အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးခြင်းနှင့် မင်းအောင်လှိုင်၏ တရားဝင်မှု စိန်ခေါ်ပွဲ

သမ္မတဦးဝင်းမြင့် ရပ်တည်ချက် ပြတ်သားခြင်း၊ ကုလသမဂ္ဂနှင့် အာဆီယံ၏ အဆုံးအဖြတ်များက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးကြီးနေကြောင်း ဆောင်းပါးရှင် သုတဇော်က သုံးသပ်ထားသည်။

စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်ပြီး နှစ်အတန်ကြာ စိတ်ကြိုက်ရေးဆွဲခဲ့သော၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းဘေးကြားမှ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်စေကာ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၃) “နိုင်ငံတော်အကြီးအကဲ” ကဏ္ဍ ပုဒ်မ ၅၈ တွင် “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်” ဟု ပြဋ္ဌာန်းထားသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်သည် “နိုင်ငံသားအားလုံး” ၏ အထွတ်အထိပ် နေရာတွင်ရှိသော မြန်မာနိုင်ငံ၏ “သမ္မတ” ဖြစ်ပြီး၊ မင်းအောင်လှိုင်သည် သမ္မတဦးဝင်းမြင့်၏ အာဏာ အောက်တွင် တာဝန်ထမ်းဆောင်ရသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။ 

ထိုအခြေအနေတွင် မင်းအောင်လှိုင်က ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ဝေလီဝေလင်းအချိန်တွင် သမ္မတအိမ်တော်ဝင်းကို ဝင်ရောက်စီးနင်းစေပြီး၊ သမ္မတဦးဝင်းမြင့်ထံမှ နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် လုယက်ခဲ့ကာ သမ္မတတစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက မင်းအောင်လှိုင်၏ လုပ်ရပ်ကို စစ်အာဏာသိမ်းမှု အဖြစ် သတ်မှတ်ခဲ့ပြီး အပြင်းအထန်ရှုတ်ချခဲ့သည်။

ကုလသမဂ္ဂသည် ပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာ ခြင်းပေါ်တွင် အခြေခံသည်။ အချုပ်အခြာအာဏာသည် ထိုနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဆင်းသက်ခြင်း ဖြစ်ပြီး၊ နိုင်ငံတော်အာဏာကို မည်သည့်နည်းလမ်းဖြင့် ရယူသည်ဖြစ်စေ အာဏာလက်ဝယ်ရှိသူကို အသိအမှတ်ပြုသည့် “ခေတ်” ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်အာဏာကို စစ်အာဏာသိမ်းမှု နည်းလမ်းဖြင့် ရယူသော အကြမ်းဖက် “ဓလေ့ဆိုး” ကို ကုလသမဂ္ဂသည် ပြတ်ပြတ်သားသား လက်မခံ ငြင်းဆန်သည်။  

ထို့အပြင် သမ္မတဦးဝင်းမြင့်ကို ယနေ့အချိန်ထိ ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲ အဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်းသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်ပေါ်တွင် အခြေခံထားသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၈ ခုနှစ်တွင်ရွေးချယ်တင်မြှောက်ခံထားရသော သမ္မတတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်၊ မင်းအောင်လှိုင် စွပ်စွဲလျက်ရှိသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ ထိုအချက်က ကုလသမဂ္ဂ၏ ဥပဒေကြောင်းအရ ရပ်တည်သော အလွန်အရေးကြီးသောအချက် ဖြစ်သည်။

တဖန် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှု လုပ်ရပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း ဟု ကုလသမဂ္ဂက သတ်မှတ်ခဲ့ခြင်းကြောင့် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲအဖြစ် ယနေ့အချိန်ထိ အသိအမှတ်မပြုခြင်း ဖြစ်သည်။ ယနေ့ မင်းအောင်လှိုင် ရယူထားသော သမ္မတအာဏာသည် စစ်အာဏာသိမ်းမှုတွင် မြစ်ဖျားခံထားသဖြင့် မင်းအောင်လှိုင်ကို အသိအမှတ် ပြုမပြု ဆိုသည့် ပြဿနာကို ကုလသမဂ္ဂသည် ပို၍ရှုပ်ထွေးစွာ ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုအချိန်တွင် သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းရာမှ ပြန်လွှတ်ပေးလိုက်ခြင်းမှာ မင်းအောင်လှိုင်၏ နိုင်ငံရေး ကစားကွက်တစ်ခု ဆိုသည်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက မသိရှိဘဲနေမည်မဟုတ်ပါ။   

သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးပြီး ကုလသမဂ္ဂကို စိန်ခေါ်လိုက်သော မင်းအောင်လှိုင်

၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် စစ်အာဏာသိမ်းခဲ့ပြီး၊ ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲ ကျင်းပ၍ သမ္မတရာထူးကို ရယူခဲ့သော မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲအဖြစ် လက်ခံ၊ လက်မခံ ဆိုသည့် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုဆိုင်ရာ တရားဝင်မှု စိန်ခေါ်ပွဲ (Legitimacy Challenge) ကို   စိတ်ဝင်စားဖွယ် ကြည့်ရှုနေရပြီ ဖြစ်သည်။ 

တိုက်ဆိုင်စွာပင် သမ္မတဦးဝင်းမြင့် လွတ်မြောက်လာသည့် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန်လိုက်သော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများစာရင်း တွင် မြန်မာနိုင်ငံ၏သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟု ဖော်ပြထားသည်။ ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ နိုင်ငံအကြီးအကဲ အပြောင်းအလဲကို အသိအမှတ်ပြုလက်ခံရာတွင် တင်းကျပ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီးမှ လက်ခံသည့် စနစ်ရှိပြီး၊ ထိုကဲ့သို့ စိစစ်ခြင်းလုပ်ငန်းကို အဖွဲ့ဝင် ၉ နိုင်ငံပါဝင်သည့် Credential Committee က တာဝန်ယူ ဆောင်ရွက်ရသည်။ 

ထိုကော်မတီသည် အဖွဲ့ဝင်နိုင်ငံတစ်ခုတွင် အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်သည့်အခါတိုင်း ကုလသမဂ္ဂ၏ နိုင်ငံအကြီးအကဲများစာရင်းကို စောလျှင်သမျှစော၍ ပြင်ဆင်ပြုစုပြီး ထိုနိုင်ငံ၏ သမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် အမည်စာရင်းအသစ်များကို ပုံမှန်ပြင်ဆင် ထုတ်ပြန်ရန် တာဝန်ရှိသည်။ သို့မှသာ ကုလသမဂ္ဂတွင် တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိသော အစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုသည် နိုင်ငံကိုယ်စားပြုမှုကို အချိန်နှင့်တပြေးညီ ရရှိမည် ဖြစ်သည်။

ထိုလုပ်ငန်းစဉ်သည် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်အညီ လေးစားလိုက်နာရသော လုပ်ငန်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာ သက်ဝင်တည်ရှိရာ ထိုနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံအကြီးအကဲကို ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဟုတ်မဟုတ် ဆိုသည့်အချက်ကို Credential Committee က ဥပဒေ ကြောင်းအရ စိစစ်ပြီးမှ လက်ခံရခြင်း ဖြစ်သည်။

ယခုအချိန်ထိ ကုလသမဂ္ဂ၏ အသိအမှတ်ပြုခြင်းကို မရရှိသေးသော မင်းအောင်လှိုင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အကြီးအကဲ သမ္မတ အဖြစ် အသိအမှတ်ပြုခံထားရသူ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းထားရာမှ ဧပြီလ ၁၇ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းက မည်သည့် အဓိပ္ပာယ် ဆောင်နေပါသနည်း။  

ထိုနေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်း သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုနှင့် ပတ်သက်ပြီး သတင်းထောက်များ၏မေးမြန်းချက်ကို  အထွေထွေအတွင်းရေးမှူးချုပ် ၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရက်ခ် က တုန့်ပြန်ဖြေကြားရာတွင် သတိပြုမိသည့် အသုံးအနှုန်းများမှာ “သမ္မတဦးဝင်းမြင့်” ဟု မြန်မာနိုင်ငံ၏ သမ္မတအဖြစ် အသိအမှတ်ပြု သုံးနှုန်းခဲ့ခြင်း၊ မင်းအောင်လှိုင်၏ လုပ်ရပ်အပေါ် “ကြိုဆိုသည်” ဟု မဖော်ပြဘဲ “မှတ်သားထားသည်” ဟုသာ သုံးနှုန်းထားခြင်းက သတိပြု ဆင်ခြင်စရာ ကုလသမဂ္ဂ၏ သံတမန်ရေး ရပ်တည်ချက်ကို ဖော်ပြနေပါသည်။

မင်းအောင်လှိုင်သည် ကုလသမဂ္ဂ၏ ထိုအသုံးအနှုန်းများအပေါ် လုံးဝကျေနပ်လက်ခံလိမ့်မည် မဟုတ်ပါ။ စင်စစ် သမ္မတဦးဝင်းမြင့်က ပုဒ်မ ၄၀၁ အရ ၎င်းအားလွှတ်ပေးခြင်းကို လက်မှတ်ထိုးရန် ငြင်းဆန်နေသည့် ကြားမှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ကွယ်တွင် မင်းအောင်လှိုင်၏ ရည်ရွယ်ချက်သည် ၎င်းသည်သာလျှင် မြန်မာနိုင်ငံ၏နိုင်ငံတော်အာဏာကို လက်ဝယ်ပိုင်ဆိုင်ကျင့်သုံးလျက်ရှိသော တရားဝင် သမ္မတဖြစ်ကြောင်း အသိအမှတ်ပြုစေလိုခြင်း၊ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့က ၎င်းကို လက်ခံလာစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ တနည်းအားဖြင့် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ကြီးအား မည်သူ့တွင် အာဏာရှိသနည်း၊ မည်သူ့ကို အသိအမှတ်ပြုမည်နည်း ဟု စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

