အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် ဓားစာခံ ဖမ်းသွားသည့် မသန်စွမ်းအဘွားအို အပါအဝင် ၂ ဦး သတ်ခံရ

မကွေးတိုင်း စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဖမ်းဆီးသွားသော ဓားစာခံများထဲမှ ဒေသခံ မသန်စွမ်း အဘွားအိုအပါအဝင် နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။

မကွေးတိုင်း၊ စလင်းမြို့နယ်သို့ ဧပြီလကုန်ပိုင်းကစပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် စလင်းဒေသခံ မသန်စွမ်းအဘွားအို အပါအဝင်နှစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၄၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည်။ 

ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကြောင်းနှစ်ခုခွဲပြီး စလင်းမြို့ အရှေ့ဘက်ခြမ်းကျေးရွာများသို့ ဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးထားသည့် ဓားစာခံ လေးဦးအနက် ထနောင်းကုန်းရွာနေ အသက် ၇၀ ကျော်အရွယ် မသန်စွမ်းအဘွားအိုနှင့် အသက် ၄၀ ကျော်အရွယ် ကိုမောင်နိုင်တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ ပြည်သူ့ညီနောင်(စလင်း)အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပြည်သူကပြောသည်။ 

မြင်းခေါင်းရွာမှ ထွက်လာသည့် စစ်ကြောင်းသည် ရွာအနီးတောကျောင်းမှ ကိုရင်တစ်ပါး၊ ထနောင်းကုန်းရွာ ဒေသခံ သုံးဦးတို့ကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး ဆက်လက်စစ်ကြောင်းထိုးလာရာ ကန်စွယ်ရွာအရောက်တွင် အထက်ပါ ဓားစာခံ နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုပြည်သူက ပြောသည်။

“ဓားစာခံအဖြစ်ခေါ်ဆောင်သွားပြီးတော့ ကန်စွယ်ရွာကို စစ်ကြောင်းထိုးတယ်။ မီးရှို့တယ်။ အဲ့ဒီမှာပဲ ကိုမောင်နိုင်ကို လည်လှီးပြီးသတ်တယ်။ အဖွားကြီးကိုတော့ မီးပုံထဲမှာ မီးရှို့ခဲ့တာ”ဟု ကိုပြည်သူက ဆိုသည်။ 

စစ်ကြောင်းထိုးရာတွင် စလင်းမြို့ အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံတပ်များမှ တပ်သားအင်အား ၁၀၀ ခန့် ပါဝင်ပြီး စလင်းမြို့အရှေ့ဘက်ခြမ်း ကျေးရွာများကို ဧပြီလကုန်ပိုင်းတွင်စ၍ စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ်များကို ဆက်တိုက်မီးရှို့ခဲ့သည်ဟုလည်း  ဒေသတွင်းတော်လှန်ရေး အဖွဲ့များက ဆိုသည်။

ဧပြီလကုန်ပိုင်းမှ မေလဆန်းအထိ စစ်တပ် မီးရှို့မှုကြောင့် ထနောင်းကုန်းရွာ၊ ပျိုးခင်းကုန်း၊ စဉ့်တုကန်ကျေးရွာများရှိ နေအိမ် ၄၀၀ ခန့် မီးလောင်ခဲ့ပြီး မွေးမြူထားသည့် ကျွဲ၊ နွားနှင့် သိုလှောင်ထားသည့် သီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဧပြီလကုန်ပိုင်းကစပြီး နယ်မြေရှင်းလင်းရေး ဝင်နေသည့် စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားပြိးနောက်တွေ့ရစဉ် (ဓာတ်ပုံ- စလင်းပအဖ)

စစ်တပ်စစ်ကြောင်းသည် မေလ ၁ ရက်နေ့တွင် စလင်းဘက်သို့ စစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် မေလ ၃ ရက်နေ့တွင် အင်အား ၁၀၀ နီးပါးဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲပြင်း ထန်ခဲ့ပြီး မေလ ၄ ရက်နေ့တွင် မြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

စစ်တပ်ရန်ကြောင့် မြို့အရှေ့ဘက် ကျေးရွာပေါင်း ၂၀ ကျော်မှဒေသခံ ၆,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ပြီး နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ 

စစ်တပ်စစ်ကြောင်းများ မြို့ဘက်သို့ ပြန်ဆုတ်သွားသော်လည်း မြင်းခေါင်းရွာအနီးတွင် လက်နက်ကြီး အထိုင်ချထားသလို၊ ကန်တိုင်ကွေ့ရွာနှင့် အရှေ့ကန်ဘောင်ရွာတို့တွင် အထိုင်ချခြေကုပ်ယူထားကြောင်း ပြည်သူ့ညီနောင်အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက ပြောသည်။ 

“အရင်တုန်းကတော့ စစ်ကြောင်းထိုးပြီးတာနဲ့မြို့ပေါ်ကိုပြန်ဆုတ်တယ်။ အခုနောက်ပိုင်းကျတော့ အဲဒီလို မဟုတ်ဘူး။ ကျွန်တော်တို့ကြားတာကတော့ စလင်းမြို့နယ်မှာ ရက် ၁၀၀ စီမံကိန်းလို့ကြားတယ်။ ရက် ၁၀၀ အတွင်း စလင်းအရှေ့ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဝင်ရောက်လာတာ”ဟု ဆိုသည်။ 

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ စစ်တပ်လက်နက်စက်ရုံများကို ပိတ်ဆို့ဖြတ်တောက်နိုင်ရန် အရေးပါသည့် စလင်းနှင့် ဆင်ဖြူကျွန်းမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

ဆင်ဖြူကျွန်း မြို့သိမ်းတိုက်ပွဲအပြီးတွင် စလင်းနှင့် ဆင်ဖြူကျွန်းကြားတွင် စစ်တပ်က ဂိတ်စခန်း ရှစ်ခုချထားသလို နွယ်တမယ် တံတားအနီးနှင့်ကျေးရွာများတွင်လည်း ဘန်ကာများဖြင့် အခိုင်အမာ ခြေကုပ်ယူထားသည်ဟု ကိုပြည်သူကဆိုသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ကိုယ်တိုင်ခန့်သမ္မတရာထူးရယူပြီးနောက် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် အယောင်ပြ ထုတ်ပြောထားသည်။ တစ်ဖက်တွင်လည်း ၎င်းရွေးချယ်ခန့်အပ်ထားသည့် ကာကွယ်ရေး ဦးစီးချုပ်အသစ် လက်ထက်တွင် နိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်တို့တွင် စစ်ကြောင်းဆက်တိုက်ထိုးပြီး စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်နေသည်။ 

မကွေးတိုင်း မြောက်ဘက် ချင်းတောင်နှင့်ထိစပ်နေသည့် ယောဒေသတွင်လည်း ဧပြီလကုန်ပိုင်းမှစ၍ စစ်တပ်က အင်အားဖြည့်နေပြီး ဆက်စပ်နေသည့် ပေါက်မြို့နယ်တွင်လည်း အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းထိုးနေသည်။ 

စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း စစ်တပ်နှင့်လက်အောက်ခံတပ်များ၏ မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၁၂၀,၀၀၀ ကျော် ပျက်စီးခဲ့ရသည့်အနက် မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ပြီး အိမ်ခြေ ၁၈,၀၀၀ ပါဝင်ကြောင်း အရပ်ဘက်အဖွဲ့တစ်ခု ဖြစ်သည့် Data for Myanmar က ဧပြီလထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button