စစ်တပ်နှင့် မဟာမိတ် ကိုးကန့်တပ်တို့ထံ တအာင်းတပ် (TNLA) က မြို့ခြောက်ခု လက်လွှတ်ခဲ့ရပြီးနောက် ထိုမြို့များတွင် ဖွင့်လှစ်ထားသော တအာင်းပြည်ပညာရေးကောင်စီ (TLEC)၏ အခြေခံပညာကျောင်း ၃၀၀ ကျော်လည်း ပိတ်လိုက်ရသဖြင့် ကျောင်းသား၊ ကျောင်းသူ သုံးသောင်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံးမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ကျောင်းတာဝန်ရှိသူများထံက သိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မန္တလေးတိုင်း မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းမှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် စသည့် ၁၂ မြို့အား TNLA သိမ်းပိုက်ရရှိခဲ့သည်။
ထို့နောက် တအာင်းနိုင်ငံရေးအင်အားစုများ၊ တအာင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရှင်များ၏ ဦးဆောင်မှု ဖြင့် ဖွဲ့စည်းထားသည့် တအာင်းပြည်ပညာရေးကောင်စီ(Ta’ang Land Education Council – TLEC) ပညာရေးကျောင်း အများအပြား ထိုမြို့များ၌ ဖွင့်လှစ်ခဲ့သည်။
TLEC ပညာရေး၌ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ပညာရေး သင်ရိုးညွှန်းတမ်းကို အသုံးပြုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ထားသည်။ မြန်မာစာ၊ တအာင်းစာအပြင် အခြားတိုင်းရင်းသားစကား၊ စာပေများလည်း ထည့်သွင်းသင်ကြားသည်ဟု သိရသည်။ CDM ဆရာ၊ ဆရာမများလည်း ထိုကျောင်းများ၌ ပညာ သင်ကြားပေးခဲ့ကြသည်။
ယမန်နှစ်အတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များအား စစ်တပ်ထံ လက်လွှတ်ခဲ့ရပြီး ယခုနှစ် မတ်လတွင် ကွတ်ခိုင်မြို့အား မဟာမိတ်ဖြစ်သော MNDAA တပ်က သိမ်းပိုက်ရယူခဲ့သည်။ ထို့ကြောင့် TNLA အနေဖြင့် မြို့ခြောက်မြို့အား လက်လွှတ်ခဲ့ရသည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) သည် TNLA အုပ်ချုပ်ရေးနယ်မြေများ၌ စာသင်ကျောင်းများ ဖွင့်လှစ်ခဲ့သော်လည်း ၎င်းတို့သည် TNLA အုပ်ချုပ်မှုအောက်တွင် ရှိမနေကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောထားသော်လည်း TNLA က နယ်မြေများ လက်လွှတ်ရအပြီး စစ်တပ်နှင့် ကိုးကန့်တပ်တို့က ဖွင့်ခွင့်မပြုသောကြောင့် ကျောင်းများ ပိတ်လိုက်ရခြင်းဖြစ်သည်။
လက်ရှိတွင် ကွတ်ခိုင်မြို့နယ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ ကျောင်း ၁၃၀ ခန့်ပိတ်လိုက်ရသည်ဟု ကွတ်ခိုင်မြို့ TLEC တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“အခုကျောင်းတွေက လုံးဝဖွင့်ခွင့်မရတဲ့ အခြေအနေဖြစ်သွားပြီပေါ့နော်။ သူတို့ (MNDAA) ဘက်က ဖွင့်ခွင့် မပြုဘူးဆိုပြီး လူထုတွေ့ဆုံပွဲတွေမှာ ပြောသွားတယ်။ ကျွန်တော်တို့ဘက်က ကျောင်းတွေ ပြန်ဖွင့်ဖို့ ချိတ်ဆက်တာလည်း သူတို့နဲ့ လုံးဝချိတ်ဆက်လို့မရဘူး” ဟု ကွတ်ခိုင်မြို့ TLEC ပညာရေးဌာန တာဝန်ရှိသူက ဆိုသည်။
ထို့ကြောင့် ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်၊ (၁၀၅) မိုင် ဇုန်အတွင်းရှိ မူလတန်းမှ အထက်တန်းအဆင့်အထိ ပညာသင်ကြားနေသည့် TLEC ကျောင်းသားပေါင်း တစ်သောင်းနှစ်ထောင်ဝန်းကျင် ပညာသင်ကြားခွင့် ဆုံးရှုံးမည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်နှင့် MNDAAတို့က TNLA ထံက ရခဲ့သောမြို့များတွင် ၎င်းတို့အစီအစဉ်ဖြင့်သာ ပညာရေးကို လည်ပတ်နိုင်ရန် ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။
