ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သောဝန်ထမ်းများအပြင် ၎င်းတို့၏ သားသမီးများကိုပါ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နှင့် အခြားအထောက်အထားများထုတ်ပေးမှုကို စစ်အုပ်စုလက်အောက်ခံ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများက ပိတ်ပင်လာကြောင်း ကိုယ်တိုင်ကြုံနေရသည့် CDM ဝန်ထမ်းများက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကို ဖြုတ်ချ၍ အဓမ္မအာဏာသိမ်းခဲ့သည့် စစ်အုပ်စုကို ဆန့်ကျင်သည့်အနေဖြင့် ၎င်းတို့လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်တော့ဘဲ သိန်းနှင့်ချီသည့် နိုင်ငံဝန်ထမ်းများသည် CDM တွင်ပါဝင်ခဲ့သည်။ ယင်းတို့အနက် အချို့သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် လမ်းကြောင်းမျိုးစုံမှ ရောက်ရှိနေထိုင်နေကြခြင်းဖြစ်သည်။
သို့ရာတွင် စစ်အုပ်စုသည် ၎င်းတို့ စိတ်တိုင်းကျခြယ်လှယ်ကျင်းပခဲ့သည့် ရွေကောက်ပွဲပြီးချိန်၊ ယခုနှစ်ဆန်းတွင်စတင်၍ ဘန်ကောက်မြို့ရှိ စစ်အုပ်စု၏မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများက နိုင်ငံကူးလက်မှတ်နှင့် စီအိုင်စာအုပ်ပြုလုပ်မည့် နိုင်ငံသားများကို တင်းတင်းကျပ်ကျပ်စစ်ဆေး၍ CDM ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များကို အထောက်အထားများထုတ်မပေးတော့ဟု စုံစမ်းသိရှိရသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် သမီးနှစ်ဦးအတွက် နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်ရာတွင် မိခင်ဖြစ်သူသည် CDM ဝန်ထမ်းစာရင်းတွင် ပါဝင်နေသဖြင့် နိုင်ငံကူးလက်မှတ်ထုတ်မပေးနိုင်ကြောင်း ထိုသမီးနှစ်ဦး၏ ဖခင်ဖြစ်သူ ကိုစိုးက Myanmar Now ကိုပြောသည်။
စစ်အုပ်စုသည် နိုင်ငံသားများ၏ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းထားပြီးနောက် အချက်အလက်များကို စစ်ဆေး၍ CDM ဝန်ထမ်းများ၊ ၎င်းတို့ကို ဆန့်ကျင်သဖြင့် အမှုဖွင့်ထားသူများကို အထောက်အထားများ ထုတ်မပေးတော့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုစိုး၏ ဇနီးဖြစ်သူသည် ဝန်ကြီးဌာနတစ်ခုတွင် ဦးစီးအရာရှိရာထူးဖြင့် တာဝန်ထမ်းဆောင်နေရာမှ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့သည်။ ထို့နောက် ဇနီးသည်သည် နယ်စပ်ဖြတ်၍ ထိုင်းနိုင်ငံသို့ဝင်လာခဲ့သည်။ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့သည် နိုင်ငံကူးလက်မှတ်ဖြင့် အပေါ်လမ်းမှ အစစ်ဆေးခံကာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ ရောက်ပြီးနောက် သမီးတစ်ဦး ထပ်မံမွေးဖွားခဲ့သည်။
“ကလေးပတ်စ်ပို့သွားလုပ်တော့ လူကိုယ်တိုင်သွားလုပ်တဲ့အခါကြတော့ Document (အချက်အလက်) တွေယူထားတယ်။ ယူထားပြီးတော့ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးသွားပြီ။ ညနေ ပတ်စ်ပို့ ပြန်ထုတ်ရမယ်ဆိုတော့ ကျွန်တော်တို့ စောင့်နေတဲ့အချိန်မှာ ဖုန်းပြန်ဆက်ပြီးခေါ်တယ်။ လာခဲ့ပါဦးဆိုတော့ အမေက Blacklist ထဲပါနေတယ်ပေါ့” ဟု သူက ပြောသည်။
“Blacklist ထဲ ပါနေတယ်။ မရဘူးတဲ့။ မလုပ်ပေးနိုင်ဘူးတဲ့။ သူတို့က သားသမီးတွေကို ဒီမှာမွေးတဲ့ သူရော၊ ဟိုဘက်က ပါလာတဲ့သူရော ဘာမှကို မလုပ်ပေးတာ”
