အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် ပဲခူးရိုးမပေါ်၌ အရပ်သားတစ်ဦးကို တရားမဲ့သတ်ဖြတ်ခဲ့သည်ဟု သတ်ဖြတ်ခံခဲ့ရသူ၏ ဇနီးနှင့် မိတ်ဆွေများက စွပ်စွဲသည်။
စွပ်စွဲချက်အတွက် ကနဦးစုံစမ်းစစ်ဆေးနေကြောင်း ပဲခူးတိုင်းအတွင်းမှ PDF များကို ကွပ်ကဲရသည့် NUG ၏ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက Myanmar Now ကိုပြောသည်။ သို့သော် စွပ်စွဲမှုများအတိုင်း PDF များက သတ်ဖြတ်ခြင်းရှိမရှိကိုမူ သီးခြားအတည်ပြုခြင်း၊ ငြင်းဆိုခြင်းမရှိပါ။
သေဆုံးသူသည် ပဲခူးတိုင်း မင်းလှမြို့နယ်တွင်နေထိုင်သည့် ရှစ်နှစ်အရွယ်သမီးတစ်ဦး၏ ဖခင်၊ ဦးကျော်လင်းနိုင် (၄၃ နှစ်) ဖြစ်ကြောင်း သေဆုံးသူ၏ဇနီးနှင့်မိတ်ဆွေများထံမှ အတည်ပြုနိုင်ခဲ့သည်။
သေဆုံးသူ၏ ဇနီးဖြစ်သူက PDF များသည် သူ၏အမျိုးသားကို လူမှားကာ စစ်တပ်သတင်းပေးဟု ထင်ပြီး သတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း Myanmar Now ကိုပြောသည်။ သို့သော်သူ၏အမျိုးသားသည် စစ်တပ်အပါအဝင် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိဟုလည်းဆိုသည်။
“သေတဲ့သူကတော့ သေသွားပါပြီ။ ဘယ်အဖွဲ့ကမှ ဆက်သွယ်လာတာလည်း မရှိပါဘူး။ ကျွန်မကတော့ သမီးလေးတစ်ယောက်နဲ့ ခက်ခဲနေပါတယ်” ဟု ဦးကျော်လင်းနိုင်၏ဇနီးက Myanmar Nowနှင့် တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့သည်။
လူသတ်မှုအကြောင်း Myanmar Now သို့ဆက်သွယ်ပြောဆိုသည့် အခြားသတင်းရင်းမြစ်တစ်ခုက PDF များသည် ဦးကျော်လင်းနိုင်ကို ပဲခူးရိုးမအတွင်း သစ်မှောင်ခိုထုတ်ယူမှု၊ စစ်ဆေးရန်တားဆီးစဉ် မရပ်တန့်မှုတို့ဖြင့် ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
လုံခြုံရေးအရ အမည်ကို အသုံးမပြုရန် တောင်းဆိုခဲ့သည့် အဆိုပါသတင်းရင်းမြစ်က သေဆုံးသူ၏ ရုပ်အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟုလည်းပြောသည်။ PDF များသည် သတ်ဖြတ်ပြီးနောက်မှ ဦးကျော်လင်းနိုင်ကို စစ်တပ်သတင်းပေးဟု တံဆိပ်ကပ်ခြင်းဖြစ်ကြောင်းလည်း၎င်းကဆိုသည်။
အခင်းဖြစ်ပွားသည့်နေ့တွင် ဦးကျော်လင်းနိုင်နှင့် အခြားသူနှစ်ဦးသည် ပဲခူးရိုးမပေါ်မှ ကျွန်းသစ်များကို ဆိုင်ကယ်ဖြင့် သယ်လာကြောင်း၊ အုတ်ဖိုမြို့နယ် ချောင်းဂေါင်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစဉ် ၎င်းတို့အား PDF များက ရပ်တန့်ခိုင်းရာ၊ မရပ်တန့်သဖြင့် ဦးကျော်လင်းနိုင်ကို PDF များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြေပြင်သတင်းများကို ကိုးကားပြီး အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
“(ဦးကျော်လင်းနိုင်တို့မရပ်တော့) နောက်ကနေ (PDF) ရဲဘော်ခြောက်ယောက် ဆိုင်ကယ်နှစ်စီးနဲ့လိုက်သွားတယ်။ သေနတ် နှစ်ချက်ဖောက်တယ်။ ကိုကျော်လင်းနိုင်အပါအဝင် ဆိုင်ကယ် သုံးစီးကို ရပ်ခိုင်းတယ်”
