အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုသည့် TNLA ကို တအာင်းအရပ်ဘက်အဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့များဝေဖန်

TNLA ၏သဘောထားသည် ၁၀၂၇ စစ်ဆင်ရေးကြေညာချက်ပါ အယူအဆနှင့် သွေဖည်ကွဲလွဲခြင်း ၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးကို ယုံကြည်ကာ အတူတိုက်ခဲ့သော နွေဦးတော်လှန်ရေးအင်အားစုများအပေါ် ရဲဘော်ရဲဘက်စိတ်မထားနိုင်ခြင်းဖြစ်ကြောင်း ၊ ယင်းအပေါ်တွင် စိတ်မကောင်းဖြစ်ရကြောင်း မကွေးဒေသတော်လှန်ရေး အင်အားစုများ ကွန်ရက်က ဆိုသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားအသွင်ပြောင်း စစ်အစိုးအရအား ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပို့သည့် တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) သည် စစ်အစိုးရဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုနှင့် အရပ်ဘက်အဖွဲ့ ၂၆ ဖွဲ့၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည်။

TNLA က ဦးမင်းအောင်လှိုင်သမ္မတ အဖြစ်အရွေးခံရပြီး အရပ်သားအစိုးရဖွဲ့လိုက်နိုင်ခြင်းကို ဂုဏ်ယူဝမ်းမြောက်သည်ဟု ဧပြီလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

စစ်တပ်နှင့် TNLA အကြားတရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဟိုဂင်သဘောတူညီချက်မှတစ်ဆင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ မှ တစ်ဆင့် အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးနိုင်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။

TNLA အနေနှင့် မြန်မာ့တပ်မတော်နှင့်အတူ သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရသစ်နှင့် အပစ်ရပ်ကတိကဝတ်များ ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာရှင်းရန် အထူးမျှော်လင့်ကြောင်း TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကြေညာသည်။

ထို့သို့ကြေညာချက်ထွက်ပြီးနော် တော်လှန်ရေးအဖွဲ့များက ဧပြီလ ၁၆ ရက်နှင့် ဧပြီလ ၁၇ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက်များ ဆက်တိုက်ထုတ်လာခြင်းဖြစ်သည်။

TNLA ကို မြန်မာနိုင်ငံဒေသအသီးသီးအခြေစိုက် တော်လှန်ရေးအဖွဲ့ ၂၆ ဖွဲ့က ၎င်းတို့ပူးပေါင်းဖွဲ့ထားသည့် ကွန်ရက်အဖွဲ့များမှ တစ်ဆင့် ပူးတွဲကြေညာချက်များ ထုတ်ခြင်းဖြစ်သည်။

တအာင်းအရပ်ဘက်အဖွဲ့ ၆ ဖွဲ့စုပေါင်းထားသည့် တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် TCSN ၊ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် အဖွဲ့ ၈ ဖွဲ့ ၊ CDM ဆရာ၊ဆရာမများဦးဆောင်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း TNLA စိုးမိုးရာ မိုင်းငေါ့မြို့အခြေစိုက် အခြေခံပညာအထက်တန်းကျောင်း – မိုင်းငေါ့ ၊အဖွဲ့ ၁၁ ဖွဲပါဝင်သည့် မကွေးဒေသတော်လှန်ရေးအင်အားစုများ ကွန်ရက်တို့က စုစုပေါင်းကြေညာချက် ၄ စောင် အသီးသီးထုတ်ပြန်သည်။

အခြေခံပညာအထက်တန်းကျောင်း- မိုင်းငေါ့က ရွေးကောက်ပွဲအတုမှ သမ္မတ ဖြစ်လာသည့် မင်းအောင်လှိုင်ကို လုံးဝ လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသည်။

ဦးမင်းအောင်လှိုင် သမ္မတ ဖြစ်လာသည့် အပေါ် ကြိုဆိုဂုဏ်ပြုသော အဖွဲ့အစည်းအားလုံးကို အထူး ကန့်ကွက်ကြောင်း ၊ စစ်အုပ်စုအပါအဝင် ၎င်းတို့နှင့် ပူးပေါင်းပါဝင်သူများကို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

TNLA စိုးမိုးထိန်းချုပ်ရာ တအာင်းဒေသအခြေစိုက် တအာင်းအရပ်ဘက်အဖွဲ့ ၆ ဖွဲပူးပေါင်းထားသော တအာင်းအရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက် (TCSN) ကလည်း အရပ်သားပြည်သူများကို နည်းမျိုးစုံဖြင့် သတ်ဖြတ်နေသည့် မင်းအောင်လှိုင်အား TNLA က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခြင်းသည် (TCSN) အပါအဝင် တအာင်းပြည်သူများ၏ နိုင်ငံရေးမျှော်မှန်းချက် ၊ ရပ်တည်ချက် နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း ပြောသည်။