စစ်တပ်က ပညာရေးဝန်ကြီးဌာန လက်အောက်ခံ အခြေခံပညာ အစိုးရကျောင်းများနှင့် ဌာနဆိုင်ရာများ လည်ပတ်နိုင်ရန် ကြိုးစားနေသည်။
အလားတူ MNDAA ကလည်း ကွတ်ခိုင်နှင့် (၁၀၅) မိုင်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ မြို့ပေါ်နှင့် ကျေးရွာအချို့ရှိ စာသင်ကျောင်းများအား ပြန်ပြင်ဆင်နေပြီး လာမည့်စာသင်နှစ်တွင် ကျောင်းဖွင့်နိုင်ရန် ဆောင်ရွက်မည်ဟု MNDAA ဘက်မှ ထုတ်ပြန်ထားသည်။ အရေအတွက် မည်မျှ ဖွင့်မည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA သည် ရှမ်းပြည်မြောက်ပိုင်းဒေသရှိ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်)၊ တာမိုးညဲ၊ ကုန်းကြမ်း မြို့များကို သိမ်းပိုက်ပြီး အဆိုပါမြို့များအား သိန္နီ (မူပန်) ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ လောက်ကိုင် ခရိုင်ဟူ၍ ခွဲခြား၍ ကိုးကန့်အထူးဒေသ (၁) အဖြစ် သတ်မှတ်အုပ်ချုပ်နေသည်။
အဆိုပါမြို့များတွင် ၂၀၂၄-၂၀၂၅ မှစတင်၍ အထူးဒေသ (၁) မြန်မာပညာရေးကော်မတီကို ဖွဲ့စည်းပြီး ကျောင်းပေါင်း တစ်ရာကျော် ဖွင့်လှစ်ကာ ဆရာ၊ ဆရာမပေါင်း ရှစ်ရာကျော်ဖြင့် ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းကျော်အား ပညာသင်ကြားပေးနေသည်ဟု ဆိုသည်။
လာမည့် ၂၀၂၆-၂၇ ပညာသင်နှစ်တွင် ကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားသည်ဟု MNDAA က သတင်းထုတ်ပြန်သည်။
MNDAA ၏ မြန်မာစာပေသင်ကြားမှုအပိုင်း၌ CDM ဆရာ၊ ဆရာမများအား အဓိက တာဝန်ပေးထားပြီး မြန်မာစာပေအပြင် တိုင်းရင်းသားစာပေများအား သင်ကြားပေးနေသည်ဟု MNDAA ပညာရေးဌာန တာဝန်ရှိသူများက ဆိုသည်။ MNDAA ထိန်းချုပ်ဒေသ စာသင်ကျောင်းများ၌ နံနက်တွင် တရုတ်စာ အဓိက သင်ကြားကာ နေ့လယ်တွင် မြန်မာစာ အချိန်နှစ်ပိုင်းခွဲ သင်ကြားသည်ဟု သိရသည်။
သို့သော်လည်း လက်ရှိတွင် ဒေသတစ်ခုလုံးရှိ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဟု MNDAA ပညာရေးဌာနနှင့် နီးစပ်သူများထံက သိရသည်။
ပညာရေးကျောင်းများ လုံလောက်စွာ မဖွင့်နိုင်ပါက ကလေးများ ပညာရေးအလှမ်းဝေးမည်ကို စိုးရိမ်ကြောင်း TLEC ပညာရေးတာဝန်ခံ အမျိုးသားက ဆိုသည်။
“ကျွန်တော်တို့ စိုးရိမ်တာက အခု TLEC လိုမျိုး ကျေးရွာတွေအထိ ကျောင်းတွေ သူတို့မဖွင့်နိုင်မှာကိုပဲ။ အထူးဒေသ (၁ ) ထဲမှာတောင် ကျေးရွာတွေအထိ ကျောင်းမဖွင့်နိုင်တာ။ အခုကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်မှာ ကျွန်တော်တို့ဖွင့်ထားသလိုမျိုး ကျောင်းတွေမဖွင့်နိုင်ရင်ရွာက ကလေးတွေ ပညာရေးက ပိုပြီး အလှမ်း ဝေးသွားမယ်”
ထို့ကြောင့် ကွတ်ခိုင်နှင့် မူဆယ်မြို့နယ် (၁၀၅ မိုင်) ရှိ TLEC ကျောင်းများ ပြန်ဖွင့်ခွင့်ရရန် MNDAA နှင့် ချိတ်ဆက်နေသည်ဟု TNLA ဘက်က ဆိုသည်။
“ကျွန်မတို့ကတော့ ကွတ်ခိုင်ဘက်က TLEC ကျောင်းတွေ ဖွင့်ခွင့်ရဖို့ MNDAA နဲ့ ညှိနှိုင်းဖို့ လုပ်နေတာရှိတယ်။ အခုထိတော့ သူတို့ဘက်က အကြောင်းပြန်ကြားတာမျိုးတွေ မရှိသေးပါဘူး” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

