် အသွင်ပြောင်းစစ်အစိုးရကိုဖွဲ့စည်း၍ စစ်ခေါင်းဆောင်က သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ်ခန့်အပ်ပြီး အစိုးရအဖွဲ့ဝင်များကိုလည်း ၎င်းစိတ်တိုင်းကျရွေးချယ်ခန့်အပ်ကာ အာဏာကိုဆက်လက် ဆုပ်ကိုင်ထားသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၎င်း၏ လူယုံ ရဲဝင်းဦး လက်သို့လွှဲပြောင်းခဲ့ပြီး ကာချုပ်အသစ် လက်ထက် စစ်ဆင်ရေးများပိုမိုအရှိန်မြှင့်လာနိုင်ကြောင်း CDM စစ်သားများ ကသုံးသပ်သည်။ 

အသွင်ပြောင်းစစ်အစိုးရလက်ထက်တွင် နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်းများနှင့် မဟာဗျူဟာကျသည့် လမ်းပိုင်းများ အပြည့်အဝစိုးမိုးထိန်းချုပ်နိုင်ရေး၊ လက်လွှတ်ဆုံးရှုံးခဲ့ရသည့်နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်ရေးနှင့် နိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသ တော်လှန်ရေးအင်အားစုများကို ဖြတ်တောက် ပိတ်ဆို့စစ်ဆင်သည့် စစ်ရေးဗျူဟာများ ဖော်ဆောင်လာနိုင်ကြောင်း MDSI စစ်ဘက်ရေးရာနှင့်လုံခြုံရေး အင်စတီကျူမှ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက သုံးသပ်သည်။ 

စစ်ကိုင်းတိုင်းတွင် ဆက်သွယ်ရေးလမ်းကြောင်းနှင့် ထောက်ပို့ကုန်သွယ်ရေး လမ်းကြောင်းများကို စစ်တပ်က ပစ်မှတ်ထားပိတ်ဆို့ဖြတ်တောက်နိုင်ကြောင်း CDM စစ်သားများက ပြောသည်။ 

အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့် ရှမ်းမြောက်၊ ကချင်ပြည်နယ်တို့ကို ချိတ်ဆက်ရေးအတွက် အရေးပါသည့် ကသုံးလုံးနယ်မြေ (ကသာ၊ ကန့်ဘလူနှင့် ကောလင်းခရိုင်) နှင့် မကွေးတိုင်းမှတဆင့် ချင်းပြည်နယ်ထိ ချိတ်ဆက်ရေး အရေးပါသည့် ချင်းတွင်းမြစ်အနောက်ဘက်မြို့နယ်များကို စစ်တပ်က စစ်ရေးအရ ဖိအားပေးလာနိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောသည်။ 

“စစ်ကိုင်းတိုင်းအထက်ပိုင်း ကကြီးသုံးလုံးနယ်မြေရော၊ ယင်းမာပင်၊ ပုလဲ ချင်းတွင်းမြစ် အနောက်ဘက်ပိုင်းကိုပါ ထိန်းချုပ်လိုက်မယ်ဆိုရင် တော်လှန်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းက ချင်းပြည်နယ်ရော၊ မကွေးရောက ကချင်၊ ရှမ်းမြောက်၊ မန္တလေးစတဲ့ ဒေသတွေနဲ့ ပြတ်တောက်သွားမှာဖြစ်တယ်”ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။ 

“စစ်တပ်ကလည်း နေရာစုံကိုမသိမ်းနိုင်တဲ့အတွက် အဓိက ခါးဖြတ်ပြီးတော့ စစ်ကိုင်းတိုင်းကို ခါးဖြတ်ပြီးတော့ နှာပေါက်တွေကို ပိတ်ပစ်လိုက်မှာပေါ့။ တိုင်းရင်းသားဒေသတွေနဲ့ ဆက်စပ်နေတဲ့ နှာပေါက်တွေကို ပိတ်ပစ်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့စိတ်တိုင်းကျရွေးကောက်ပွဲလုပ်ကာ စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကြီးစိုးသည့် အစိုးရတရပ် ဖွဲ့စည်းပြီးဖြစ်သော်လည်း ကျေးရွာများ၊ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button