အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တရုတ်ဖိအား၊ TNLA အရွေ့နဲ့ တော်လှန်ရေး လားရာ

နယ်စပ်အဖွဲ့တွေကို ဗိုလ်မင်းအောင်လှိုင်ရဲ့ ဝတ်စုံပြောင်း အာဏာအသက်ဆက်ရေး လမ်းကြောင်းနောက် လိုက်ခိုင်းနေတဲ့ တရုတ်အစိုးရကို တုံ့ပြန်သင့်တဲ့နည်းလမ်းအကြောင်း ဆောင်းပါးရှင်က ဆွေးနွေးထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဗိုလ်မင်းအောင်လှိုင်ရဲ့ သမ္မတလမ်းကြောင်းကို လက်ခံတဲ့သဘော ဂုဏ်ပြုသဝဏ်လွှာပို့လိုက်ချိန်မှာ တအာင်းလူမှုအသိုင်းအဝိုင်းတွေ အပါအဝင် ဒီမိုကရေစီအင်အားစုတွေကြား တုံ့ပြန်မှုတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက လေကြောင်းတိုက်ခိုက်မှု၊ ရွာမီးရှို့မှု၊ ဖမ်းဆီးညှဉ်းပန်းမှုနဲ့ သတ်ဖြတ်မှုတွေကို ငါးနှစ်နီးပါး ခါးစည်းခံလာခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒီစာက သစ္စာဖောက်ခံရမှုတစ်ခုလို ခံစားစေပါတယ်။ နွေဦးတော်လှန်ရေးဘက်က လူအများအတွက်တော့ TNLA ဟာ တချိန်က စစ်မျက်နှာပြင်ကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိက ပါဝင်သူ မဟာမိတ်ဖြစ်ခဲ့တယ်။ အဲဒီကာလအတွင်း မြေပြန့်နဲ့ မြို့ပေါ်က မြန်မာလူငယ်အများအပြားကလည်း TNLA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ လက်တွဲတိုက်ရင်း အသက်ပေးဆပ်ခဲ့ကြတာ ဖြစ်လို့ ဒီသဝဏ်လွှာဟာ နာကြည်းစရာကောင်းတာ သဘာဝကျပါတယ်။

ဒီအမျက်ဒေါသကို နားလည်လို့ရပါတယ်။ ဒါပေမဲ့ ဒေါသသက်သက်နဲ့ TNLA ဘာကြောင့် ဒီလိုအရွေ့ကို ရွှေ့သွားသလဲဆိုတာကို ရှင်းမရနိုင်သလို မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘာလုပ်သင့်သလဲဆိုတဲ့ ပိုကြီးတဲ့မေးခွန်းအတွက်လည်း အဖြေမရှာနိုင်ပါဘူး။

တရုတ်၏ ဖိအားနဲ့ အကျပ်အတည်း

TNLA ရဲ့ ဒီအရွေ့ကို ဖြစ်စေတဲ့ အထင်ရှားဆုံး အကြောင်းရင်းက တရုတ်ရဲ့ ဖိအားဆိုတာကို အရင်ဦးဆုံး နားလည်ဖို့လိုပါတယ်။ တရုတ်အစိုးရက မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ပွဲရပ်ဖို့၊ နယ်စပ်တည်ငြိမ်အောင်လုပ်ဖို့၊ တရုတ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုပြီး ဖိအားပေးလာတာ နှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ပိတ်တာ၊ လောင်စာဆီကန့်သတ်တာ၊ အင်တာနက်ဖြတ်တောက်တာ၊ ကုန်သွယ်ရေးဖိအားပေးတာလို အရာတွေက ဒီအဖွဲ့တွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဒီလို အိမ်နီးချင်းစူပါပါဝါတနိုင်ငံက နယ်စပ်ကို ဖိအားပေးလာရင် နယ်စပ်မှာ ရှင်သန်နေရတဲ့ အဖွဲ့တွေက ချက်ချင်းခံရတတ်ပါတယ်။

