အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးတိုင်း ဒေသအခြေစိုက်အဖွဲ့ ၂၀ ကျော် ယူနစ်အစိုးရနှင့်လက်တွဲတိုက်ပွဲဝင်မည် 

မကွေးတိုင်း ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူစသည့် ပခုက္ကူခရိုင်အတွင်းမှ အင်အား ၄၀၀ နီးပါးရှိသည့် ဒေသကာကွယ်ရေး တပ်များသည် မကွေးယူနစ်အစိုးရအောက် အမိန့်နာခံပြီး တိုက်ပွဲဝင်သွားမည်ဟု ကြေညာခဲ့ကြသည်။

မကွေးတိုင်း အခြေစိုက် ဒေသကာကွယ်ရေး ၂၁ ဖွဲ့သည် မကွေးယူနစ်အစိုးရအောက် အမိန့်နာခံပြီး                   တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီလ ၁၈ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။ 

ကုန်းတွင်းရေနံလုပ်ကွက်များရှိရာ ပေါက်၊ မြိုင် မြို့နယ်များ၌ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် မတ်လကုန်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် စီးနင်းဝင်ရောက်ခဲ့ပြီးနောက် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအပါအဝင်တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးတင်းမာခဲ့သည်။ 

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်ကြား သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်နေကြချိန်တွင် ပခုက္ကူခရိုင်အတွင်းရှိ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ၏ သဘောထား ထုတ်ပြန်လာခြင်းဖြစ်သည်။ 

“ကျွန်တော်တို့က လိုကယ် (ဒေသတွင်းအဖွဲ့တွေ) အနေနဲ့ ရပ်တည်မနေတော့ဘဲနဲ့ ယူနစ် အစိုးရအောက်က စီအိုစီ (Chain of Command) နဲ့ပဲသွားဖို့ လိုကယ်တွေပေါင်းပြီးဆုံးဖြတ်လိုက်တာပေါ့” ဟု ထိုအဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည့် Earthquake People’s Defence Force မှ ရုံးအဖွဲ့မှူး ကိုဆက်ကြီးက ပြောသည်။

ပခုက္ကူခရိုင်တွင် လှုပ်ရှားသည့် ထိုအဖွဲ့သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်း၍ မြစ်ခြေမြို့ ဘီပီအိုင် စခန်းတိုက်ပွဲ၊ ကိုင်းတောမတိုက်ပွဲ အပါအဝင် ဒေသတွင်းစစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။ 

ယခုထုတ်ပြန်လိုက်သည့် အဖွဲ့ ၂၀ ကျော်မှာ ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူစသည့် ပခုက္ကူခရိုင်အတွင်းရှိ ဒေသကာကွယ်ရေး အဖွဲ့များဖြစ်ပြီး တစ်ဖွဲ့လျှင် စုဖွဲ့မှုအင်အား ၂၀ မှ ၁၀၀ ဝန်းကျင်စသည်ဖြင့် တပ်အလိုက်မတူညီသည့် စုဖွဲ့မှုများရှိပြီး စုစုပေါင်း အင်အား ၄၀၀ ခန့် ရှိကြောင်း သိရသည်။ 

“ အဓိကတော့ စစ်ရေးရှေ့ဆက်တိုးနိုင်မယ်လို့ထင်တာပေါ့။ အရင်ကဆိုရင် တကွဲတပြားစီဖြစ်နေရာ ကနေ အခုလိုတစ်ပေါင်းတစ်စည်းတည်းနဲ့ဆိုရင်ပိုပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ မြန်နိုင်တယ်။ ခဲယမ်းကိစ္စတွေလည်း အရင်ကထက်တော့ပိုပြီးအဆင်ပြေနိုင်မယ်ထင်ပါတယ်”ဟု ကိုဆက်ကြီး ကပြောသည်။ 

မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ပါ်ပေါက်လာသည့်အပေါ် ကြိုဆိုကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့များအား မကွေးယူနစ်အစိုးရလမ်းညွှန်မှုအောက်တွင် သန္ဓေအထိုင်တပ်များအဖြစ် အမြန်အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ဒေသတွင်းအခြေစိုက်အဖွဲ့များက ထုတ်ပြန်သည်။ 

မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို ၂၀၂၅  နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းပြီး ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးအပါအဝင် ဝန်ကြီးများ၊ ရှေ့နေချုပ်အပါအဝင် အစိုးရ အဖွဲ့ဝင် ကိုးဦးကို အတည်ပြုခန့်အပ်ထားပြီးဖြစ်သည်။ 