“ကိုကျော်လင်းနိုင်ကိုတော့ ဆိုင်ကယ်ပေါ်ကနေ ဆင်းတာနဲ့ ဘာမှ ဖြေရှင်းခွင့်တောင်မပေးဘူး။ ကိုကျော်လင်းနိုင်က ‘ဆိုင်ကယ်သံနဲ့ဆိုတော့ မကြားလို့ပါလို့’ ပြောတယ်။ ပြောတာကို ထုရိုက်ပြီးတော့ ဆိုင်ကယ်မှာပါတဲ့ ကြိုးနဲ့တုပ်ပြီး လယ်ကွင်းထဲကို ခေါ်သွားတယ်။ ခေါ်ပြီးသတ်လိုက်တယ်” ဟု ၎င်းကဆိုသည်။
ဦးကျော်လင်းနိုင်နှင့်အတူ ပဲခူးရိုးမပေါ်က ဆင်းလာကြသူနှစ်ဦးကိုမူ PDF များက လွှတ်ပေးခဲ့သည်ဟုလည်း ၎င်းကပြောသည်။ လွတ်မြောက်လာသူများသည် မည်သူမည်ဝါဖြစ်ကြောင်း Myanmar Now က မသိရှိရသေးဘဲ၊ အခင်းဖြစ်ပွားသည့် အခြေအနေကို အသေးစိတ်သိရှိနိုင်ရန် ထပ်မံစုံစမ်းနေသည်။

တိုင်စာနှင့်အထောက်အထားများ
Myanmar Now က ရရှိထားသည့် ဓာတ်ပုံတွင် ဦးကျော်လင်းနိုင်သည် သွေးအိုင်ထဲတွင် အဝတ်မပါဘဲ မှောက်လျက်လဲလျောင်းနေပြီး ၎င်း၏ကျောပြင်တွင် ချွန်ထက်သည့် အရာဟုယူဆရသည့် လက်နက်ဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာ အချက် ၂၀ ခန့်ဖြင့် သေဆုံးနေသည်ကိုတွေ့ရသည်။ ၎င်း၏ မလှမ်းမကမ်းတွင် ကျွန်းသစ်တုံး နှစ်တုံးကိုတွေ့ ရသည်။

ဦးကျော်လင်းနိုင်ကို သတ်ဖြတ်သူများမှာ NUG ၏ ပဲခူးရိုးမအခြေစိုက် PDF ဗျူဟာ ၂၂ လက်အောက်ခံ တပ်ဖွဲ့ဝင် များဖြစ်သည်ဟု Myanmar Now ထံ ထိုအဖြစ်အပျက်ကို ပြောပြသူကဆိုသည်။
သို့သော် ထိုသူက Myanmar Now ထံပေးပို့သည့် ဦးကျော်လင်းနိုင်၏ မိသားစုဝင်များ ရေးသားသည်ဆိုသည့် အမှုကို စစ်ဆေးပေးရန် တောင်းဆိုသည့် တိုင်စာတွင် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ကိုလိပ်မူထားသည်။
အဆိုပါတပ်ရင်းများသည် ပဲခူးရိုးမ အခြေစိုက် PDF ဗျူဟာ ၂၂ လက်အောက်ခံတပ်များဖြစ်ကြသည်။ Myanmar Now က ဗျူဟာ (၂၂) ဗျူဟာမှူး ကိုစောဂျိမ်းစ်အား Facebook လူမှုကွန်ရက်ကတဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းရေးသားချိန်အထိ အကြောင်းမပြန်သေးပါ။

ဦးကျော်လင်းနိုင်သည် စစ်ကော်မရှင်တပ်နှင့် ပေါင်းသင်းသူဖြစ်ပြီး မိသားစုမှာလည်း ပျူစောထီးများ ဖြစ်သောကြောင့် သတ်သည်ဟု PDF ဗျူဟာ ၂၂ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ပဲခူးရိုးမအခြေစိုက် တော်လှန်ရေးတပ်အချို့ကို ပြောထားကြောင်း မိသားစုနှင့် နီးစပ်သည့် အမျိုးသားက Myanmar Now ကိုပြောသည်။
မိသားစုနှင့် နီးစပ်သည့် အမျိုးသားကမူ ဦးကျော်လင်းနိုင်သည် သာမန်လက်လုပ်လက်စားသမားသာဖြစ်ပြီး ပဲခူးရိုးမပေါ်က သစ်များကို တစ်နိုင်တစ်ပိုင်သယ်ကာ မြို့တွင် ပြန်ရောင်းနေသူသာဖြစ်ကြောင်း ပြောသည်။
“(ကျနော်) သူ့အမျိုးသမီးနဲ့ ဖုန်းပြောတဲ့အခါ သူ့အမျိုးသမီးက မောင်လေးရေ ငါ့ယောကျ်ားက ဘာမှလည်းမလုပ်ဘဲနဲ့ ဘာလို့ အသတ်ခံရတာလဲလို့မေးတယ်”