တဖက်မှာလည်း TNLA ရဲ့ လက်ရှိအရွေ့ကို တရုတ်ဖိအားတစ်ခုတည်းလို့လည်း ရှုမြင်နားလည်လို့ မရပါဘူး။ ဒါဟာ တော်လှန်ရေးနဲ့ ပြည်တွင်းစစ်မှာ မကြာခဏတွေ့ရတဲ့ လက်တွေ့နိုင်ငံရေးနဲ့ စစ်ရေး ယုတ္တိဗေဒကျကျ တွက်ချက်မှုလည်း ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲတိုက်ပွဲတွေကနေရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် TNLA ရဲ့ စိန်ခေါ်မှုက နယ်မြေယူဖို့မဟုတ်တော့ဘဲ နယ်မြေကို ဘယ်လိုထိန်းမလဲ၊ ဘယ်လိုအုပ်ချုပ်မလဲ ဆိုတာ ဖြစ်လာပါတယ်။ မြို့တွေကို စီမံခန့်ခွဲရမယ်၊ ကုန်သွယ်ရေးကို ထိန်းရမယ်၊ ဝင်ငွေကောက်ခံရမယ်၊ ကိုယ့်ထိန်းချုပ်မှုအောက်က အရပ်သားတွေကို ကာကွယ်ရမယ်။

အထူးသဖြင့် စစ်ကောင်စီမှာ ကျန်ရှိနေသေးတဲ့ အကြီးမားဆုံး စစ်ရေးအားသာချက်ဖြစ်တဲ့ လေတပ်ကို မဖြစ်မနေ တွက်ချက်ရပါတယ်။ ဗိုလ်မင်းအောင်လှိုင်က ယူနီဖောင်းချွတ်ပြီး သမ္မတဝတ်စုံဝတ်ထားပေမယ့် ဗုံးကြဲတာတွေက ရပ်မသွားဘူး။ သင်္ကြန်တွင်းလို အခါကြီးရက်ကြီးတောင် ရှောင်နေတာ မဟုတ်ဘူး။ ဒါကြောင့် နယ်မြေကို ထိန်းထားရတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အတွက်မဆို လေကြောင်းအန္တရာယ်ဆိုတာ သီအိုရီမဟုတ်ဘဲ နေ့စဉ်တွက်ချက်ရတဲ့ လက်တွေ့ပြဿနာပါပဲ။

TNLA ရင်ဆိုင်နေရတဲ့ နောက်ထပ်ပြဿနာတစ်ခုက သူတို့ ပိုပြီး အထီးကျန်လာနေတာပါ။ ၂၀၂၆ မတ်လမှာ MNDAA ကိုးကန့်တပ်က တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ ကွတ်ခိုင်မြို့ကို နယ်မြေအငြင်းပွားမှုအပြီး သိမ်းပိုက်လိုက်ချိန်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေကြား အကြီးဆုံးအက်ကြောင်းကို မြင်လိုက်ရတယ်။ ရက်အနည်းငယ်ကြာ တိုက်ခိုက်မှုနဲ့ ညှိနှိုင်းမှုတွေ အပြီးမှာ TNLA က ကွတ်ခိုင်ကို လက်လွှတ်ပေးလိုက်ရတယ်။ တရုတ်လို အင်အားကြီး အိမ်နီးချင်းတနိုင်ငံ၊ လက်စားချေလိုတဲ့ ရန်သူစစ်တပ်အပြင် အက်ကွဲလာတဲ့ မဟာမိတ်ဆက်ဆံရေးကြားမှာ TNLA ဟာ အတော်ဘေးကျပ်နံကျပ် ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီအခြေအနေမှာ TNLA ရဲ့ ဗိုလ်မင်းအောင်လှိုင်ဆီ စာပို့မှုဟာ သစ္စာခံသွားတယ်လို့ မှတ်ယူတာထက် လက်တွေ့ကျကျ အသက်ရှူပေါက်ရှာတဲ့အရွေ့တစ်ခုလို့ မြင်တာက ပိုနီးစပ်ပါတယ်။