ကုလနှင့် အာဆီယံအသိအမှတ်ပြုမှုရရှိရေး မင်းအောင်လှိုင်၏ ကစားကွက် 

သမ္မတဦးဝင်းမြင့်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုထားဆဲ အခြေအနေတွင် သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးသည့်အမိန့် ထုတ်ပြန်ရာ၌ သာမန်ရာဇဝတ်သားတစ်ဦးကို လွှတ်ပေး သည့်ပုံစံမျိုး သုံးနှုန်းဖော်ပြခဲ့ခြင်းက နိုင်ငံအကြီးအကဲ အစစ်အမှန်အဖြစ် တရားဝင်မှု ကင်းမဲ့နေသော မင်းအောင်လှိုင်၏ အဇ္ဈတ္တ အမုန်းတရား၊ မလုံခြုံမှုနှင့် သိမ်ငယ်စိတ်ကို ဖော်ပြလျက်ရှိသည်။     

ထိုအခြေအနေတွင် သမ္မတဦးဝင်းမြင့်၏ ရပ်တည်ချက်ကို မြန်မာပြည်သူတစ်ရပ်လုံးက မျှော်လင့်တကြီး စောင့်ကြည့်နေကြ ပေလိမ့်မည်။ အကယ်၍ သမ္မတဦးဝင်းမြင့်၏ ပြည်သူသို့ ပထမဆုံးပြောကြားလာမည့် သတင်းစကားများတွင် ၎င်း၏သမ္မတအာဏာကို စိန်ခေါ်ခံရသည်ဟု ခံစားရပါက မင်းအောင်လှိုင်သည် သမ္မတဦးဝင်းမြင့်ကို အချိန်မဆိုင်း ပြန်လည်ဖမ်းဆီးချုပ်နှောင်ပါလိမ့်မည်။ သို့ဆိုလျှင် မင်းအောင်လှိုင်၏ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းချက်က အချည်းအနှီး ဖြစ်ပေလိမ့်မည်။

သို့မဟုတ် သမ္မတဦးဝင်းမြင့်ကိုယ်တိုင်က ၎င်းသည် သမ္မတတစ်ဦး မဟုတ်တော့ကြောင်း လူသိရှင်ကြား ပြောဆိုလာရန် မင်းအောင်လှိုင် မျှော်လင့်နေမည်လား။ ထိုအချက်ကို သက်သေအထောက်အထားအဖြစ် အသုံးချပြီး၊ ကုလသမဂ္ဂတွင် ၎င်းအား မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် အသိအမှတ်ပြုရန် မျှော်လင့်ထား မည်ဆိုလျှင် မင်းအောင်လှိုင်၏ တွက်ကိန်းမှားနိုင်ပါသည်။ သမ္မတဦးဝင်းမြင့်သည် ၎င်း၏သမ္မတအာဏာကို စွန့်လွှတ်မည်မဟုတ်၊ အသေခံမည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ပြတ်သားစွာ ကြေညာထားပြီ ဖြစ်သည်။ 

သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးခဲ့သည့် ဖြစ်တန်ရာခြေ အကြောင်းရင်းတစ်ခုလည်း ရှိနိုင်ပါသည်။ ၎င်းမှာ မင်းအောင်လှိုင်၏ အဓိကမဟာမိတ် တရုတ်နှင့် ရုရှားတို့က ကုလမဂ္ဂ၏ ရပ်တည်ချက်ကို ပြောင်းလဲနိုင်မည့် အခြေအနေတစ်ခုကို ဖန်တီးရန် အကြံပေးခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အကြောင်းမှာ တရုတ်နှင့် ရုရှားသည် ကုလသမဂ္ဂ၏ Credential Committee အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးခြင်းကို ထောက်ပြပြီး၊ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအတိုင်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ အကြီးအကဲစာရင်းတွင် သမ္မတဦးဝင်းမြင့်သည် သမ္မတမဟုတ်တော့ကြောင်း၊ မင်းအောင်လှိုင်သည်သာ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ပြောင်းလဲအတည်ပြု ထုတ်ပြန်ရန် ကော်မတီကို ဖိအားပေးလာနိုင်ပါသည်။ 