ယခုကဲ့သို့ သဝဏ်လွှာပေးပို့ခြင်းသည် TNLA ၏ အခြေအနေအရ နိုင်ငံရေးရပ်တည်ချက်သာ ဖြစ်ပြီး TCSN အပါအဝင် ပြည်သူများ၏ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း TCSN က ထုတ်ပြန်ချက်တွင် ဆိုသည်။

TCSN က မျှော်မှန်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်သည်အထိ တော်လှန်ပြည်သူများနှင့် အတူ လက်တွဲသွားမည်ဟုဆိုသည်။ ထို့အပြင် TNLA ကို အချက် ၃ ချက် အကော်အထည်ဖော်ရန်လည်း တောင်းဆိုသည်။

ပထမအချက်မှာ TCSN က တအာင်းဒေသတွင် တာဝန်ထမ်းနေသည့် CDM များ ၊ တော်လှန်ရေးတွင် ကျဆုံးသွားသည့် ရဲဘော်များနှင့် ဒဏ်ရာရနေသည့် ရဲဘော်များအပါအဝင် ပြည်သူများ၏ မျက်နှာကို ထောက်ထားကာ တော်လှန်ရေး လမ်းကြောင်းတွင် မားမားမတ်မတ် ပြန်လည်ရပ်တည်ရန်ဖြစ်သည်။

ဒုတိယအချက်မှာ မင်းအောင်လှိုင်အဖွဲ့များနှင့် ပူးပေါင်းဆက်သွယ်ခြင်း ၊ ဂုဏ်ပြုခြင်းများ ချက်ခြင်း ရပ်တန့်ရန်ဖြစ်ပြီး တတိယမှာ ပြည်သူများနှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်၍ မတူကွဲပြားမှုများမှ ငြိမ်းချမ်းသည့် လူ့ဘောင်တည်ဆောက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

TCSN တွင် တအာင်းကျောင်သားနှင့် လူငယ်များအဖွဲ့ (TSYU) ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၊ တအာင်းဥပဒေအထောက်အကူပြုဖောင်ဒေးရှင်း (TLAF) ၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း (THO) ၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ (TEWG) နှင့် တအာင်းပညာရေးအင်စတီကျု (TEI) တို့ပါဝင်သည်။

မကွေးဒေသ တော်လှန်ရေး အင်အားစုများ ကွန်ရက်ကလည်း TNLA ၏ သဝဏ်လွှာအပေါ် စိတ်ပျက် ၊ အားမရ ဖြစ်ရကြောင်း ကြေညာချက်တွင် ပြောသည်။

သဝဏ်လွှာပါ သဘောတရားများသည် ၁၀၂၇ စစ်ဆင်ရေးကြေညာချက်ပါ အယူအဆနှင့် သွေဖည်ကွဲလွဲခြင်း ၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးကို ယုံကြည်ကာ အတူတိုက်ခဲ့သော နွေဦးတော်လှန်ရေးအင်အားစုများအပေါ် ရဲဘော်ရဲဘက်စိတ်မထားနိုင်ခြင်းဖြစ်ကြောင်း ၊ ယင်းအပေါ်တွင် စိတ်မကောင်းဖြစ်ရကြောင်း မကွေးဒေသတော်လှန်ရေး အင်အားစုများ ကွန်ရက်က ဆိုသည်။

မကွေးဒေသတော်လှန်ရေး အင်အားစုများ ကွန်ရက်အနေနှင့် တအာင်း/ပလောင် လူမျိုးစု လွတ်မြောက်ရေးကို အစဉ်အားပေးနေမည်ဟုဆိုပြီး TNLA တော်လှန်ရေးမှ မသွေဖည်ရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ပြောသည်။

မကွေးဒေသတော်လှန်ရေး အင်အားစုများ ကွန်ရက်တွင် (၁) လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (မကွေးဒေသခံဗမာလူမျိုးစု) ၊ (၂) မကွေးလူထု တိုက်ပွဲကော်မတီ ၊ (၃) လူမှုတရားမျှတရေး မဟာမိတ်အဖွဲ့ (မကွေး) ၊ (၄) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးအသင်း ၊ (၅) ဖက်ဒရယ် FM ၊ (၆) ပခုက္ကူလူထု တိုက်ပွဲကော်မတီ ၊ (၇) နွေဦးခရီးသည် ၊ (၈) မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၊ (၉) Tamar Institute of Development ၊ (၁၀) မကွေးတက္ကသိုလ် ဆရာများသမဂ္ဂ ၊ (၁၁) ရေစကြိုမြို့နယ် လူထု သပိတ်တိုက်ပွဲဦးဆောင် ကော်မတီ စသည့် အဖွဲ့ ၁၁ ဖွဲ့ပါဝင်သည်။

