စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမစံပြကျေးရွာ ဈေးတန်းကို ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၅ယောက်နဲ့ ဒေသခံ ၁ယောက်၊ စုစုပေါင်း ၆ယောက် သေဆုံးခဲ့ပါတယ်။
နေ့လယ် ၁၂နာရီလောက်စပြီး ဂျက်ဖိုက်တာ ၄စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဈေးဆိုင်ခန်းအများအပြားနဲ့ နေအိမ် ၁၀လုံးလောက် မီးလောင်ပျက်စီးသွားပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ ဈေးဆိုင်ခန်းတွေကတော့ ဆိုင်ကယ်နဲ့ ကားအရောင်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ ရေသန့်နဲ့အချိုရည်ဆိုင်၊ လက်ဖက်ရည်ဆိုင်တို့ဖြစ်ပြီး၊ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းသောင်းချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဗုံးကြဲခံရမှုမှာ စက်သုံးဆီကားတစ်စီး မီးလောင်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့တာပါ။
မုံရွာ – တန့်ဆည် – ကလေးဝ လမ်းပိုင်းမှာရှိတဲ့ ကံထူးမရွာဟာ တန့်ဆည်မြို့ရဲ့ အနောက်ဘက် ၁၀မိုင်လောက်အကွာမှာ တည်ရှိပြီး၊ လူစည်ကားတဲ့နေရာ ဖြစ်ပါတယ်။
ဗုံးကြဲခံရမှု မြေပြင်သတင်းပေးပို့ချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
သတင်းနှင့်ရိုက်ကူး – တင်စိုး(အညာမြေ)
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