“သူ့ယောကျာ်းအလောင်းကို လာကြည့်ဖို့တောင် သူတို့မိသားစုက ဒီဘက်ကို မလာရဲဘူး” ဟု ဦးကျော်လင်းနိုင်၏ အမျိုးသမီးနှင့် ဖုန်းပြောခွင့်ရခဲ့သည့် အဆိုပါအမျိုးသားကဆိုသည်။
ဦးကျော်လင်းနိုင်၏ အလောင်းကို အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သည့် ဒေသခံများက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟုလည်း သိရသည်။
ဦးကျော်လင်းနိုင်ကို PDF များကသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များကို ကြားသိထားပြီး၊ ယင်းသတ်ဖြတ်မှုကို PDF များကျူးလွန်ပါက “ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိ” ဟု သာယာဝတီခရိုင်ထဲက စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို လေ့လာနေသည့် ကိုလူအေးကဆိုသည်။
“ဖမ်းပြီးရင် အဆင့်ဆင့်အမိန့်တောင်းခံ ၊ အဆင့်ဆင့်စစ်ဆေးမှုလုပ် ပြီးတော့မှ ဒီဟာက ထောင်ဒဏ်ဆိုရင်လည်း ထောင်ဒဏ်၊ အချုပ်ဆိုလည်း အချုပ် အဲဒီလိုသွားရမှာ။ အခုက အဲဒီလိုမဟုတ်ဘူး” ဟု ကိုလူအေးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာမသိမ်းမီကတည်းက ပဲခူးရိုးမရှိ ကျွန်းသစ်များကို ဒေသခံများက တစ်နိုင်တစ်ပိုင် သယ်ယူရောင်းချမှု ရှိကြောင်းဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရသည့် ကာလတွင် ပဲခူးတိုင်းအလယ်ပိုင်းရှိ ပဲခူးရိုးမတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် သစ်ထုတ်လုပ်ရောင်းချမှုကို ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်အထိ ၁၀ နှစ် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ဆိုင်ကယ်ဖြင့် တစ်နိုင်တစ်ပိုင်သစ်သယ်ယူ ရောင်းချမှုများမြေပြင်တွင် ဆက်ရှိခဲ့ကြောင်း ကိုလူအေးက ပြောသည်။
“ကျွန်တော်တို့ဆီမှာ လက်တစ်လံကို ခွင့်ပြုတယ်ပေါ့။ ဟိုးခေတ်အဆက်ဆက် ဒေသခံတွေ လုပ်စားကိုင်စားဖို့ ထင်းသဘောမျိုးခွင့်ပြုတာပေါ့။ ဟိုတုန်းကတည်းက သစ်တုံးကြီးတွေကို တစ်လံလောက်ဖြတ်ပြီးသယ်တာပေါ့။ ဥပဒေနဲ့ လွတ်အောင်ပေါ့။ အခုလည်း တစ်လံကို ဆိုင်ကယ်နဲ့တိုက်တာပေါ့” ဟု ကိုလူအေးက ဆိုသည်။
ဦးကျော်လင်းနိုင်သည် သစ်မှောင်ခိုသယ်ယူသည်ဟု ယူဆရပြီး ၎င်းကို အရေးယူမည်ဆိုပါကလည်း သစ်မှောင်ခိုမှုဖြင့်သာ အရေးယူသင့်ကြောင်း ၎င်းက ပြောသည်။
ပဲခူးရိုးမအခြေစိုက် တပ်ရင်းတစ်ခုဖြစ်သည့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ မှ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မိုးကြိုးကြီးနှင့် တပ်ဖွဲ့ဝင်အချို့သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အရပ်သား ငါးဦးကို သတ်ဖြတ်ခဲ့သလို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ကလည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ကို