အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ

ဖားကန့်မြို့အရှေ့ဘက်တွင် တစ်ဆက်တည်းရှိနေသည့် လုံးခင်းကျေးရွာကြီးမှ စစ်ကောင်စီတပ်များသည် အနောက်ဘက် ဆွတ်ဘွမ်၊ မှော်ဝမ်းကြီးနှင့် တောမှော်စသည့် ကျေးရွာများသို့ ထိုးဖောက်ရန် ကြိုးစားနေခြင်းကြောင့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့က ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် စစ်တပ်၏ ထိုးစစ်ကြောင့် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မေ ၄ ရက်နေ့မှစတင်၍ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်တပ်မှ အကျအဆုံးများခဲ့ပြီး ယနေ့နံနက်အထိ စစ်သား အလောင်း ကိုးလောင်းကို တော်လှန်ရေးတပ်များ ရရှိခဲ့သည်။

ဖားကန့်မြို့အရှေ့ဘက်တွင် တစ်ဆက်တည်းရှိနေသည့် လုံးခင်းကျေးရွာကြီးမှ စစ်ကောင်စီတပ်များသည် အနောက်ဘက် ဆွတ်ဘွမ်၊ မှော်ဝမ်းကြီးနှင့် တောမှော်စသည့် ကျေးရွာများသို့ ထိုးဖောက်ရန် ကြိုးစားနေခြင်း ကြောင့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့က ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်နေ့တွင် စစ်တပ်စစ်ကြောင်း အင်အားအချို့ကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ အကျအဆုံးများစွာဖြင့် လုံးခင်းရွာအတွင်း စစ်တပ် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး စစ်သားအလောင်း ခုနစ်လောင်းကို KIA က ရရှိခဲ့သည်။

ယနေ့နံနက်တွင်လည်း လုံးခင်းရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို စစ်သား အလောင်း နှစ်လောင်း ထပ်မံရရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားထံက သိရသည်။

“ဒီနေ့မနက်လည်း ဆက်ဖြစ်နေတယ်။ ဒီနေ့က မနေ့ကလောက်တော့ မပြင်းထန်ဘူးပေါ့။ ဒီနေ့မနက် (ပြည်သူ့စစ်မှုထမ်း)ပစ အလောင်း နှစ်လောင်းထပ်ရတယ်။ စုစုပေါင်း ကိုးလောင်းဖြစ်သွာပြီ” ဟု အဆိုပါ စစ်ရေးရင်းမြစ် အမျိုးသားက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်တပ် သုံ့ပန်းအချို့လည်း ဖမ်းဆီးနိုင်ခဲ့ပြီး လုံခြုံရေးနှင့် အခြားအကြောင်းအရာများကြောင့် သုံ့ပန်းအရေအတွက်နှင့် အသေးစိတ်ကိစ္စများကို ထုတ်ပြောဖို့မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“အခုနောက်ပိုင်း သုံ့ပန်းတွေရတာများတယ်။ တချို့က ကျွန်တော်တို့ဆီမှာ တာဝန်ထမ်းချင်တယ်ဆိုပြီး ပြောတာတွေရှိတယ်။ တချို့လည်း မိသားစုဆီပြန်ချင်တယ်။ တချို့ကလည်း ထိန်းသိမ်းရေးစခန်းတွေကို ပို့ရတာရှိတယ်” ဟု အဆိုပါ သတင်းရင်းမြစ် အမျိုးသားက ပြောသည်။

ဧပြီလ ၂ ရက်တွင် လုံးခင်း၊ မှော်စီစာ ကျေးရွာများ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ၊ ဖားကန့်မြို့၏မြောက်ဘက်  သုံးမိုင်ခန့်အကွာတွင်ရှိသည့် ဆွတ်ဘွမ်ရွာနှင့် မှော်ဝမ်းကြီးရွာအနီးတို့ရှိ ကာကင်းစခန်း ငါးခုကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ စခန်းများသည် ဖာကန့်မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သလို အနောက်ဘက်ရှိ KIA ထိန်းချုပ်ထားသည့် စခန်းကုန်းများကိုလည်း သွားရောက်နိုင်သည့်အတွက် အဆိုပါ စခန်းများအား ပြန်သိမ်းရန် စစ်တပ်က ကြိုးစားနေခြင်းဖြစ်သည်ဟု အထက်ပါ စစ်ရေးရင်းမြစ်က ပြောသည်။

“တိုက်ပွဲမဖြစ်ခင် တစ်ရက်ကတော့ ဂျက်ဖိုက်တာ သုံးစီးနဲ့ လာကြဲတယ်၊ တပ်ရင်း(၆)နဲ့ တပ်မဟာ(၉) ကြားထဲကို၊ ဂျက်ဖိုက်တာနဲ့ လာကြဲပြီး နောက်နေ့မှာ စစ်ကြောင်းစထိုးတော့တာပဲ” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သုံးရက်တာတိုက်ပွဲအတွင်း လုံးခင်း၊ ကဋေနှင့် လယ်ပြင် ရွာတို့မှ ဒေသခံ ဒါဇင်ဝက်ခန့် ထိခိုက်ဒဏ်ရာရခဲ့ကြပြီး လုံးခင်းရွာအတွင်းမှ ကားဝပ်ရှော့တစ်ခု လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံ အချို့က ပြောသည်။

တိုက်ပွဲကြောင့် လုံးခင်းရွာမှ ဒေသခံအများစုနှင့် မှော်စီစာ၊ ကုဋေနှင့် လယ်ပြင်ရွာတို့မှ  ဒေသခံအချို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

၂၀၂၄ နှစ်ဆန်းပိုင်းမှစတင်၍ KIA နှင့် ပူးပေါင်းတပ်များသည် ဖားကန့်မြို့နယ်တစ်ခုလုံးတွင် ထိုးစစ်အပြင်းအထန်ဆင်နွှဲခဲ့ပြီး ဖားကန့်မြို့နယ်၏ ရာခိုင်နှုန်းအများစုကို သိမ်းပိုက်နိုင်ခဲ့သည်။

ဖာကန့်မြို့ပေါ်၊ ဖားကန့်မြို့ အရှေ့ဘက် ကျေးရွာများနှင့် ဖားကန့်-ကာမိုင်းလမ်းပိုင်းကို စစ်တပ်က သိမ်းပိုက်ထားပြီး KIA နှင့် ပူးပေါင်းတပ်များက ဖားကန့်မြို့ မြောက်ဘက်နှင့် အနောက်ဘက်ကျေးရွာများနှင့် ကျောက်စိမ်းမှော်များကို သိမ်းပိုက်ထားသည့်အပြင် ဖားကန့်-ဆယ်ဇင်းလမ်းနှင့် ဖားကန့်-အင်းတော်ကြီးလမ်းတို့ကိုလည်း ထိန်းချုပ်ထားသည်။

ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့အပြင် ရွှေကူမြို့နှင့် ဗန်းမော်မြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်များက ခုခံဟန့်တားရန် ကြိုးစားနေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button