အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ကျင်းပနေတဲ့ Venice Biennale (ဗင်းနစ် ဘီယာနာလီ) လို့ အမည်ပေးထားတဲ့ အနုပညာပြပွဲကြီးမှာ ယူကရိန်းနဲ့ ပါလက်စတိုင်းတို့ကို စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားနဲ့ အစ္စရေးနိုင်ငံတွေက ပြခန်းတွေ ထည့်သွင်းမှုအပေါ် အနုပညာရှင် တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြနေကြပါတယ်။
ဒီပွဲဟာ အနုပညာလောကရဲ့ “အိုလံပစ်” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး အနုပညာပွဲတော်ကြီး ဖြစ်ပါတယ်။
မေလ ၆ ရက်နေ့က Pussy Riot ဆိုတဲ့ ရုရှားနိုင်ငံအခြေစိုက် အမျိုးသမီး အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ Feminist Punk Rock အဖွဲ့တစ်ခုက ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။
သူတို့ဟာ ဂီတအနုပညာကို အသုံးချပြီး နိုင်ငံရေး ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည်ကျော်ကြားလာသူတွေ ဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ ဗင်းနစ်အနုပညာပွဲတော်မှာ သူတို့နိုင်ငံက ရုရှားအစိုးရကို အသိအမှတ်ပြု ဖိတ်ကြားခဲ့တာနဲ့ပတ်သက်လို့ အဖွဲ့ဝင်တွေ အပါအဝင် အယောက် ၄၀ လောက်ရှိတဲ့ အုပ်စုက ရုရှားပြခန်းထဲကို အတင်းဝင်ဖို့ ကြိုးစားခဲ့ကြ ပေမဲ့ အပေါက်ဝမှာ စောင့်နေတဲ့ ရဲတွေက သူတို့ကို ပြန်တွန်းထုတ်ပြီး တားဆီးခဲ့ပါတယ်။
အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အတွက် ပွဲတော်အကြို ဒုတိယမြောက်နေ့မှာပဲ ရုရှားပြခန်းကို ပိတ်ထားလိုက်ရပါတယ်။
ဒါပေမယ့် ပန်းရောင်မျက်နှာဖုံးစွပ်တွေ ဝတ်ထားတဲ့ သူတို့ဟာ ပြခန်းအပြင်ဘက်မှာ စုရုံးပြီး ရောင်စုံမီးရှူးမီးပန်းတွေကို ထွန်းညှိခဲ့ကြသလို Punk သီချင်းတွေဖွင့်ပြီး ” ရုရှားရဲ့ အနုပညာဆိုတာ သွေးကို ပြောတာ ” ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း အော်ဟစ်ခဲ့ကြပါတယ်။
ဒီနှစ်ပြုလုပ်တဲ့ ဗင်းနစ်ပွဲတော်မှာ ရုရှား ပါဝင်လာတာကို ဗြိတိန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ ၄ နှစ်ကျော်ကြာအောင် ရုရှားရဲ့ မတရား ကျူးကျော်စစ်ကို ခံနေရတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်လို့ ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ပွဲတော်ရဲ့ ၄ ရက်မြောက်နေ့ မေလ ၉ ရက်မှာတော့ အနုပညာလောကက တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ ပြခန်းတာဝန်ခံ တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်တဲ့ Art Not Genocide Alliance (ANGA) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အတူ အီတလီ အလုပ်သမားသမဂ္ဂတွေ၊ ပြပွဲမှာရှိတဲ့ အနုပညာလုပ်သားတွေ၊ ပြခန်းတာဝန်ခံတွေနဲ့ လက်ရှိ ပွဲမှာ ပြသနေတဲ့ အနုပညာရှင် ၂၀ နီးပါးလည်း ဆန္ဒပြဖို့ ရှိတယ်လို့ ပွဲ စီစဉ်သူတွေက ပြောထား ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