သတ်ဖြတ်ပြီး အဖွဲ့သား ၁၈ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါသတ်ဖြတ်မှုများနောက်ကွယ်တွင် သစ်အရောင်းအဝယ်ကိစ္စများပါဝင်နိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ခန့်မှန်းပြောဆိုကြသည်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ မှ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မိုးကြိုးကြီးနှင့် တပ်ဖွဲ့ဝင်အချို့ လုပ်ဆောင်သည့် သတ်ဖြတ်မှုများကိုလည်း ပဲခူးတိုင်း စစ်ဌာနက ကိုင်တွယ် စစ်ဆေးနေသည်မှာ တစ်နှစ်ကျော်အထိကြာနေပြီဖြစ်သည်။
အဆိုပါအမှုများနှင့်ပတ်သက်၍လည်း စစ်ဆင်ရေးနယ်မြေ အမှတ် (၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက အမှုများကို စုံစမ်းစစ်ဆေးမှု မပြီးပြတ်သေးကြောင်း Myanmar Now ကိုပြောသည်။
“အခြေအနေအရ အမှုတိုင်းတော့ မပြီးပြတ်သေးပါဘူး။ ဆောင်ရွက်နေဆဲ တချို့ရှိပါတယ်။ သက်ဆိုင်ရာဌာနများက ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ သေချာတာကတော့ အမှန်အတိုင်းပဲ ဖြစ်ရမှာပါ။ တော်လှန်ရေးက တော်လှန်ရေး မတရားမှုက မတရားမှုပါ” ဟု ရဲဘော်တင်ဦးက ဆိုသည်။
ပဲခူးတိုင်း အခြေစိုက် တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ကမူ ပဲခူးတိုင်းစစ်ဌာနခေါင်းဆောင်ပိုင်းများသည် ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်းမြစ်ဝှမ်း စိုးမိုးနယ်မြေတွင် အခြေစိုက်ကြပြီး ပဲခူးတိုင်းအလယ်ပိုင်း ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်များနှင့် တိုင်းစစ်ဌာနကြားတွင် စစ်တပ်ထိန်းချုပ်သည့်နယ်မြေ ခြားနားနေကြောင်းဆိုသည်။
ထို့ကြောင့် ပဲခူးတိုင်းစစ်ဌာနက ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်များကို သွားရောက်စုံစမ်းစစ်ဆေးရန်မှာ မလွယ်ကူဘဲ စိန်ခေါ်မှုများသည့် အခြေအနေဖြစ်နေကြောင်း ပဲခူးတိုင်း အခြေစိုက် တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့က ပြောသည်။
NUG ၏ စစ်ဆင်ရေးနယ်မြေ အမှတ် (၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကမူ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်နေမှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားဆီးရန် ပဲခူးရိုးမအခြေစိုက် PDF များကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ညွှန်ကြားခဲ့ကြောင်း Myanmar Now ကို ပြောဖူးသည်။
ပဲခူးရိုးမတွင် သစ်တောပြုန်းတီးမှုကြုံနေရသော်လည်း တန်ဖိုးကြီး သစ်မာမျိုးများဖြစ်သည့် ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ်များသည် ပဲခူးရိုးမတွင် ရှိနေဆဲဖြစ်ကြောင်း သာယာဝတီခရိုင်အခြေစိုက် သတင်းရင်းမြစ်အချို့ကဆိုသည်။