ထိုသို့ ငြင်းပယ်မခံရမီက ထိုင်းနိုင်ငံတွင် မွေးဖွားသော သမီးငယ်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ပွဲစားမှတဆင့်ကြိုးစားခဲ့သော်လည်း မိခင်ဖြစ်သူသည် CDM စာရင်းတွင် ပါဝင်သူဖြစ်၍ မရနိုင်ကြောင်း၊ ထို့နောက် သမီးကြီးဖြစ်သူ၏ နိုင်ငံကူးလက်မှတ်ကုန်ခါနီးပြီဖြစ်၍ လူကိုယ်တိုင်သွားရောက်သက်တမ်းတိုးရာတွင် အလားတူထုတ်မပေးခြင်းဖြစ်ကြောင်း ၎င်းက ဖြစ်စဉ်ကို ရှင်းပြသည်။
သူ၏ ဇနီးဖြစ်သူသည် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သွားပြီဖြစ်ပြီး သက်တမ်းတိုး၍မရတော့ပေ။ ထို့အပြင် သမီးနှစ်ဦးကို နိုင်ငံကူးလက်မှတ်ထုတ်မပေးသဖြင့် စစ်အုပ်စုသည် CDM ဝန်ထမ်းများကို သားစဉ်မြေးဆက်ဒုက္ခပေးရန် ရည်ရွယ်ထားပုံရကြောင်း ကိုစိုးက ဆိုသည်။
“CDM ဆိုတာက သူတို့ခေါင်းထဲမှာက ကျန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေလောက် ပြောတဲ့သူလည်း သိပ်မရှိတော့ဘူး။ ဘယ်သူမှလည်းပြောတဲ့သူမရှိတော့ဘူး။ ဒါပေမဲ့ နောက်ကွယ်မှာ ဖိနှိပ်ခံနေရတာက သားစဉ်မြေးဆက်တစ်ဆက်လုံးကို သူတို့ကလိုက်ပြီးတော့ ဒုက္ခပေးချင်လို့ကို တမင်လုပ်နေတယ်လို့ထင်တာပဲ” ဟု ၎င်းက ဆိုသည်။
“အမေကို ထုတ်မပေးတာကထားလိုက်ပါတော့နော်။ ဒါက သူတို့လုပ်ချင်သလိုလုပ်လို့ရသေးတယ်။ အခုက ဘာမှမဆိုင်တဲ့ကလေးတွေ ဘာမှန်းမသိတဲ့ကလေးတွေ၊ မွေးခါစကလေးတွေကို ဒီလိုမျိုးလုပ်နေတယ်ဆိုတာက ဘယ်လိုမှကို လက်ခံနိုင်စရာလည်းမရှိဘူး။ နိုင်ငံတကာအနေနဲ့ပဲ ကြည့်ကြည့်။ ဘယ်လိုပဲကြည့်ကြည့် တော်တော်လူမဆန်တဲ့လုပ်ရပ်လို့ ကျွန်တော်တော့ထင်တယ်”
ထိုအခြေအနေကို ကောင်းကောင်းသိသည့် စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်ခဲ့သူများဒုက္ခရောက်ရန် အထောက်အထားများကို ရည်ရွယ်ချက်ရှိရှိထုတ်မပေးခြင်းဖြစ်သည်ဟု CDM ဝန်ထမ်းများက ဆိုသည်။ ကိုစိုးတို့မိသားစုနည်းတူ အထောက်အထားငြင်းပယ်ခံရသည့် အခြားသော CDM ဝန်ထမ်းမိသားစုဝင် အများအပြားလည်းရှိနေသည်ဟု စုံစမ်းသိရှိရသည်။
စစ်အုပ်စုက အထောက်အထားထုတ်ပေးမှုကို လက်နက်တစ်ခုသဖွယ် အသုံးချလာ
အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့စိတ်တိုင်းကျစီစဉ်ခဲ့သည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော လွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် ကိုယ်တိုင်ဘွဲ့ထူးခံယူခဲ့ပြီးနောက် လွတ်မြောက်ခါနီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေး၍ နိုင်ငံတကာအစိုးရနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် CDM ဝန်ထမ်းများကို အပြင်းအထန်ဖိနှိပ်လျက်ရှိနေသလို ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများ၊ လူငယ်များနှင့် သာမန်ပြည်သူအားလုံးကို အခက်တွေ့ရန် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားထုတ်ပေးမှုကို လက်နက်တစ်ခုသဖွယ်အသုံးချနေသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသူများက ဆိုသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ခါနီးသူအားလုံးသည် အသစ်ထပ်မံသက်တမ်းတိုးရန် ခေါင်းခဲနေကြရပြီး CDM ဝန်ထမ်းများမှာ အထောက်အထားရရန် နည်းလမ်းမရှိတော့ကြောင်း ထိုင်းသို့ ရောက်ရှိလာခဲ့သည့် အမည်မဖော်လိုသည့် CDM ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် ၎င်းထွက်လာစဉ်တွင် ကံကောင်းထောက်မစွာ နိုင်ငံကူးလက်မှတ်ရရှိထားခဲ့ခြင်းကြောင့် ထွက်ခွာခွင့်ရခဲ့သည်။ သို့သော် နိုင်ငံကူးလက်မှတ်သည် ယခုနှစ်ကုန်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် နည်းလမ်းမျိုးစုံဖြင့် သက်တမ်းတိုးရန် ကြိုးစားသော်လည်း CDM စာရင်းတွင်ပါဝင်နေ၍ စစ်အုပ်စုသံရုံးက သက်တမ်းတိုးမပေးကြောင်း ထိုအမျိုးသားက ပြောသည်။
“ဘာမှလုပ်ပေးလို့မရဘူး။ မင်းအိမ်ပြန်ဖို့ပဲရှိတယ်။ အဲဒီလိုပဲတိုက်ရိုက်ပဲပြောလိုက်ပါတယ်” ဟု သံရုံးသို့ သက်တမ်းသွားတိုးစဉ် သံရုံးဝန်ထမ်းများက ပြောဆိုကြောင်း ၎င်းက ဆိုသည်။
တိုင်းတစ်ပါးတွင် ရပ်တည်ရှင်သန်ခွင့်ရရန် ရုန်းကန်နေရသည့်အပြင် အထောက်အထားမပြည့်မစုံဖြင့် ဆက်လက်နေထိုင်ရမည်ကို စိတ်ပူပန်မိကြောင်း ၎င်းက ဆိုသည်။
“ဘယ်လိုမှအထောက်ထားမရှိတော့လို့ အိမ်ပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တိုက်ရိုက်ကြီး လေယာဉ်နဲ့ ပြန်လို့မရနိုင်ဘူး။ တကယ်လို့ လေယာဉ်နဲ့ပြန်မယ်ဆိုရင် ပထမဆုံး ကျွန်တော်တို့အခက်အခဲက လေဆိပ်ရောက်တာနဲ့ သေချာပါတယ် အဖမ်းခံရမှာပါ။ တကယ်လို့များ မဖြစ်မနေ ပြန်ရမယ်ဆိုရင်တော့ တခြားနည်းလမ်းနဲ့ပဲပေါ့” ဟု သူက ဆိုသည်။
လတ်တလောတွင် ပြည်တွင်းပြန်ဝင်ရန်မစဉ်းစားဘဲ ထိုင်းတွင် ဆက်နေထိုင်ရန် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ်၊ အခြားအထောက်အထားတစ်ခုခုရရန် စဉ်းစားနေကြောင်း ၎င်းက ဆိုသည်။

သို့သော် ကိုစိုးကြုံတွေ့နေရသကဲ့သို့ သားသမီးများကိုပါ အထောက်အထားထုတ်မပေးတော့သဖြင့် ထိုင်းရောက် CDM မိသားစုများသည် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
“တချို့လူတွေဆိုရင် ဒီလိုကြီးဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်တဲ့ အနေအထားမျိုးဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ ငါတို့ လွတ်အောင်ကျွတ်အောင်လို့ လာနေတယ်။ ဒါပေမဲ့ ငါတို့ကြောင့် ငါတို့သားသမီးတောင်မှ ဒီလိုကြီးဖြစ်သွားတယ်ဆိုတော့ တော်ရုံလူဆိုရင်တော့ တော်တော်လေးကို စိတ်ထိခိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်ခဲ့သည်အတွက် ကာယကံရှင် CDM ဝန်ထမ်းများအပြင် ဘာမှမဆိုင်သည့် မိသားစုဝင်များကိုပါ အငြိုးတကြီးလက်စားချေခြင်းဖြစ်ကြောင်း သို့ရာတွင် စိတ်ဓာတ်မကျသလို ပြည်တွင်း ပြန်ဝင်၍ စစ်အုပ်စုအမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
စစ်အုပ်စု၏ ပစ်မှတ်ထားဖမ်းဆီးနှိပ်ကွပ်မှုများကြောင့် CDM ဝန်ထမ်းအချို့သည် ပြည်ပနိုင်ငံများသို့ နည်းလမ်းရှာရှောင်တိမ်းခဲ့ရာ အရပ်စကားဖြင့် အပေါ်လမ်းဟုခေါ်ဆိုကြသည့် တရားဝင်လမ်းကြောင်းမှ နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်လာသူများရှိသလို အောက်လမ်းမှ တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသူများရှိသည်။
ထိုင်းသို့ ရောက်ရှိလာပြီးနောက် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတို့က ဗီဇာလျှောက်ထားရယူ၍ နေထိုင်ကြသည့်နည်းတူ အောက်လမ်းမှဝင်ရောက်လာသူတို့သည့် ထိုင်းအစိုးရက ထုတ်ပေးထားသည့် ပန်းရောင်ကတ် တနည်းအားဖြင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ကတ်လျှောက်ထားကြသည်။