ကြားကာလအစီအမံဆိုင်ရာ ဥပဒေအရ  မကွေးယူနစ်တပ်ဖွဲ့စည်းရန်အတွက် ဥပဒေတရပ်ကို လွှတ်တော်က အတည်ပြုရန် လိုအပ်ကြောင်း မကွေးယူနစ် ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင် ကပြောသည်။ 

“ ယူနစ်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ယူနစ်လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရမယ် ဆိုတာရှိတယ်။ အဲ့ဒါက ကျွန်တော်တို့သိသလောက်တော့ ဥပဒေကြမ်းကရှိနေပြီ။ အဲ့ဒီဥပဒေကိုအတည် ပြုပြဋ္ဌာန်း ပေးဖို့လွှတ်တော်ဘက်က လုပ်ရလိမ့်မယ်”ဟု ၎င်းကဆိုသည်။ 

ထို့နောက် မကွေးယူနစ်အတွင်းရှိ ဒေသအခြေပြု၊ လူမျိုးအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ (လိုကယ်အဖွဲ့)များမှ တာဝန်ခံများပါဝင်သည့် ယူနစ်ကာကွယ်ရေးတပ်ဖွဲ့စည်းရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာ ကော်မတီတရပ်ဖွဲ့ပြီး ညှိနှိုင်းမှုများ၊ ပြင်ဆင်မှုများလုပ်ဆောင်သွားရမည်ဖြစ်သည်ဟု  ဆက်ပြောသည်။ 

မကွေးယူနစ်ကြားကာလအစီအမံဆိုင်ရာ ဥပဒေအရ ယူနစ်ကာကွယ်ရေးတပ်နှင့် လုံခြုံရေးတပ်များဖွဲ့ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ညှိနှိုင်းပြီး ဖွဲ့စည်းရမည်ဖြစ်သည်။ လတ်တလောတွင် အမျိုးသား ညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားလုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of competency)  နှင့်ပတ်သက်ပြီး ဆွေးနွေးရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း ဦးချစ်ဝင်းမောင်က ဆိုသည်။ 

မကွေးဖက်ဒရယ်ယူနစ်တပ် ပေါ်ထွက်လာမည့်အချိန်ကို အတိအကျမပြောနိုင်သေးသော်လည်း စနစ်တကျပေါ်ထွက်လာရန်အတွက် အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။ 

“လုပ်ငန်းစဉ်တွေနဲ့ သေချာ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ရဦးမှာဖြစ်တဲ့အတွက် တပ်ကိစ္စလည်းဖြစ်တော့ အတိအကျပြောဖို့ကတော့ အခက်အခဲလေးရှိပါတယ်။အကောင်းဆုံးနဲ့ စနစ်တကျပေါ်ပေါက်လာဖို့တော့ ကြိုးစားသွားမှာပါ”ဟု ဦးချစ်ဝင်းမောင်က ပြောသည်။ 

မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ်အတွင်းရှိ ရေနံမြေစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး NUG နှင့်ယူနစ်အစိုးရကြား ဧပြီလဆန်းတွင် တွေ့ဆုံဆွေးနွေးကာ ကြီးကြပ်ရေးကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းအကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။ 

နိုင်ငံအလယ်ပိုင်း လက်နက်စက်ရုံများအခြေစိုက်ထားရာ မကွေးတိုင်းတွင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ထိစပ်နေသည့် မြောက်ဘက် ယောဒေသ၊ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ငဖဲ၊ စေတုတ္တရာ၊ မင်းတုန်းအပါအဝင် မန္တလေးတိုင်းနှင့် ထိစပ်နေသည့် ချောက်၊ နတ်မောက်တို့တွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည်။ 

မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုတွင် မတ်လအတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၉ ဦးသေဆုံးပြီး သုံးဒါဇင်ဒဏ်ရာရရှိခဲ့ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် တမာအင်စတီကျူ က အစီရင်ခံစာထုတ်ပြန်သည်။ ထို့အပြင် မကွေးတိုင်းအတွင်းစစ်တပ် လက်ချက်ကြောင့် နေအိမ် ၂၆၀ ကျော် ပျက်စီးခဲ့ရပြီး အရပ်သား နှစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဖက်ဒရယ်ပဋိညာဉ်အရ ယခင်က တိုင်းဒေသကြီးများကို ဖက်ဒရယ်ယူနစ်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး လက်ရှိကြားကာလတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးဖက်ဒရယ်ယူနစ်ဟု ယူနစ်အစိုးရများ ပေါ်ပေါက်လာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button