ပြီးခဲ့သည့်မတ်လအတွင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်သို့ ဝင်ရောက်လာသည့် အိန္ဒိယ နိုင်ငံသား သုံးဦးကို ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးထားစဉ် စစ်တပ်နှင့်နီးစပ်သည့် ဇိုမီးအဖွဲ့ (ZRA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံသားများဖြစ်သည့် Arfik Rahman Khan၊ Jahangir Mirza နှင့် Hachan Ali Mazumder တို့ သုံးဦးသည် မွေ့ရာပစ္စည်းများ ရောင်းချရန် မတ်လ ၁၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ဘက်မှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သို့ ဝင်ရောက်စဉ် ချင်းဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် People Defense Army (PDA) က မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော PDA တပ်မှာ မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် တီးတိန် မြို့နယ်၌ အခြေစိုက် လှုပ်ရှားပြီး ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင်လည်း ဖြစ်သည်။
ကားဖြင့်ဝင်ရောက်လာသည့် ထိုအိန္ဒိယနိုင်ငံသား သုံးဦးကို စစ်ဆေးစဉ် ထိုသူများသည် ဒေသခံများသုံး သည့် ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုနိုင်ခြင်း မရှိသည့်အတွက် အချက်အလက်များ စစ်ဆေးရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း PDA ဥက္ကဋ္ဌက ပြောသည်။
“နယ်ခံစကားလည်းတတ်တဲ့သူလည်း တစ်ယောက်မှမပါဘူး။ အင်္ဂလိပ်လည်း မတတ်ဘူး။ သူတို့ မိခင် ဘာသာစကားမှလွဲပြီး ကျန်တဲ့စကားတွေ မတတ်တဲ့အခါကျတော့ ဘာလို့ တခြားမြို့နယ်မှာ အင်္ဂလိပ် စကားတောင်မတတ်ဘဲနဲ့ ဘာကြောင့် ဈေးဘယ်လိုလာရောင်းနိုင်တာလဲ အဲ့လိုအတွေးလည်း ဖြစ်လာ တော့ အဲ့ဒါကြောင့် စစ်ဆေးမေးမြန်းဖို့ လိုတယ်လို့ ထိန်းသိမ်းထားတာ”ဟု PDA ဥက္ကဋ္ဌက ဆိုသည်။
ထို့နောက် ဘာသာပြန်မှတဆင့် စစ်ဆေးကာ ၎င်းတို့ကို မတ် ၂၂ ရက်နေ့တွင် ပြန်လွှတ်ရန် စီစဉ်နေစဉ် ယင်းနေ့ နံနက် ၅ နာရီဝန်းကျင်၌ ZRA အဖွဲ့က PDA ဂိတ်စခန်းကို ရုတ်တရက်ဝင်ရောက် စီးနင်းပစ်ခတ် ခဲ့သည်ဟု ဆိုသည်။
နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာထဲဖြစ်သဖြင့် လူထုထိခိုက်မည်စိုးသည့်အတွက် ၎င်းတို့ တပ်ဖွဲ့ဝင်များဘက်မှ ဆုတ်ခွာခဲ့ရကြောင်း PDA အဖွဲ့ ဥက္ကဋ္ဌက ဆက်ပြောသည်။
ထို့နောက် ZRA အဖွဲ့က စခန်းအား မီးရှို့ခဲ့ကာ ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသား သုံးဦးကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်သွားကြောင်း ၎င်းကဆိုသည်။
