အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တီးတိန်တွင် လေယာဉ်ဗုံးကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံး

ဗျူဟာကျသည့် ကနေဒီတောင်ကုန်းကို ပြန်ရသွားသည့်စစ်တပ်က PDF Zoland တပ်ဖွဲ့ဝင်များ ရှိနေသော နောက်တန်းစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ရာ ပစ်မှတ်ကို ထိမှန်သွားသည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် မေလ ၆ ရက်နေ့က လေကြောင်းဗုံးကြဲမှုကြောင့် ‌၎င်းတို့ တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ကြောင်း PDF Zoland နှင့် ချင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

တီးတိန်မြို့နယ်၊ ကနေဒီတောင်အနီး ဖူနွမ်ရွာရှိ PDF Zoland ၏ နောက်တန်းစခန်းတစ်ခု တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုကြသည်။ 

“ မနေ့က ဂျက်ဖိုက်တာနဲ့ကြဲတာ ဟုတ်ပါတယ်။ စစ်မေ ငါးယောက်နဲ့  ရဲဘော် လေးယောက် စုစုပေါင်း ကိုးယောက် ဖြစ်ပါတယ်” ဟု PDF Zoland မှ တာဝန်ရှိသူတစ်ဦးက မတ်လ ၇ ရက်နေ့ညပိုင်း၌ အတည်ပြုပြောသည်။ 

PDF Zoland မှ အမျိုးသမီးရဲဘော်များဖြစ်သည့် Haunu၊ Sung Sung၊ Neuneuနှင့် Siancing၊ အပါအဝင် ငါးဦး၊ အမျိုးသားရဲဘော်များဖြစ်သည့် Siantawng (Miaumiau) နှင့် Lian Bawi  အပါအဝင် လေးဦးတို့ ထိုတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဖူနွမ်ကျေးရွာသည် ကနေဒီတောင်ခြေတွင် တည်ရှိသည့်ကျေးရွာဖြစ်ပြီး တီးတိန်မြို့မှ မိုင် ၂၀ ကျော် ကွာဝေးသည်။

Zoland PDF စခန်းချသော ဖူနွမ်းရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များက ရုပ်သံတစ်ခု ထုတ်ပြန်ထားရာ အဆောက်အအုံကို ထိမှန်ပြီး ပြင်းထန်စွာပေါက်ကွဲခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ရုပ်သံမှာ စခန်းတိုက်ခိုက်ခံရမှု ရုပ်သံမှတ်တမ်းဖြစ်ကြောင်း PDF Zoland မှ တာဝန်ရှိသူက ဆိုသည်။ 

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်များက ဖော်ပြထားသော ဖူနွယ်ရွာ လေကြောင်းတိုက်ခိုက်မှု။ (ဓာတ်ပုံ- Screengrab)

မေလ ပထမပတ်က သိုင်းငင်းရွာဘက်မှတဆင့် တီးတိန်ဘက်သို့ အင်အားရာဂဏန်းရှိသည့် စစ်ကြောင်းတစ်ခုတက်လာရာ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့် သုံးရက်ဆက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထိုစစ်ကြောင်းက ကနေဒီတောင်ကို မေလ ၅ ရက်နေ့က ပြန်ထိန်းချုပ်လိုက်ကြောင်း ချင်းတော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် CDM Civic Defense Militia- (Siyin) စီးယင်း အဖွဲ့ထံက သိရသည်။ 

“စစ်ကောင်စီက ဗုံးလာကြဲလို့ Zoland ဘက်က ထောက်ပို့ကင်းပါသွားလို့ စစ်ရေးက နည်းနည်းတန့်တဲ့ သဘောပါပဲ။ တော်လှန်ရေးဘက်က နည်းနည်းပြန်ဆုတ်ထားရတယ်” ဟု အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ 

စစ်တပ် ဆက်သွယ်ရေးတပ်အထိုင်ချခဲ့သည့် ကနေဒီတောင်မှာ ချင်းပြည်မြောက်ပိုင်းတွင် အမြင့်ဆုံး တောင်ထိပ်တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက PDF Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့အကြားရှိ ပေ ၈၀၀၀ ကျော် မြင့်မားပြီး စစ်ရေးအရ အချက်အချာကျသည့် ကနေဒီတောင်ကို ယမန်နှစ် နိုဝင်ဘာလတွင် စစ်တပ်က စစ်ကြောင်းပြန်ထိုးကာ သိမ်းယူနိုင်ခဲ့သော်လည်း နှစ်ပတ်ကျော်အကြာမှာပင် PDF Zoland ပြန်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် စစ်တပ်က တကျော့ပြန် ပြန်လည်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ 

အမှတ် (၂၆၉) ခြေလျင်တပ်ရင်းအခြေစိုက်ရာ တီးတိန်မြို့ကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင် တိုက်ခိုက်မည်ဟု သတင်းများ ဧပြီလကုန်တွင် ထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံအချို့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အပါအဝင် နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ချင်းပြည်နယ် ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့ကို ခုနစ်လနီးပါး ထိုးစစ်ဆင်ပြီးနောက် ဧပြီလအတွင်း ပြန်ထိန်းချုပ်နိုင်ခဲ့သည့် စစ်တပ်သည် ဌာနဆိုင်ရာ ဝန်ထမ်းများကို ထိုနေရာသို့ ပို့ဆောင်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ 

ဖလမ်းမြို့မှ စစ်ကြောင်းသည် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ရိခေါဒါရ်မြို့ကို ဆက်လက်ထိုးစစ်ဆင်လာနိုင်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများက သုံးသပ်ထားကြသည်။ 

အာဏာသိမ်းခေါင်းဆောင်က သမ္မတရာထူးရယူပြီး ရက်တစ်ရာအတွင်း ဆောင်ရွက်လိုသည့် လုပ်ငန်းများထဲတွင် အဆိုပါနယ်စပ်မြို့ပြန်လည်သိမ်းပိုက်ရေး အစီအစဉ် ပါဝင်ဖွယ် ရှိသည်ဟု အထက်ပါ စီးယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“သူတို့က အခွင့်အရေးရရင်တော့ နယ်စပ်ကုန်သွယ်ရေးတော့ ထိန်းချင်မှာပဲလေ။ ကျွန်တော်တို့က ခန့်မှန်းမိသလောက်ဆိုရင် ရက်တစ်ရာအတွင်း တော်တော်လေးပြင်ဆင်ထားတဲ့ပုံပါပဲ။ ရက်တစ်ရာ  ပြီးသွားရင်တော့ ဘယ်လိုလာမလဲမသိဘူး”ဟု သူက ပြောသည်။

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တွင် စစ်တပ်က ထိုးစစ်ဆင်နေသည့် တပြိုင်တည်းမှာပင် ချင်းပြည်နယ်တောင်ပိုင်းနှင့်ထိစပ်နေသည့် မကွေးတိုင်းတွင်လည်း စစ်တပ်က အင်အားဖြည့်တင်းကာ ချင်းတောင်ကိုထိုးဖောက်ရန် ပြင်ဆင်နေသည်။  

ချင်းပြည်မြို့နယ် ကိုးခုအနက် ပလက်ဝကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ကို ချင်းညီနောင် (CB) နှင့် တွန်းဇံကို ချင်းပြည်ကောင်စီ (CC) က တိုက်ခိုက် သိမ်းပိုက်ထားသည်။ 

စစ်တပ်က ပြည်နယ်မြို့တော် ဟားခါး၊ တီးတိန်နှင့် ဖလမ်းမြို့တို့ကို ခြေကုပ်ယူထားသလို ထန်တလန်မြို့ ပေါ်တွင်လည်း တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button