အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က သမ္မတဦးဝင်းမြင့်ကိုလွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကိုဆက်ဖမ်းထား

စစ်တပ်သည်ဒေါ်အောင်ဆန်းစုကြည်ပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ခေါင်းဆောင်များကို ဆက်ဖမ်းထားသည်။

အရပ်သားအသွင်ပြောင်း စစ်အစိုးရက အကျဉ်းသား၊ အကျဉ်းသူ ၄၀၀၀ ကျော်ကို ခြွင်းချက်ဖြင့် ယနေ့ (ဧပြီ ၁၇ ရက်) တွင် လွတ်ငြိမ်းခွင့် ပေးလိုက်ရာ  ထောင်နှစ်ရှည် ချခံထားရသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် မှတ်တမ်းရုပ်ရှင်ဒါရီုက်တာ ရှင်ဒေဝီတို့လည်း လွတ်မြောက်လာကြောင်း သိရသည်။ 

သို့သော်ဒေါ်အောင်ဆန်းစုကြည်ပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ခေါင်းဆောင်များကို ဆက်ဖမ်းထားသည်။ NLD နာယက ဦးဝင်းထိန်လည်း မန္တလေးအိုးဘိုထောင်မှ ပြန်လွတ်ကြောင်း ကနဦးသတင်းရခဲ့သော်လည်း ယင်းသတင်းမှာ သတင်းမှားသာဖြစ်ခဲ့သည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည့် အသက် ၈၅ နှစ်အရွယ် NLD နာယက ဦးဝင်းထိန် မန္တလေး အိုးဘိုထောင်တွင် စစ်တပ်ကဆက်လက်ချုပ်နှောင်ထားသည်။

နိုင်ငံတဝန်း ထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၄၃၃၅ ဦး ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသော သတ်မှတ်ချက်ဖြင့် ယနေ့  ပြန်လွှတ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့်အပေါ်  သေချာမကြားသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“တစ်ဖက်က ဘာသတင်းမှ မရတဲ့အခါ ဒေသခံတွေဆီက ထွက်လာတဲ့ ကောလာဟာလတွေ ရှိပါတယ်။ နေပြည်တော်က နှင်းဆီစံအိမ်မှာပဲထားမလိုလို၊ ရန်ကုန်က တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာပဲ ထားမလိုလို သတင်းတွေ ထွက်ပါတဉ်ခင်ဗျ။  ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က ပုဂ္ဂိုလ်ကလည်း တစုံတရာ အကြောင်းကြားတာမရှိဘူး၊ တစုံတရာ ပြင်ဆင်ထားတာ မရှိတဲ့အတွက် သူတို့ ဘာမှ မသိပါဘူး လို့ ပြောပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ နေပြည်တော်က နှင်းဆီစံအိမ်ကလည်း လုံးဝကို ပြိုကျပျက်စီးနေတဲ့အတွက် အဲဒီမှာ ထားမယ်ဆိုတာက လည်း လုံးဝအခြေအမြစ်မရှိတဲ့သတင်းပါပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က အမှု ၁၉ မှုဖြင့် ထောင် ၃၃ နှစ် ချထားသည်။

ဧပြီ ၁၇ ရက်နေ့က တွေ့ရသော ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်။ (ဓာတ်ပုံ- ကံကောင်း)

သမ္မတ ဦးဝင်းမြင့်

ပုဒ်မ ရှစ်ခုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချခံထားရသော အသက် ၇၄ နှစ်အရွယ် သမ္မတဦးဝင်းမြင့်သည် လည်း ယနေ့ တွင် ပဲခူးတိုင်း၊ တောင်ငူထောင်မှ လွတ်မြောက်လာခဲ့ပြီး စစ်တပ်ထံ ခံဝန်လက်မှတ်မထိုး ခဲ့ကြောင်း  NLD ပါတီ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နေပြည်တော်၊ သမ္မတအိမ်တော်၌ ဖမ်းဆီးခံရပြီး ၎င်း ကို ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ရန် စစ်တပ်၏ ဖိအားပေးခဲ့မှုကို ငြင်းဆန်ပြီးနောက် ပုဒ်မ ရှစ်ခုဖြင့် တရားစွဲကာ ထောင် ၁၄ နှစ် ချခံရသည်။  ထိုထဲမှ နှစ်နှစ်ကို  ပြန်လျှော့ပေးထားသည်။ 