“ ကယ်ထုတ်ဖို့ စီစဉ်တဲ့အချိန်မှာ တစ်ယောက်က ကျည်မှန်သွားတော့မသွားနိုင်တော့ဘူး။ ZRA ကလည်း ကျွန်တော်တို့ထက်စာရင် သူတို့ကိုပဲ အရင်ပစ်တာ။… သူတို့က ပြေးလို့အဆင်မပြေဘူး။ အဲ့ဒီအချိန်မှာ သူတို့ကို လက်ထိပ်တွေခတ်ထားတော့လေ။ ချက်ချင်းသူတို့သုံးယောက်အိပ်တဲ့နေရာကို အီနာဂါနဲ့ ပစ်လိုက်တော့ ချက်ချင်း သူတို့မှာ ဘာမှမလုပ်နိုင်ကြတော့ဘူး။ အရှင် မိထားတာလည်းရှိတယ်။ အဲ့ဒါကို ညှင်းပန်းနှိပ်စက်ပြီးမှသတ်ခဲ့ကြတာ”
ZRA အဖွဲ့ဝင်ရောက်တိုက်ခိုက်မှုအပြီး ထိုနေ့နံနက်တွင် ပြန်လည်ချဉ်းကပ်ပြီးနောက် ရုပ်အလောင်းများ ကို ကောက်ယူသင်္ဂြုဟ်ခဲ့ကြောင်း ၎င်းကဆိုသည်။
“သူတို့မိသားစုတွေဘက်ကနေ သူတို့ အရိုးစုတွေ ဘာတွေပဲဖြစ်ဖြစ် ပြန်ပြီးတော့ လိုချင်တာတို့၊ တောင်း တာတို့ရှိရင်တော့ ပြန်ပေးဖို့ဆိုပြီး တော့ သူတို့ကိုသေချာလေးတော့ သင်္ဂြိုဟ်ပေးထားတာတော့ရှိတယ်။ အခုထိ သူတို့မိသားစုဘက်နဲ့ တိုက်ရိုက်တော့အဆက်အသွယ်တော့ မရသေးဘူး”ဟု PDA အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။
PDA အဖွဲ့ထံက ရရှိသည့် ဓာတ်ပုံများအရ တစ်ဦးမှာ ခြေကျင်းဝတ်အထက်နား ထိမှန်ထားပြီး နောက် တစ်ဦးမှာ ခြေထောက်သုံးပိုင်း ကျိုးနေပြီး ရင်ဘတ်တွင် ပစ်ခတ်ခံထားရသည်ကို တွေ့ရသည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး ZRA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ (ZPCC) ကို Myanmar Now က အီးမေးလ်ဖြင့်ဆက်သွယ်ထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ချင်းပြည်နယ်ထဲမှာ ဖမ်းမိသည့် အိန္ဒိယနိုင်ငံသား သုံးဦး
ထိုသုံးဦးထံက သိမ်းဆည်းရမိသည့် မဲဆန္ဒရှင်ကတ်ပြားများအရ အသက် ၂၁ နှစ်အရွယ် Aftar Hussain Mazumder မှာ Cachar ခရိုင်၊ အာသံပြည်နယ်မှဖြစ်ပြီး Paschim Medinipur ခရိုင်၊ အနောက်ဘင်္ဂလား ပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် Zahangir Mirza နှင့် Arfik Rachman Khan တို့ဖြစ်ကြသည်။
ဘင်္ဂလီဘာသာစကားနားလည်သည့် ဘာသာပြန်မှတဆင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ထံ တွင် မီဇိုရမ်ပြည်နယ်တွင်း ဝင်ရောက်ခွင့်ပြုထားသည့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (Temporary Inner Line Permit) လက်မှတ် ကိုင်ဆောင်ထားပြီး ချန်ဖိုင် (Champhai) မြို့တွင် မွေ့ယာ ရောင်းချရန် ဖြစ်ပြီး မတ်လ ၂၃ ရက်တွင် ခွင့်ပြုသက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
မီဇိုရမ်ပြည်နယ် ချန်ဖိုင်မြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ မိုင် ၅၀ ကျော်ခန့် ကွာဝေးပြီး ကားဖြင့် သွားလာပါက သုံးနာရီနီးပါးကြာမြင့်သည်။
