မြေပြင်စစ်အင်အား ရာနဲ့ချီ သုံး ၊ လေကြောင်းကနေ အုပ်စုဖွဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ ဗျူဟာတွေသုံးပြီး အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ် ဖလမ်းမြို့ကို ဧပြီလကုန်ပိုင်းမှာ ပြန်ထိမ်းချုပ်သွားနိုင်ပြီးတဲ့နောက် ချင်းတော်လှန်ရေးတပ်တွေ ထိမ်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေအတွက် စစ်ရေးဖိအားတိုးလာပါတယ်။
ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်လည်းဖြစ်၊ ဆူရ်ဘုန်လေဆိပ် လဲ ရှိတဲ့ ဖလမ်းကို ချင်းတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ဧပြီလမှာ သိမ်းနိုင်ခဲ့ပေမယ့် တနှစ်အကြာမှာ စစ်တပ်က ပြန်ရသွားခဲ့တာပါ။
ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကို အခြေပြုပြီး အင်အားရာနဲ့ချီပါတဲ့ စစ်တပ်စစ်ကြောင်းနှစ်ခုဟာ ကလေး-သိုင်းငင်း-တီးတိန် လမ်းကြောင်းနဲ့ ကလေး-ဂန့်ဂေါ လမ်း ဆိုတဲ့ လမ်း(၂)ခုကနေ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
ဖလမ်းအပါအဝင် ချင်းမြောက်ပိုင်းမှာ စစ်တပ်က အင်အားထောင်နဲ့ချီပြီး ထိုးစစ်ဆင်နေပြီး ၊ ချင်းတောင်ပိုင်းကိုလဲ ထိုးစစ်ဆင်လာနိုင်ကြောင်း နဲ့ စစ်ရေးဖိအားရှိလာကြောင်း ချင်းတော်လှန်ရေးတပ်တွေက ခန့်မှန်းထားကြပါတယ်။ခုလို အခြေအနေမှာ ချင်းပြည်နယ်တောင်ပိုင်းကို ထိမ်းချုပ်ထားတဲ့ ချင်းညီနောင်တပ်တွေအနေနဲ့ ခုခံစစ်ပြင်ဆင်နေကြောင်း ချင်းညီနောင်ပြောခွင့်ရသူ ဆလိုင်းယောမန်က မြန်မာနောင်းကို ပြောပါတယ်။
သတင်း/တင်ဆက်-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



