အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဏ္ဏားကျွန်းနှင့် မြောက်ဦးတွင်စစ်တပ်ဗုံးကြဲ ၁ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များသို့ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား ဒဏ်ရာရသွားပြီး သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရှိသွားသည်ဟု အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဧပြီလ ၁၉ ရက် )နံနက် ၁၀ နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက် ငါးမိုင်ခန့်အကွာ ရေဖြူကန်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့ရွာဟောင်းပိုင်းရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အားပေး မီးခွဲရုံတို့ကို တိုက်ခိုက်ရေး ရဟတ်ယာဉ်သုံးစီးဖြင့် ခုနစ်ကြိမ် ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် မီးခွဲရုံ မီးလောင်ကျွမ်းသွားခဲ့ပြီး ရွာဟောင်းပိုင်းရပ်ကွက်တွင် လူနေအိမ်ခြောက်လုံး ပျက်စီးပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု AA ကထုတ်ပြန်သည်။

အလားတူ မွန်းလွဲ ၁၂  နာရီတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာကို စစ်တပ်၏တိုက်ခိုက်ရေးရဟတ်ယာဉ်က  ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးသွားခဲ့သည်။

ထို့အပြင် နံနက် ၁၀ နာရီနှင့် နေ့လယ် (၁၂) နာရီခွဲအချိန်တို့တွင်လည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင် ကျေးရွာ၊ ကျောက်ဆည်ပြင် ဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရဟန်းသုံးပါးအပါအဝင် ဒေသခံ ၁၃ ဦးဒဏ်ရာရရှိသွားသည်။ ထို့အပြင်ဘုန်းကြီး ကျောင်း၊ သာသနိကအဆောက်အအုံများနှင့် ဘုန်းကြီးကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့သည်။

ထိုကျောက်ဆည်ပြင်ကျေးရွာသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မြိုလူမျိုးများနေထိုင်သော ရွာဖြစ်သည်။

လေယာဥ်ပျံလာသောအသံကိုမကြားလိုက်ရဘဲ ဗုံးချသံကိုသာကြားလိုက်ပြီးနောက် အလျင်အမြန် ပုန်းခိုနေလိုက်ရသည်ဟု မြောက်ဦးဒေသခံတစ်ဦးကပြော သည်။

“ဗုံးလာကြဲတဲ့အခါ ကျွန်တော်အိပ်နေပါတယ်။ လေယာဉ်သံလည်း သိပ်မကြားလိုက်ရပါ။ ချခဲ့ပြီးမှ ဗုံးကွဲတဲ့အခါမှ ရင်တွေတုန်၊ သိပ်ကြောက်ပြီးတော့ အိမ်အောက်ကိုဆင်းပြေးပြီး  ဗုံးကျင်းထဲ ဝင်ပုန်းလိုက်ရတယ်”ဟု ၎င်းကဆိုသည်။

ယခင်က လေကြောင်းကဗုံးကြဲလျှင် လေယာဥ်တစ်စီးသာဖြစ်သော်လည်း လက်ရှိတွင်လေယာဥ် သုံး၊             လေးစီး အုပ်စုဖွဲ့ဗုံးကြဲမှုကြောင့် လေကြောင်းအန္တရာယ်အလွန်ရှိကြောင်း ဒေသတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်နေသော စာရေးဆရာဝေဟင်အောင်က ပြောသည်။

“အဓိပ္ပာယ်က တစ်စီးတည်းပစ်တဲ့ဖျက်အားနဲ့  သုံး၊ လေးစီးပစ်တဲ့ဖျက်အားက မတူဘူး။ သုံး၊လေးစီးဆိုတော့ အပျက်အစီးပိုများတယ်။ ရှောင်ရ၊တိမ်းရလူတွေအတွက်လည်း ပိုပြီးခက်ခဲသွားတဲ့ သဘောဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ သိမ်းပိုက်ရန်ကျန်ရှိသောမြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။

လာမည့် ၂၀၂၇ ခုနှစ် မကုန်မီ ရခိုင်ပြည်နယ်ရှိ စစ်တပ်၏ လက်ကျန်စခန်းများကို သိမ်းပိုက်ပြီး စခန်းသိမ်းအောင်ပွဲခံမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော AA ထူထောင်သည့် ၁၇ နှစ်မြောက်နေ့တွင် ပြောဆိုထားသည်။

လက်ရှိတွင် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်များအတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button