ဆုရ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသော ဆုရ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီလည်း ယနေ့ လွတ်မြောက်လာသည့်သူများထဲ ပါဝင်ခဲ့သည်။ ၎င်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်တိုင်း၊ အင်းစိန်ထောင်ရှိ မြောက်ဥက္ကာလာပမြို့နယ်စစ်ခုံရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၄ (ဃ) တို့ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် မှတ်တမ်းရုပ်ရှင်ဆုများရရှိထားသည့် အသက် ၅၀ အရွယ် ရှင်ဒေဝီ သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၌ အွန်လိုင်းမှ မှာယူထားသည့် ရိုက်ကူးရေးသုံးဒရုန်း သွားရောက်ယူစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

လွတ်ငြိမ်းပေးသော်လည်း တော်လှန်ရေးဆက်လုပ်မည်

သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာသည့်အပေါ် ဝမ်းသာမိသော်လည်း မူလရည်မှန်းချက်ဖြစ်သော လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကြောင်း မကွေးနှင့်စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောကြသည်။​

“ ကျွန်တော်လည်း သတင်းတွေ လိုက်ကြည့်နေတာ။ ဦးဝင်းမြင့်လည်းပါတယ်။ ကျန် ဝန်ကြီးတွေ၊ အစိုးရ အဖွဲ့ဝင်တွေ လွတ်မယ်လို့ ကြားထားတာတွေရှိတော့ သူတို့ လွတ်လာတာကို ဝမ်းသာပါတယ်ဗျ။ အစကတည်းက အပြစ်မရှိဘဲ ဖမ်းထားတဲ့အတွက် မင်းအောင်လှိုင်တို့ကိုတော့ ကျေးဇူးတင်စရာ တစ်ခုမှတော့ မရှိဘူးပေါ့ဗျာ” ဟု မကွေးတိုင်း၊ ထီးလင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သော Yaw Revolution Army (YRA) အဖွဲ့  ပြန်ကြားရေးတာဝန်ရှိသူ ကိုကောင်းက ဆိုသည်။ 

“ လက်နက်ကိုင်တော်လှန်ရေးအခြေအနေကတော့ အထူးအထွေ ပြောင်းလဲစရာတော့မရှိပါဘူး။ ကျွန်တော်တို့ စပြီး လက်နက်ကိုင်ကတည်းကနေ ရည်မှန်းချက်တွေရှိတယ်။ ခု မတရားဖမ်းဆီးခံထားရတဲ့ နိုင်ကျဉ်းတွေ လွတ်ဖို့ဆိုတာ ရည်မှန်းချက်တွေထဲက တစ်ခုပဲ ရှိသေးတယ်။ ရည်မှန်းချက်တွေအားလုံး  ပြည့်အောင် လက်နက်ကိုင် သွားရမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကိုင်းတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ ကျွန်တော်တို့ကတော့ အခုလျှောက်နေတဲ့ လမ်းအတိုင်း ဆက်လျှောက်သွားမှာပါ၊ တိုင်းပြည်အတွက် အာမခံနိုင်တဲ့ အပြောင်းအလဲတစ်ခု မဖြစ်မချင်း လက်ရှိသွားနေတဲ့ လမ်းကိုပဲ ရှေ့ဆက်လျှောက်သွားမှာပါ” ဟု ပြောသည်။

ယနေ့ လွတ်မြောက်လာသည့် သမ္မတ ဦးဝင်းမြင့်ကို နေအိမ်၌ မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-Htin Lin Oo)

ထိုသို့ အကျဉ်းသား ၄၀၀၀ ကျော်အပြင်  သေဒဏ်၊ ထောင်တစ်သက် နှင့် နှစ်ရှည်ထောင်ကျနေသူတို့ကို ထောင်ဒဏ် လျှော့ပေါ့ခဲ့ကြောင်း ပါရှိသည်။ 

အလားတူ ယနေ့ မတိုင်မီအထိ ချခံထားရသော သေဒဏ်ကျခံနေရသူများအား ထောင်ဒဏ်တစ်သက် သို့လည်းကောင်း၊ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်သတ်မရှိ ထောင်ကျနေသူများအား ထောင်ဒဏ် နှစ ၄၀  သို့ လျှော့ရန် ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များအရ  သေဒဏ်မှ ထောင်ဒဏ်ပြောင်းလဲထားသူ များ မပါဝင်) ၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျနေသူများအား နှစ် ၄၀ ၊ ထောင် နှစ် ၄၀ အောက် ကျနေ သူများ ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ကျခံစေရန်  စသော ခြွင်းချက်များဖြင့် လွှတ်ပေးခဲ့သည်။

ထို့ပြင် နိုင်ငံခြားသား ၁၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ပါရှိသည်။

ယနေ့  ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထိ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းများအရ တစ်နိုင်ငံလုံး ထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားဦးရေမှာ ၁၆၅ ဦး သာ ရှိသေးကြောင်း သိရသည်။