မိုးကုတ်နှင့် မိုးမိတ်နှစ်မြို့တွင် TLEC စာသင်ကျောင်းပေါင်း တစ်ရာ့လေးဆယ်ကျော်ဖွင့်လှစ်ထားရာမှ စစ်တပ် ပြန်ဝင်ပြီးနောက် ကျောင်းပေါင်း ၁၂၀ နီးပါး ပိတ်လိုက်ရသည်။ အဆိုပါကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း တစ်သောင်းနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးသွားသည်ဟု ဆိုသည်။
ကျောက်မဲနှင့် သီပေါမြို့များတွင် ကျောင်းပေါင်း တစ်ရာ့နှစ်ဆယ်ကျော်အနက် လက်ရှိတွင် ကျောင်းပေါင်း ၆၀ ဝန်းကျင် ပိတ်ခဲ့ရသည်။
စစ်တပ်ပြန်လည်ထိန်းချုပ်သည့် မြို့များတွင် အာဏာသိမ်းအစိုးရလက်အောက်ခံ စာသင်ကျောင်းများ ပြန်ဖွင့်ခဲ့သော်လည်း TLEC စာသင်ကျောင်းများ၌ ပညာသင်ခဲ့သည့် ကျောင်းသားများ ပညာဆက်လက် သင်ကြားရာတွင် စိန်ခေါ်မှုများ ရှိနေသည်။
“အခုစစ်တပ်က ပြန်ဖွင့်တဲ့ ကျောင်းတွေမှာ ပြန်အပ်ရင် TLEC ကျောင်းမှာ ပြီးခဲ့တဲ့ အတန်းအတိုင်း ပြန် ထားလို့မရဘူး။ အစကနေ ပြန်နေရမယ်ဆိုတာမျိုး ဖြစ်တော့ ကလေးတွေ အသက်အရွယ်နဲ့ အတန်းနဲ့ ကွာကုန်တာပေါ့။ တစ်ဖွဲ့လာပုံစံတစ်မျိုး ဖြစ်နေတော့ ကလေးတွေ ကျောင်းထားရတာ တော်တော်ခက်တယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
TLEC အနေဖြင့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့သည့် ကျောင်းသားများ ဆက်လက်ပညာသင်ကြားခွင့် ရနိုင်ရေးအတွက် ကျောင်းသားများအား နေရာရွှေ့ပြောင်းသင်ကြားနိုင်ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။
“ကလေးတွေကို နေရာရွှေ့ပြီးတော့ ကျွန်တော်တို့ TLEC ကျောင်းတွေရှိတဲ့ နေရာတွေမှာ ဘော်ဒါဆောင်တွေ ဖွင့်ပြီး သင်ကြားနိုင်ဖို့ လုပ်နေတာရှိတယ်။ ဒါဟာလည်း အကန့်အသတ်တော့ ရှိတယ်။ အကုန်လုံးကို ထားဖို့ဆိုတာ လက်လှမ်းမမီနိုင်ဘူး” ဟု TLEC ပညာရေးဌာန တာဝန်ရှိသူက ဆိုသည်။
TLEC အနေဖြင့် ပြီးခဲ့သည့် ပညာသင်နှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း အခြေခံပညာ ကျောင်းပေါင်း ခုနစ်ရာကျော် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားပေါင်း ရှစ်သောင်းကျော် ပညာသင်ကြားခွင့် ရခဲ့သည်။ ကျောင်းသားများ ပညာသင်ကြားနိုင်ရန် ဆရာ၊ ဆရာမနှင့် ဝန်ထမ်းအင်အား တစ်ထောင်ကျော်အား အသုံးပြုထားသည်ဟု ဆိုသည်။
အထက်ပါ TLEC ကျောင်းများ လည်ပတ်နိုင်ရန် စေတနာရှင်များ၏ လှူဒါန်းငွေနှင့် တအာင်းပညာရေး ထီ ရောင်းချရာမှရသည့် ရန်ပုံငွေအား အဓိကထား အသုံးပြုနေရသည်။
လက်ရှိတွင် တအာင်းပညာရေးထီ ရောင်းချမှုများအား နိုင်ငံရေးအခြေအနေအရ ယခု မေလမှ စတင်၍ ရပ်နားမည်ဟု တအာင်းပညာရေးရန်ပုံငွေအဖွဲ့က ယနေ့ ထုတ်ပြန်ထားပြီး အသေးစိတ် မသိရသေးပေ။
တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးရန်ပုံငွေထီ၏ (၃၅) ကြိမ်မြောက် ထီဖွင့်ပွဲကို မေလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အမြင့်ဆုံးဆုငွေမှာ ကျပ်သိန်း ၅၀၀ ဖြစ်သည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) သည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၅၁၁ ကျောင်း၊ ကျောင်းသူ/သား ၅၃၆၅၃ ဦးနှင့် ဆရာ၊ ဆရာမ ၂၈၇၅ ဦး ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။