အာဏာသိမ်းစစ်တပ်နှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် ဇိုမီတော်လှန်ရေးတပ် (Zomi Revolutionary Army -Eastern Command) သည် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသည့် ဒေသခံကာကွယ်ရေး အဖွဲ့စခန်းများကို သုံးကြိမ်ထက်မနည်း စီးနင်းတိုက်ခိုက်ခဲ့ပြီး PDA ၏ တပ်စခန်းလည်း ပါဝင်ခဲ့သည်။
ထိုသို့ ဒေသတွင်း ပဋိပက္ခရှိသော အဖွဲ့နှစ်ခုကြား စီးနင်းတိုက်ခိုက်မှုတွင် အထက်ပါ အိန္ဒိယနိုင်ငံသား သုံးဦး သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရဘက်က ၎င်းတို့နိုင်ငံသား သုံးဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး မတ်လကုန်ခန့်တွင် ဆက်သွယ်မေးမြန်းခဲ့ကြောင်း ဝါရင့်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ချင်းအမျိုးသားတော်လှန်ရေး တပ်ဦး (CNF/CNA) ထံက သိရသည်။ ချင်းအမျိုးသားတော်လှန်ရေးတပ်ဦးသည် ချင်းပြည်ကောင်စီ (CC) ကို ဦးဆောင် ဖွဲ့စည်းထားသည့် အဖွဲ့လည်းဖြစ်သည်။
အထက်ပါဖြစ်ရပ်ကြောင့် အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်သွားလာမှုနှင့်ပတ်သက်ပြီး တင်းကျပ်မှုများ ရှိလာနိုင်သော်လည်း လတ်တလော ဖိအားပေးလာခြင်းမျိုးမရှိကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက ပြောသည်။
အိန္ဒိယ – မြန်မာနယ်စပ် CNF ထိန်းချုပ်သည့် ရိခေါဒါရ်ရှိ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ကို အိန္ဒိယဘက်က ပိတ်ထားဆဲဖြစ်သော်လည်း နယ်ချင်းဆက်စပ်နေသည့် အတွက် ဈေးရောင်းဈေးဝယ် နေ့စဉ်ကူးသန်းသွားလာမှုအချို့ရှိကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။
“နှစ်ဘက်နိုင်ငံနယ်စပ်ဖြတ်ကျော်မှုတွေကတော့ ကျွန်တော်တို့ဘက်ကသော်လည်းကောင်း၊ အိန္ဒိယ အစိုးရ ဘက်ကသော်လည်းကောင်း၊ ပြည်သူတွေကသော်လည်းကောင်း အဲ့ဒါတွေကို ပူးတွဲပြီးတော့ ဆောင်ရွက်ဖို့ တော့လိုပါမယ်။ အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ ကြားထဲက ဘာမှမသိတဲ့ ရိုးရိုးသားသား လုပ်ကိုင် စားသောက် ကူးလူးဆက်ဆံတဲ့ ပြည်သူတွေအတွက်တော့အလဟဿဖြစ်နိုင်တာပေါ့။ အဲ့ဒါကို နှစ်ဘက် ပူးတွဲဆောင်ရွက်ပြီးတော့ ညှိနှိုင်းမှုတွေကတော့လိုအပ်မှာပါ”ဟု ၎င်းက ဆိုသည်။
အိန္ဒိယနိုင်ငံသား သုံးဦးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ကို Myanmar Now က အီးမေးလ်ဖြင့်ဆက်သွယ်ထားသော်လည်း ယနေ့ (ဧပြီ ၁၇ ရက်) အထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
အိန္ဒိယနှင့်ထိစပ်နေသည့် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုတွင် မြို့တော် ဟားခါး၊ တီးတိန်နှင့် ထန်တလန်မြို့နယ်တို့ကိုသာ စစ်တပ်က ခြေကုပ်ယူထားပြီး ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တွန်းဇံ တို့ကိုတော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထိန်းချုပ်ထားသည်။