တရားဝင်မှု ရှာပုံတော်နဲ့ တရုတ်ရဲ့ အခန်းကဏ္ဍ

TNLA အပါအဝင် နယ်စပ်အဖွဲ့တွေကို ဒီလိုဖိအားပေးလာတဲ့ တရုတ်ရဲ့အခန်းကဏ္ဍက နယ်စပ်မှာတင် ရပ်မနေပါဘူး။ အခုဆိုရင် ဗိုလ်မင်းအောင်လှိုင်ရဲ့ အရပ်ဝတ်လမ်းကြောင်းကို တရားဝင်ပုံဖော်ပေးတဲ့ဘက်ဆီပါ ရွေ့လာနေပါတယ်။ 

ကပ်လျက် နှစ်တွေရဲ့ တရုတ် အနေအထားကို ပြန်ကြည့်ရင် ၂၀၂၄ နိုဝင်ဘာမှာ အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်မင်းအောင်လှိုင်ကို တရုတ်နိုင်ငံမှာ ဖိတ်ပြီး နိုင်ငံရေး အပြောင်းအလဲ လုပ်ဖို့ အားပေးကြောင်း ပြသလာပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ နောက်ဆက်တွဲ တရုတ်ရဲ့ မျက်နှာမူမှုက ၂၀၂၁ နောက်ပိုင်း နယ်မြေဆုံးရှုံးမှုများကြောင့် အရှိုက်ထိနေတဲ့ စစ်တပ်ကို အသက်ရှူခွင့်ပြန်ပေးသလို ဖြစ်ခဲ့တယ်။ တချိန်တည်းမှာပဲ ဒါဟာ ​ကျားဖြန့်နှိမ်နှင်းရေး ခေါင်းစဉ်အောက်မှာ မြောက်ပိုင်းအဖွဲ့တွေကို ဖိအားလည်းပေး၊ လိုအပ်သလို လွတ်လပ်ခွင့်လည်းပေးခဲ့တဲ့ တရုတ်ရဲ့ လုပ်ရပ်ကြောင့် အရှိုက်ထိနေတဲ့ ဗိုလ်မင်းအောင်လှိုင်ကို ပြန်ပြီး နှာနှပ်ပေးတာလည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ သမိုင်းအစဉ်အလာနဲ့ ယှဉ်တဲ့ ရပ်တည်ချက် အတိုင်း စီးပွားအခွင့်အလမ်းနဲ့ အပေါ်ယံ တည်ငြိမ်မှုကို ပေးနိုင်ပြီး သူ့သြဇာတည်မယ့် ဗဟိုအစိုးရနေရာမှာ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံ ရှိတဲ့ အစိုးရကိုပဲ ထားချင်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတုအယောင်ရွေးကောက်ပွဲအပြီး ဗိုလ်မင်းအောင်လှိုင် သမ္မတဖြစ်လာချိန်မှာ တရုတ်က အလျင်အမြန်ပဲ ဂုဏ်ပြုပြီး ထောက်ခံကြောင်း ပြောခဲ့တယ်။ တရုတ်ရဲ့ အဓိက မဟာမိတ်လို့ တွေ့မြင်ကြတဲ့ UWSA ‘ဝ’ အဖွဲ့ကလည်း ပထမဆုံး ဂုဏ်ပြုသဝဏ်လွှာပို့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်လာတယ်။ နောက်ပိုင်းမှာ NDAA မိုင်းလားအဖွဲ့နဲ့ TNLA တအာင်းတို့လည်း လိုက်လာကြတယ်။ အိမ်နီးချင်း ထိုင်းဘက်ကလည်း ဝန်ကြီးအဆင့် မဟုတ်ပေမယ့် အထူးကိုယ်စားလှယ်တဦးကို နေပြည်တော် သမ္မတကျမ်းသစ္စာဆိုတဲ့ အခမ်းအနားဆီ ပို့ပြီး ဂုဏ်ပြုစကားပါးခဲ့တယ်။ ဒါပေမဲ့ ဒီဟာကို ကျယ်ပြန့်တဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုအစလို့တော့ မပြောနိုင်သေးပါဘူး။ 

