ရန်ကုန်မြို့က စက်မှုဇုန်တွေထဲမှာ အသက် ၁၄ နှစ် မပြည့်သေးတဲ့ ကလေးလုပ်သားတွေကို ညလုံးပေါက် အချိန်ပိုအလုပ်လုပ်ခိုင်းပြီး ခေါင်းပုံဖြတ်နေတဲ့ ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ Helper နဲ့ အထည်ခေါက်အဖြစ် အမည်ခံထားပေမယ့် လူကြီးအလုပ်သမားတွေနဲ့တန်းတူ အလုပ်လုပ်ရပြီး၊ တစ်ပတ်ကို သုံးလေးရက်လောက် ညသန်းခေါင်အထိ ဆက်တိုက်အလုပ်ဆင်းရတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ပြင်းထန်လာနေပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းကြောင့် မိသားစုဝင်တွေ အားလုံး ဝင်ငွေရှာရတဲ့ အခြေအနေ ဖြစ်လာပြီး ကလေးတွေဟာ မှတ်ပုံတင်အတုနဲ့ အလုပ်ဝင်ကြရပါတယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုတဲ့အခါ အလုပ်ရှင်တွေက မိဘတွေကိုတောင် တရားစွဲမယ်လို့ ခြိမ်းခြောက်တာကြောင့် ကလေးလုပ်သားတွေဟာ နစ်နာမှုတွေကို ထုတ်ဖော်မပြောရဲဘဲ ခံနေရပါတယ်။
မြေပြင်ကပြောပြချက်တွေအရ အဲ့ဒီ ကလေးလုပ်သားတွေဟာ ဂျပန်အခြေစိုက် Burtle၊ ဥရောပက VERO MODA၊ LC WAIKIKI၊ OVS နဲ့ ပိုလန်အခြေစိုက် RESERVED၊ Sinsay၊ Cool Club စတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေအတွက် အထည်ချုပ်ပေးနေရတဲ့ စက်ရုံတွေမှာ လုပ်ကိုင်နေကြတာပါ။
ဒီလို ကလေးလုပ်သားတွေဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေကို တင်ပို့နေတဲ့ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေပေမယ့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခံနေရပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေကတော့ ကလေးတွေကို အလုပ်ထုတ်မယ့်အစား လုံခြုံပြီး အသက်အရွယ်နဲ့ကိုက်ညီတဲ့ အလုပ်အခြေအနေတွေ ဖန်တီးပေးဖို့ တိုက်တွန်းနေပါတယ်။
လက်ရှိမှာ အလုပ်ရှင်တွေက ကလေးလုပ်သားတွေကို အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ သတင်းပေးသူတွေကို စစ်ဆေးဖော်ထုတ်တာတွေ လုပ်နေတဲ့အတွက် လုံခြုံရေးအရ သက်ဆိုင်ရာ စက်ရုံနာမည်တွေကို အတိအကျ ထုတ်ဖော်မပြောကြပါဘူး။
သဇင်လှိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