ထိုမှတဆင့် နိုင်ငံကူးလက်မှတ်၊ အစိမ်းရောင်စီအိုင်စာအုပ်ဟုခေါ်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) လျှောက်ထားရယူ၍ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ခွင့်ရှိသည်။
ဆန့်ကျင်သူများကို CI ထုတ်ပေးမှုပိတ်ပင်လာ
ထိုင်းနိုင်ငံအတွင်းရှိ သန်းနှင့်ချီသောမြန်မာအလုပ်သမားများအတွက် စီအိုင်လက်မှတ်ထုတ်ပေးခြင်းကို စစ်ကော်မရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်တွင်းကုမ္ပဏီများပူးပေါင်းပြီး စီအိုင်စခန်းများဖွင့်လှစ်ကာ စာအုပ်များထုတ်ပေးနေခြင်းဖြစ်သည်။
သို့ရာတွင် သံရုံးများနှင့် စီအိုင်စခန်းများတွင် ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးသည့် လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ်((Person Scrutinizing and Monitoring System- PSMS) အက်ပလီကေးရှင်းဖြင့် အချက်အလက်များစစ်ဆေး၍ CDM များ၊ အာဏာသိမ်းမှုကိုဆန့်ကျင်သဖြင့် အမှုဖွင့်ခံထားရသူများကို အထောက်အထားများထုတ်မပေးတော့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပွဲစားတစ်ဦးနှင့်ချိတ်ဆက်၍ စီအိုင်စာအုပ်ပြုလုပ်ရန် စီအိုင်စခန်းတစ်ခုသို့ သွားရောက်ခဲ့သော်လည်း PSMS စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များစစ်ဆေးရာတွင် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသူဖြစ်နေ၍ စီအိုင်စာအုပ်မရခဲ့ကြောင်း ထိုင်းရောက် အမည်မဖော်လိုသည့် လူငယ်တစ်ဦးကလည်းပြောသည်။
“PSMS စနစ်က အခုချိန်မှာ Full Control ဖြစ်သွားပြီပေါ့နော်။ အပြည့်အဝလုပ်လို့ရသွားပြီ။ အဲ့ဒီတော့ ညီလေးကို အစ်ကိုတို့က စာအုပ်မထုတ်ပေးနိုင်ဘူး။ ပြီးတော့ ဖမ်းလို့လည်းမရဘူး။ အဲ့ဒီကိစ္စတွေကို ဖြေရှင်းချင်ရင်တော့ ပြည်တွင်းထဲကို ပြန်ဝင်မှပဲရမယ်ပေါ့နော်” ဟု စီအိုင်စခန်းမှ တာန်ရှိသူ၏ ပြောဆိုချက်ကို ၎င်းက ထပ်ဆင့်ပြန်လည်ပြောပြသည်။
စီအိုင်စာအုပ်ပြုလုပ်ရန် လိုအပ်သည့် အထောက်ထားများယူ၍ စစ်ဆေးခဲ့ပြီး Tablet တစ်ခုထဲတွင် မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်စစ်ဆေးပြီးနောက် ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားသူဖြစ်နေသဖြင့် စီအိုင်စာအုပ်ထုတ်မပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်ဟု သူကဆိုသည်။
ထို့နေ့က အခြားလူလတ်ပိုင်းအရွယ်နှစ်ဦးလည်း အလားတူငြင်းပယ်ခံရကြောင်း သူက ဆိုသည်။ ၎င်းအနေဖြင့် ယခင်က အမှုဖွင့်ခံထားရခြင်းရှိမရှိ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းရာတွင်လည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး တော်လှန်ရေးတွင်ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရှိထားကြောင်း ပြောသည်။
စစ်အုပ်စုသည် ယခင်ကတည်း ပြည်တွင်း၌ CDM စာရင်းများပြုစု၍ စစ်ဆေးရေးဂိတ်များနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့များသို့ ပေးပို့၍ ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ယခုအခါ PSMS စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲ၍ ပုဂ္ဂိုလ်ရေးအချက်အလက်များစစ်ဆေးပြီး စီအိုင်နှင့် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခြင်းကို ကန့်သတ်လာကြောင်း Myanmar Internet Project ၏ ဒီဂျစ်တယ် အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က သုံးသပ်သည်။
“စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲနဲ့ အမည်ပြောင်းပြီး တရားဝင်မှုရအောင် ကြိုးပမ်းပေမယ့် အများပြည်သူအပေါ် ဖိနှိပ်ထားဖို့၊ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို ရန်လိုနေမှု ရှိနေတယ်ဆိုတာ ဒီလုပ်ရပ်တွေကနေ သက်သေထူနေပါတယ်။ နိုင်ငံတကာက ထင်မြင်နေတဲ့ အကောင်းဘက်ကို ရောက်လာမယ့်အခြေအနေဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပါပဲ” ဟု သူက ဆိုသည်။
ယခုကဲ့သို့ အထောက်အထားများကန့်သတ်ပိတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်ကြောင်း ကိုသစ်ဉာဏ်က ဝေဖန်သည်။
မိဘများက CDM ဝန်ထမ်းဖြစ်၍ သားသမီးများကို နိုင်ငံကူးလက်မှတ် ထုတ်မပေးခြင်းသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့က လက်ခံထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Rights of the Child – UNCRC) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း ကိုစိုးက ပြောသည်။
မိဘများ၏ နိုင်ငံရေးနှင့် အခြားယုံကြည်ချက်ကြောင့် ကလေးငယ်များအပေါ်ခွဲခြားဆက်ဆံမှုမရှိရန်နှင့် ကလေးများ၏ မွေးဖွားမှုမှတ်ပုံတင်ခြင်းအပါဝင် နိုင်ငံသားဖြစ်ခွင့်တို့ကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်မပေးခြင်းကြောင့် ရေရှည်တွင် ကလေးငယ်များကို ပညာသင်ကြားခွင့်နှင့် ခရီးသွားလာခွင့်တို့တွင် အကန့်အသတ်ရှိလာနိုင်ကြောင်း ကိုစိုးက ဆိုသည်။ အကြောင်းအမျိုးမျိုးဖြင့် တင်းကျပ်နေခြင်းကြောင့် နိုင်ငံကူးလက်မှတ်ကုန်ခါးနီးသူတိုင်း သက်တမ်းတိုးခွင့်ငြင်းပယ်ခံရမည်ကို ခေါင်းခဲနေရကြောင်း ၎င်းက ဆိုသည်။
“ရေရှည်မှာတော့ ပြည်တွင်းကို တနည်းနည်းနဲ့ မဝင်ဝင်လာအောင်၊ ဒီမှာ အခက်အခဲနဲ့ နေလို့မရအောင် တမင်လုပ်နေတာပေါ့။ မဖြစ်မနေ နေရမယ့်သူကတော့ ဆက်ပြီးနေရမယ်။ အရေးအကြောင်းတစ်ခုဆိုရင် အဖမ်းခံရတာတို့ ထောင်ကျနိုင်တာတို့ဒါမျိုးတွေထိပါဖြစ်လာနိုင်တာပေါ့” ဟု သူက ပြောသည်။
စစ်အုပ်စုသည် ၁၉၂၀ ပတ်စ်ပို့အက်ဥပဒေဟောင်းကို အပြီးတိုင်ဖျက်သိမ်းပြီး ယခုနှစ် မတ်လတွင် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ (Passport) ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေတွင် နိုင်ငံကူးလက်မှတ်လိမ်လည်လျှောက်ထားခြင်း၊ မမှန်မကန်ထုတ်ပေးခြင်း၊ အတုပြုလုပ်ခြင်း စသည့်တို့ ပြုလုပ်ပါက ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်နိုင်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသည်။ အခြားတစ်ဖက်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အထောက်အထားမတင်ပြနိုင်သူ၊ နိုင်ငံသားရပ်စဲခံရသူ၊ လိမ်လည်လျှောက်ထားသူ၊ ပြစ်ဒဏ်ကျခံနေရသူ၊ လုံခြုံရေးနှင့် အကျိုးစီးပွားဖျက်ဆီးနိုင်သည်ဟု ယူဆခံရသူ စသည်တို့ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းပယ်နိုင်ကြောင်း ဖော်ပြထားသည်။