အဲဒီလို တရားဝင်မှု ရဖို့ ဗိုလ်မင်းအောင်လှိုင်ဟာ အသည်းအသန် လုပ်နေရဆဲပါ။ သမ္မတအဖြစ် မိန့်ခွန်းပြောချိန်မှာ သူက အာဆီယံနဲ့ ဆက်ဆံရေးကို “ပုံမှန်ပြန်ဖြစ်စေချင်တယ်” လို့ ပြောခဲ့ရတာကိုက သူ့ရဲ့ သံတမန်ရေး အထီးကျန်နေမှုနဲ့ နိုင်ငံရေး မအောင်မြင်မှုကို ကိုယ်တိုင် ဝန်ခံခဲ့ရတာပါ။ ကုလသမဂ္ဂဘက်မှာလည်း မြန်မာကို ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကပဲ ကိုယ်စားပြုနေဆဲ ဖြစ်တယ်။

တဖက်မှာလည်း ဒီမိုကရေစီအင်အားစုတွေဟာ စစ်တပ်ရဲ့ လော်ဘီလုပ်နိုင်စွမ်း အင်အားကိုတော့ လျှော့တွက်လို့ မရပါဘူး။ သမိုင်းကို ပြန်ကြည့်ရင် ဒေသတွင်းနဲ့ အိမ်နီးချင်း အာဆီယံမှာ အမြဲလိုလို ရှေ့တန်းတင်တဲ့ မူတစ်ခုရှိပါတယ်။ အဲဒါက နေပြည်တော်မှာ ဘယ်သူထိုင်နေသလဲ၊ အဲဒီသူနဲ့ပဲ အလုပ်လုပ်မယ်ဆိုတဲ့ လက်တွေ့ကျကျ သဘောထားပါ။ အရင် စစ်အာဏာရှင်ခေတ်တွေတုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်။ မျက်မှောက်ခေတ်မှာလည်း တည်ငြိမ်ရေး၊ စီးပွားရေး၊ လုပ်ပိုင်ခွင့်ကို မူ (principle) ထက် ပိုအရေးပေးတဲ့ နိုင်ငံတချို့အတွက် ဒီသဘောထားက ပြန်ပေါ်လာနိုင်တယ်။ ဗိုလ်မင်းအောင်လှိုင်ကလည်း သူ့ရွေးကောက်ပွဲနဲ့ သမ္မတ လမ်းကြောင်းမှာ ဘယ်လောက်ပဲ အားနည်းချက်ရှိရှိ နေပြည်တော်မှာ ထိုင်နေတာ သူပဲ ဖြစ်တဲ့အတွက် ဒေသတွင်းကို သူနဲ့အလုပ်လုပ်ရမယ်လို့ ဆက်ပြီး လိုက်ပြောနေဦးမှာပါ။ ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေဘက်ကလည်း အထူးသဖြင့် အာဆီယံနိုင်ငံတွေကို ပိုထိရောက်အောင်၊ တစိုက်မတ်မတ် ချဉ်းကပ်ဖို့ လိုပါတယ်။ 

တရုတ်ရဲ့ သက်ရောက်မှု

ဒီအနေအထားမှာ တရုတ်က သံတမန်ရေး ကာကွယ်ပေးမှု အပြင် ဖိအားတွေနဲ့ “ပုံမှန်ပြန်ဖြစ်နေတယ်” ဆိုတဲ့ အပေါ်ယံပုံရိပ်ကို ကူညီဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ တရားဝင်မှု ကိုတော့ တရုတ်တနိုင်ငံတည်းနဲ့ ဖန်တီးမပေးနိုင်ပါဘူး။ ဒီအခြေအနေတစ်ခုလုံးက တရုတ် ကမကထလုပ်တဲ့ မြန်မာပြည် တည်ငြိမ် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဘာကြောင့် ရေရှည်မခံသလဲဆိုတာကိုပဲ ပြန်ဖော်ပြနေပါတယ်။