နိုင်ငံရေးပုဒ်မများဖြင့် နှစ်ခါလွှတ်သော်လည်း အနည်းစုသာ လွတ်

အာဏာသိမ်းစစ်တပ်က  ယခုနှစ် မတ်လ ၂ ရက်နေ့ နှင့် ယမန်နှစ် နိုဝင်ဘာလ ၂၆ ရက်တို့တွင် ၎င်းတို့ကို ဆန့်ကျင်သူများအား ဖမ်းဆီးသည့် ပုဒ်မဖြစ်သော ပုဒ်မ ၅၀၅ နှင့် ပုဒ်မ ၅၀ အမှုများမှ လူ ၈၀၀၀ နီးပါးကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 

ထိုပုဒ်မများသည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားအများအပြား၊ တော်လှန်ရေးအဖွဲ့များအား ငွေကြေးထောက်ပံ့သူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ ပါဝင်သူများဖမ်းဆီးသော ပုဒ်မများဖြစ်သည်။ 

ယခုနှစ် မတ်လ ၂ ရက်နေ့ (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၀ (က) တို့ဖြင့် နိုင်ငံတစ်ဝန်း အကျဉ်းချခံနေရသော အကျဉ်းသား၊ အကျဉ်း သူပေါင်း ခုနစ်ထောင်ကျော်အပါအဝင် လူတစ်သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့သည်။ အလားတူ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် တရားရုံးအသီးသီးတွင် စစ်တပ် က ဖမ်းဆီး (သို့မဟုတ်) အလိုရှိနေသူ တစ်သောင်းကျော်ကိုလည်း အမှုပိတ်ပေးခဲ့သည်။

Myanmar Now ၏ စုံစမ်းမှုအရ လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အစိုးရဝန်ကြီးသုံးဦး၊ ကျောင်းသားခေါင်းဆောင်တစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ပုဒ်မ ၅၀၅-က ဖြင့် ထောင်ကျ နေသည့်  အကျဉ်းသား၊ အကျဉ်းသူ ၇၂၄ ဦး ပြန်လွှတ်ပေးခဲ့သည်။ ထိုသူများကိုလည်း နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါ က ထိုပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရ မည်ဟု ပါရှိသည်။ 

ပုဒ်မ ၅၀၅-က ဖြင့် တိမ်းရှောင်နေရသည့် ၅၂၆၈ ဦးကို အမှုရုပ်သိမ်းပေးခဲ့သည်၊ နောက်ထပ် ၂၃၆၁ ဦး ကိုမူ ယင်းတို့တရားစွဲဆို ထောင်ချခံရသည့် ပုဒ်မ ၅၀၅−က ပါ ပြစ်ဒဏ်များကို လျှော့ပေါ့ကာ လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်သည်၊ ဟု စစ်ကော်မရှင်၏ ယင်းနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုစဉ်က နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ နိုင်ကျဉ်း ၆၀၀ ကျော် လွတ်လာသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်-မြန်မာ (PPNM) ၏ စာရင်းများအရ သိရသည်။ 

စစ်တပ်က ထိုသို့ နိုင်ငံရေးပုဒ်မများကို လွှတ်ပေးသည်ဟု ကြေညာခဲ့သော်လည်း ဟန်ပြသာဖြစ်ပြီး အများစုမှာ လွတ်မြောက်ခြင်း မရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောထားကြသည်။ 
တော်လှန်ရေးအင်အားစုဖြစ်သော ကရင်နီပြည်၏ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ယနေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းထောင် စခန်းအသီးသီးတွင် အကျဉ်းကျခံနေသူများ အနက် ၂၅ ဦး ကို လွှတ်ပေးခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ ၂၀၉ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေး ခဲ့ကြောင်း ကြေညာထားသည်။ 

ပြင်ဆင်ချက် –  မူရင်းသတင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ နာယက ဦးဝင်းထိန်လည်း မန္တလေးအိုးဘိုထောင်မှ ပြန်လွတ်ကြောင်း ထည့်သွင်းရေးသားခဲ့ပါသည်။ သို့သော်နောက်ဆက်တွဲသတင်းများအရ ဦးဝင်းထိန်ကို ဆက်လက်ဖမ်းဆီးထားကြောင်းသိရသဖြင့်  ၂၀၂၆ ဧပြီ ၁၈ တွင်ပြန်လည်တည်းဖြတ် ပြင်ဆင်ထားပါသည်။

စစ်တပ်၏ လွတ်ငြိမ်းကြေညာချက်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button