ကချင်၊ ကရင်နီ ၊ စစ်ကိုင်း ၊ ပဲခူး ၊ မန္တလေး ၊ မွန်ပြည်နယ် ၊ ရန်ကုန် ၊ ရှမ်းပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ် ၈ ခုကိုယ်စားပြု လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်သည့် ဝန်ထမ်းအင်အားစု ၈ ဖွဲ့ကလည်း မင်းအောင်လှိုင်ကို ကြိုဆိုသည့် အပေါ် စိတ်မကောင်းဖြစ်ရသလို သဘောမတူဘဲ ကန့်ကွက်ကြောင်း ပြောသည်။

TNLA အနေနှင့် တရုတ်ဖိအားကြောင့် နယ်မြေအချို့ စွန့်လွှတ်လိုက်ရခြင်းအပေါ် တော်လှန်ရေးအကျိုး မျှော်၍ နားလည်ပေးခဲ့သော်လည်း ယခုကဲ့သို့ ပြည်သူ့သွေးစွန်းနေသော မင်းအောင်လှိုင်ကို ကြိုဆိုခြင်းသည် တော်လှန်ပြည်သူများ၏ ယုံကြည်မှုများကို များစွာထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း တိုင်းနှင့် ပြည်နယ် ၈ ခုကိုယ်စားပြု CDM ဝန်ထမ်းအင်အားစု ၈ ဖွဲ့က ဆိုသည်။

TNLA အနေနှင့် မှားယွင်းသော လမ်းစဉ်ကို အမြန်ဆုံးပြန်လည်သုံးသပ်ကာ ပြည်သူ့ဆန္ဒနှင့်အညီ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တည့်မတ် ရပ်တည်ရန် လေးနက်စွာ တိုက်တွန်းကြောင်း တိုင်းနှင့် ပြည်နယ် ၈ ခုကိုယ်စားပြု CDM ဝန်ထမ်းအင်အားစု ၈ ဖွဲ့က ကြေညာချက်တွင်ပြောသည်။

TNLA ၏ ထုတ်ပြန်ချက်နှင့် ပိုမိုသိရှိနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအပါအဝင် TNLA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ထံ Myanmar Now က အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပေ။

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုကမူ TNLA သည် ပြည်ပ တရုတ်နိုင်ငံ၏ ဖိအားအပါအဝင် ဒေသတွင်း မတည်ငြိမ်မှု အကြပ်အတည်းများကြောင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်နိုင်ကြောင်း Myanmar Now ကိုပြောသည်။

“အဓိကတော့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ PSLF/TNLA အတွက် အကြပ်အတည်းတွေအများကြီးပေါ့။ လူအင်အား ၊ လက်နက်အင်အား ဘတ်ဂျက်အင်အားအခက်အခဲတွေအများကြီးရှိတယ်။ စိန်ခေါ်မှုနဲ့ ပြည်ပဖိအား ၂ ခုပေါင်းစပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ ဒီလိုထုတ်ပြန်ကြေညာချက်ကို ရောက်သွားစေတယ်လို့ အဓိက ကျွန်တော်တို့မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

TNLA ၏ စစ်အစိုးရကို ကြိုဆိုကြောင်း သဝဏ်လွှာပါဖော်ပြချက်အရ TNLA သည် စစ်တိုက်ရေးထက် ဆွေးနွေးရေးလမ်းကြောင်းပေါ် ဦးတည်နေသည့် သဘောဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများအတွက် အားလျော့မှုဖြစ်စေကြောင်း ကိုကျော်ကိုကိုက ပြောသည်။

“လက်တွေ့ကျကျသုံးသပ်မယ်ဆိုရင် အခုလောလောဆယ်မှာ TNLA က တော်လှန်ရေးအပေါ် အထောက်အကူပြုမှုအပိုင်းမှာ အားနည်းသွားတာတွေဖြစ်လာနိုင်တယ်။ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ဆီကို တက်သွားတယ်။ Dialogue Frame Work ကိုတက်သွားတာ၊ အဲဒီဘောင်ထဲကို ဝင်သွားတာဖြစ်လို့ ဒီဘက်ဒေသမှာ တိုက်ပွဲတွေဖြစ်ချင်မှဖြစ်တော့မယ်။ တော်လှန်ရေးတစ်စုံလုံးအတွက်က အားလျော့သွားတာတော့‌သေချာပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် တိုင်းရင်းသားအရေးလေ့လာသူ မြန်မာသုတေသီတစ်ဦးကမူ တရုတ်ဖိအား ကြုံရသည့် ကိုးကန့်အဖွဲ့ MNDAA သည်ပင် စစ်အစိုးရကိုကြိုဆိုကြောင်း မကြေညာသေးသော်လည်း TNLA က ယခုကဲ့သို့ ကြေညာလာသည်မှာ ထူးခြားကြောင်း ဆိုသည်။