တရုတ်က ဆွေးနွေးပွဲတွေခေါ်နိုင်တယ်။ အထူးသဖြင့် သူ့အကျိုးစီးပွားရှိတဲ့ နေရာတွေမှာ တိုက်ပွဲတွေကို ခဏရပ်ခိုင်းနိုင်တယ်။  ဒါပေမဲ့ မြန်မာပဋိပက္ခရဲ့ အဓိကနိုင်ငံရေးမေးခွန်းတွေကိုတော့ သူမထိပါဘူး။ အာဏာကို ဘယ်သူကိုင်မလဲ၊ အဲဒီအာဏာကို ဘယ်လိုမျှဝေမလဲ၊ တိုင်းရင်းသားလူမျိုးစုတွေ တကယ်အဓိပ္ပာယ်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမလား၊ စစ်တပ်က အရပ်ဘက်အစိုးရ စစ်စစ်ရဲ့ အာဏာကန့်သတ်ချက်ကို လက်ခံမလားဆိုတဲ့ မေးခွန်းတွေက မြန်မာ့နိုင်ငံရေးမှာ ရာစုနှစ်ဝက်ကျော် စစ်ရေး အရှိန်တိုးစေတဲ့ မေးခွန်းတွေပါ။  

အဲဒါကြောင့် “Made in China” တရုတ်လုပ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ သမ္မတလမ်းကြောင်းဟာ ရေရှည်မှာ မခံနိုင်ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေအတွက်ပဲ အလုပ်မဖြစ်တာ မဟုတ်ဘူး၊ တရုတ်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ပါ နောက်ဆုံးမှာ အာမခံချက်မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ တရားမျှတမှုနဲ့ ယုံကြည်မှုအပေါ် မတည်ဆောက်ထားဘဲ လတ်တလော လွယ်လွယ်ကူကူ ရလဒ်ထွက်ရေး၊ အကျိုးအမြတ်နဲ့ သြဇာတည်ရေး အပေါ်မှာပဲ တည်ဆောက်ထားတာ ဖြစ်လို့ပါ။

တော်လှန်ရေးအတွက် သင်ခန်းစာ

နွေဦးတော်လှန်ရေးအတွက်တော့ ဒီကနေ သင်ခန်းစာယူရပါမယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ TNLA ရဲ့ လုပ်ရပ်အပေါ် အွန်လိုင်းမှာ စကားလုံးစစ်ပွဲ ဆင်နွှဲနေမယ့်အစား ဗျူဟာမြောက်တဲ့ နိုင်ငံရေးရင့်ကျက်မှုကို ပြသဖို့ လိုပါတယ်။ မဟာမိတ်အချင်းချင်း အရှက်ခွဲခြင်းဟာ ရန်သူကိုသာ အားရှိစေပါလိမ့်မယ်။ ဒါဟာ လူမှုကွန်ရက်မှာ အာသာဖြေ တစ်ရက်တာအငြင်းပွားမှုကို နိုင်နိုင်ပေမယ့် အနာဂတ်နိုင်ငံရေးကို မတည်ဆောက်နိုင်ပါဘူး။ စစ်အာဏာရှင်တွေထက် ကြာရှည်ခံချင်ရင် တော်လှန်ရေးအင်အားစုတွေမှာ စည်းကမ်းရှိဖို့ပိုလိုတယ်။ စွပ်စွဲရှုတ်ချမှုတွေထက် ဗျူဟာမြောက် ဆွေးနွေးမှုတွေ ပိုလိုပါတယ်။ 