ယင်းသည် တရုတ်နှင့် ရုရှားတို့၏ အကူအညီဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာအသိုက် အဝန်းသို့ ပြန်လည်ခြေချနိုင်ရေး မင်းအောင်လှိုင်၏ မဟာဗျူဟာကစားကွက် ဖြစ်နိုင်သည်။ ထိုကဲ့သို့ ဖြစ်လာပါက ကုလသမဂ္ဂ၏ ရပ်တည်ချက် အပြောင်းအလဲအတိုင်း အာဆီယံသည် လိုက်ပါပြောင်းလဲ လာနိုင်ဖွယ်ရှိနေပါသည်။ သို့ရာတွင် မေလဆန်း ကျင်းပရန်စီစဉ်ထားသော အာဆီယံ ထိပ်သီးအစည်း အဝေးသို့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပေးမည့်မဟုတ်ကြောင်း အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံက ထုတ်ပြန်ပြောဆိုထားသည့်အချက်ကို လေ့လာခြင်းအားဖြင့်၊ မင်းအောင်လှိုင် မျှော်လင့်သကဲ့သို့ အာဆီယံ၏ အသိအမှတ်ပြုမှုကို အလွယ်တကူ မရရှိနိုင်သည့် လက္ခဏာပင် ဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် နိုင်ငံငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသော့ချက်

သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးခဲ့သော ဧပြီလ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြောင်းလဲမည်ဆိုသည့်သတင်းများ စစ်အုပ်စုဘက်တော်သားတို့က ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် သတင်းမှားလွှင့်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းအစအနပင် ထွက်ပေါ်လာခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးဝင်းမြင့်ကဲ့သို့ လွှတ်ပေးရန် ကုလသမဂ္ဂနှင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့က တောင်းဆိုထားသည်။ အကယ်၍ မင်းအောင်လှိုင်သည် ၎င်း၏လက်ထဲတွင် အာဏာအစစ်အမှန်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်ပြီဟု ယုံကြည်မှုအပြည့်ရှိလျှင်၊ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ကြီးက တစ်စိုက်မတ်မတ် တောင်းဆိုနေသော အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်ပေးရဲသောသတ္တိ ပြသနိုင်ရမည်။   

သို့သော် ၎င်း၏ဆရာသမား အာဏာရှင်ဟောင်း သန်းရွှေကိုယ်တိုင် နေအိမ်အကျယ်ချုပ် သုံးကြိမ်သုံးခါ နှစ်ပေါင်းများစွာ ချုပ်နှောင်ခဲ့သော်လည်း၊ မြန်မာပြည်သူတစ်ရပ်လုံး၏ နှလုံးသားကို သိမ်းကျုံးနိုင်စွမ်းရှိ သော ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအရည်အသွေးကို နောက်ဆုံးတွင် လက်မခံချင်ဘဲ လက်ခံခဲ့ရသော ဖြစ်ရပ်မျိုး ၎င်းကိုယ်တိုင် ကြုံတွေ့ရမည့်ကို မင်းအောင်လှိုင် ကြောက်ရွံ့ နေနိုင်ပါသည်။

စင်စစ် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိလိုသောစိတ်ဆန္ဒ မင်းအောင်လှိုင်တွင် အမှန်တကယ်ရှိနေလျှင်၊ တိုင်းပြည်အနှံ့ ဗုံးကြဲဖျက်ဆီးနေသော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဩဇာအာဏာကို နိုင်ငံငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အရင်း အမြစ်အဖြစ် ချက်ချင်းပြောင်းလဲနိုင်ပါသည်။ ထိုပကတိ အမှန်တရားကို မင်းအောင်လှိုင် လက်ခံလိုစိတ်ရှိ ရန်သာ လိုအပ်ပါသည်။ 

စင်စစ် သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးပြီး ကုလသမဂ္ဂနှင့် အာဆီယံ၏ ရပ်တည်ချက်ကို အကဲစမ်းသော မင်းအောင်လှိုင်၏ ကစားကွက်သည် နိုင်ငံတကာက ကာလရှည်ကြာ မျှော်လင့်နေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီစနစ်ဆီသို့ ပြန်လည်ဦးလှည့်မည့် စစ်မှန်သော လမ်းကြောင်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးခြင်းသည်သာ လမ်းကြောင်းမှန်အပေါ် ပထမဆုံးချလိုက်သော ခြေလှမ်းဖြစ်ကြောင်း ကုလသမဂ္ဂနှင့် အာဆီယံတို့က ကောင်းစွာသိရှိထားသည်ကို ၎င်းတို့၏ ထုတ်ပြန်ချက်များက ရှင်းလင်းစွာ သက်သေခံလျက်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရ ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button