“တရုတ်ဖိအားပေးခံခဲ့ရတဲ့ ကိုးကန့်က အခုထက်ထိ ဘာစာမှမထုတ်ဘဲ သူတစ်ဖွဲ့တည်း ထ ထုတ်ရတာက သူ့ရဲ့အားနည်းချက်ကြောင့်ဖြစ်တယ်။  ကိုးကန့်လည်းမထုတ်ဘူး။ KIA လည်းမထုတ်ဘူး။ တရုတ်နယ်စပ်မှာ အရှည်ကြီးကပ်နေတာပဲ” ဟု တိုင်းရင်းသားအရေးလေ့လာသူ မြန်မာသုတေသီ အမျိုးသားတစ်ဦးက ပြောသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများအား အနစ်နာခံကူညီခဲ့သော်လည်း စစ်ရေးအောင်မြင်ပြီးနောက် မြို့များသိမ်းနိုင်သည့်အခါ မဟာမိတ်တော်လှန်ရေးတပ်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) အပါအဝင် ကိုးကန့်အဖွဲ့ (MNDAA) တို့နှင့် နယ်မြေအငြင်းပွားသည့် ပြဿနာများ ဖြစ်လာခဲ့သည်။

အဆိုပါ ပြဿနာများကို ဖြေရှင်းရာတွင် အင်အားသုံးဖြေရှင်းမှုများကြောင့် မဟာမိတ်များနှင့် ဆက်ဆံရေး ကြဲခဲ့ရသလို ယခုအခါ စစ်တပ်ကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်ထုတ်လာသည်မှာလည်း နိုင်ငံရေးအရ အမှားတစ်ခုထပ်လုပ်လာခြင်းဖြစ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ မြန်မာသုတေသီတစ်ဦးက ပြောသည်။

“နိုင်ငံရေးအရ ဦးကျိုးတယ်ဆိုတာက နိုင်ငံရေးအရ အမှားလုပ်မိတဲ့အခါ နာလန်မထူနိုင်ဖြစ်တာပေါ့။ အခုကိုပဲ တားဘုန်းကျော်တို့ထွက်ပြီး ဘာမှမပြောရဲတော့ဘူးလေ။ အဲဒါနိုင်ငံရေးဦးကျိုးသွားလို့ပေါ့။ အဓိက TNLA ဆီက ရတဲ့သင်ခန်းစာက အပင်ပန်းအဆင်းရဲခံလုပ်တာကောင်းပေမယ့် အောင်မြင်မှုရတဲ့အခါ အောက်ခြေမလွတ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံရေး မဟာမိတ်များနှင့် မိတ်ဖက်ပဋိပက္ခများဖြစ်ရာတွင်လည်း အင်အားသုံးဖြေရှင်းမှုမလုပ်သင့်ဘဲ ပြေလည်ရန် ညှိနှိုင်းဖြေရှင်းသင့်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ မြန်မာသုတေသီတစ်ဦးက ဆိုသည်။

“သူ့ဘက် ကိုယ့်ဘက် လွန်တာတွေရှိရင်တောင် အင်အားကောင်းတဲ့အချိန်မှာ လက်နက်ဖြုတ်တာတို့ဘာတို့ လျှောက်လုပ်တာက နောက်ဆုံးမှာ ကိုယ့်အမှားပြန်ဖြစ်တာပေါ့။ အခုမင်းအောင်လှိုင်ကို သွားဖားတဲ့အခါကျတော့ တအာင်းလူထုကပါ သူ့ကို မကြိုက်ဘူးဖြစ်ကုန်တာပေါ့။ နိုင်ငံရေးဦးကျိုးတယ်ဆိုတာ နိုင်ငံရေး သိက္ခာကျတာပေါ့” ဟု ၎င်းက ပြောသည်။

သို့သော် TNLA အပေါ် ဝေဖန်မှုများသည် တော်လှန်ရေးလမ်းကြောင်းပေါ် ပြန်လာရန် အပြုသဘော ဝေဖန်မှုများသာဖြစ်သင့်ပြီး ပြင်းထန်သည့် ဝေဖန်မှုများကြောင့် စစ်တပ်နှင့် လုံးဝပူးပေါင်းသွားရသည်အထိ မဖြစ်စေရန် တော်လှန်ရေးအင်အားစုများဘက်ကလည်း သတိထားသင့်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူ မြန်မာသုတေသီတစ်ဦးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button