ဒါကြောင့် အခုလို ယုံကြည်မှုတွေ ကျဆင်းနေတဲ့ အချိန်မျိုးမှာတောင် နိုင်ငံရေး အရ စကားပြောဆိုမှု ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ထားဖို့ လိုတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ​ (NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က မဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လုပ်နေဖို့လိုတယ်။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်လောက်ပဲ စိတ်ပျက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ချတတ်၊ သူတို့ရဲ့ တွက်ချက်မှုမှာ နယ်မြေ၊ လူထု၊ အရင်းအမြစ်နဲ့ အသက်ရှင်ရပ်တည်ရေးဆိုတဲ့ အချက်တွေ ပါနေတယ်ဆိုတာကို နားလည်ဖို့ လိုတယ်။ 

တရုတ်မူဝါဒ အရေးကြီးလာ

တချိန်တည်းမှာပဲ တရုတ်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းကိုလည်း ရင်ဆိုင်ရပါမယ်။ ဒါဟာ တရုတ်မုန်းတီးရေး လုပ်ဖို့ မဟုတ်ဘူး။ တရုတ်နီးစပ်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို စိတ်ခံစားချက်နဲ့ ပြစ်တင်ရှုတ်ချဖို့ မဟုတ်ဘူး။ လက်တွေ့နိုင်ငံရေးကို နားလည်ပြီး တရုတ်ရဲ့ အကျိုးစီးပွား၊ တရုတ်ရဲ့ စိုးရိမ်ချက်၊ မြေပြင်စစ်ရေး အားသာချက်နဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို ပိုမိုဗျူဟာမြောက်အောင် ထုတ်လွှင့်နိုင်ဖို့ လိုတာ ဖြစ်ပါတယ်။

သမိုင်းသင်ခန်းစာလည်း ရှိပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လောက်ရင်းနှီးတဲ့ မဟာမိတ်မျိုးကိုမဆို လွှတ်ချရဲပါတယ်။ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းမှာ တရုတ်မူဝါဒအပြောင်းအလဲကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ အင်အားချိနဲ့ခဲ့ရတဲ့ အတွေ့အကြုံကို မမေ့သင့်ပါဘူး။ ပထဝီနိုင်ငံရေးအရလည်း မြန်မာအတွက် တရုတ်ရဲ့ အရေးပါမှုက အမေရိကန်ထက် ပိုတိုက်ရိုက်ကျပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံထဲက စစ်ပွဲတွေကို ပိုမိုပြင်းထန်စေဖို့လည်း စွမ်းနိုင်တယ်၊ ခဏရပ်သွားအောင်လည်း လုပ်နိုင်တယ်၊ တော်လှန်ရေးကြီးတစ်ခုလုံးရဲ့ အလားအလာနဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ဝတ်စုံပြောင်း သမ္မတလမ်းကြောင်းကိုလည်း သက်ရောက်နိုင်ပါတယ်။

မြန်မာ့အနာဂတ် အဆုံးအဖြတ်

ပြန်ချုပ်ရရင် ဒီအချိန်ဟာ အချင်းချင်း အငြင်းပွားနေရမယ့်အချိန် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျနေရမယ့်အချိန် မဟုတ်ဘူး။ နိုင်ငံရေးအရ ပိုရင့်ကျက်ဖို့၊ ပိုပြင်ဆင်ထားဖို့၊ ပိုခိုင်ခိုင်မာမာ ဆက်ရပ်တည်ဖို့လိုတဲ့ အချိန်ပါပဲ။ အရေးကြီးဆုံးကတော့ မြန်မာ့အနာဂတ်ကို ပြည်ပနဲ့ နယ်စပ်မှာ မဟုတ်ဘဲ ပြည်တွင်းမှာ ဆုံးဖြတ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တရုတ်ရဲ့ တိုက်ရိုက်ဩဇာအောက် ရှိမနေတဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးလို မြန်မာပြည်ရဲ့ အသည်းနှလုံးနေရာက တော်လှန်ရေး အင်အားစုတွေကို ပိုမိုအားကောင်းအောင် တည်ဆောက်ခြင်းကသာ လက်ရှိအခြေအနေကို အကောင်းဆုံး တုံ့ပြန်မှု ဖြစ်ပါလိမ့်မယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button