အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါက်တောတွင် AA ရဲဌာနဖမ်းထားသည့် သက်ငယ်မုဒိမ်း သံသယရှိသူ ထွက်ပြေးသွား

အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိသူ တစ်ဦးအား ရပ်ရွာက ဖမ်းဆီး၍ AA ရဲဌာနထံ အပ်နှံခဲ့သော်လည်း ညတွင်းချင်း ထွက်ပြေးသွား၍ တာဝန်ကျသူများအား အရေးယူစေလိုသည်ဟု ဒေသခံများက ဆိုကြသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် မတ်လအတွင်း သက်ငယ်မှုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ သံသယရှိသူအမျိုးသားတစ်ဦးကို ရပ်ရွာက ဖမ်းဆီး၍ အာရက္ခတပ်တော် (AA) ၏ ရဲဌာနကို အပ်နှံခဲ့ရာ ထိုသူသည်  ညတွင်းချင်းထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။

မတ်လ ၃ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်တွင် ဖဒူချေကျေးရွာမှ အသက် ရှစ်နှစ်ဝန်းကျင် မိန်းကလေးငယ်ကို သစ်ပုတ်ချောင်းရွာမှ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ထွန်းအောင်ချေက မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟု ဆိုကာ ရွာသားများက  ဝိုင်းဝန်းဖမ်းဆီးပြီး ပေါက်တောမြို့နယ်ရှိ AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး ဌာန – DLEPS (ဒီလပ်) ထံ နောက်တစ်နေ့ အပ်နှံခဲ့ကြသည်ဟု ဆိုကြသည်။

ထိုနေ့ နံနက် ၂ နာရီကျော်တွင်  တာဝန်ကျနေသည့် ဒီလပ်တပ်ဖွဲ့ဝင်တစ်ဦး အပေါ့အပါးသွားစဥ် ထိုသူသည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ပေါက်တောအခြေစိုက် AA ရဲတပ်ဖွဲ့စခန်းက ပြောဆိုကြောင်း နစ်နာသူ မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုသူသည် ထွက်ပြေးလွတ်မြောက်သွားခြင်းသည် ဒီလပ်တပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုကြောင့် ဖြစ်ရသည်ဟု ၎င်း အမျိုးသမီးက ဆိုသည်။ 

“အရင်ဆုံး ဖြစ်စေချင်တာက တရားခံ (စွပ်စွဲခံရသူ)ကို အမြန်ဆုံးရအောင် ဝိုင်းပြီးရှာပေးစေချင်တယ်။ တရားခံကို ဖမ်းလို့ မရသေးတဲ့ အချိန်ကာလတစ်ခုအထိ သူတို့(DLEPS စခန်းတာဝန်ရှိသူတွေ)ကို စံပြအနေနဲ့ ထိန်းသိမ်းထားစေချင်တယ် “ဟု ၎င်းကဆိုသည်။ 

၎င်းအမှုကို ကိုင်တွယ်သော တာဝန်ရှိသူများကို အရေးယူမှုမရှိပါက တခြား ရဲအရာရှိ၊ တပ်ဖွဲ့ဝင်များလည်း ပေါ့ဆမှုများပြုလုပ်နိုင်၍ စံပြအနေဖြင့် အရေးယူစေလိုကြောင်းလည်း နစ်နာသူ၏ မိသားစုဝင်က ပြောသည်။

၎င်းတို့ အနေဖြင့် သီးခြားစုံစမ်းမှုအရ ကျူးလွန်သူ အပေါ့ သွားနေစဥ် တာဝန်ကျတပ်ဖွဲ့ဝင်က အိပ်ငိုက်နေ သောကြောင့် ထွက်ပြေးလွတ်မြောက်သွားခြင်းဟု သိရကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီစခန်းက ပြောတာက တရားခံကို သူတို့လက်ထဲအပ်တဲ့အခါ အထက်ကတရားသူကြီးဟာ ကျွန်တော်တို့ကို ဖမ်းဝရမ်းမပေးသေးဘူး။ ရွာသားတွေအပ်လို့ပဲ လက်ခံလိုက်ရတယ်။ လက်ခံတဲ့အခါ သူတို့ ( DLE PS) အပေါ်မှာ တာဝန်ရှိတာကို သိတယ်။ ဒါပေမဲ့ ဖမ်းဝရမ်းမရှိသေးလို့ တာဝန်အပြည့်အဝမရှိသေးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နစ်နာသူမိန်းကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောကြသည်။ 

အသက် ၃၅ နှစ်အရွယ် မြေပုံမြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း တပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုကြောင့် ဖြစ်ရသောကြောင့် ထိရောက်စွာ အပြစ်ပေးရန် တိုက်တွန်းသည်။

“ ဒါဟာ ဒီလပ်မှာတာဝန်ရှိတယ်။ဝန်ထမ်းရဲ့ ပေါ့လျော့မှုဖြစ်တယ်။ ဒါကြောင့် တာဝန်ရှိတဲ့သူတွေကို ထိရောက်စွာ အပြစ်ပေးသင့်တယ်။ ပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံကို အမြန်ဆုံး ရှာဖွေပြီး ထိရောက်တဲ့ ပြစ်ဒဏ်ပေးသင့်တယ်။ နောက်ထပ် ဒီလိုကိစ္စတွေမဖြစ်အောင် ပြင်းထန်တဲ့အပြစ် ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။ 

ကျူးလွန်သူဟု သံသယရှိသူအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

အဆိုပါအမှုနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း မောင်တောမြိုနယ်၊ အောင်သုခရွာ၌ အသက် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦးအား အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ထိုလူငယ်ကို ဖမ်းဆီးနိုင်ခဲ့သည်။

သက်ငယ် မုဒိမ်းမှုကျူးလွန်လျှင် ရာဇသတ်ကြီးဥပဒေတွင် ပုဒ်မ ၃၇၆ (၃) အရ “မည်သူမဆို အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။ 

မုဒိမ်းကျင့်ရန်ကြံစည်အားထုတ်မှု(Attempt to Commit Rape)သည်လည်း ကြီးလေးသော ပြစ်ဒဏ်ကို ကျခံရနိုင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အရအလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်အထိ အများဆုံး ကျခံရနိုင်သည်ဟု DLEPS ဌာန၏ အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။ 

သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်ရန် ကြံစည် အားထုတ်ခြင်းမှ ကင်းလွတ်စေရေးအတွက် ကလေးသူငယ်များအား ကြိုတင်ကာကွယ်ခြင်း၊ သံသယဖြစ်ဖွယ်တွေ့ရှိ ပါကသတင်းပို့ခြင်း၊ ဥပဒေအကြောင်း သိရှိနားလည်အောင် လုပ်ဆောင်ခြင်း၊ ကျူးလွန်သူများကို အကာအကွယ်မပေးဘဲ ဝိုင်းဝန်းရှုတ်ချခြင်းနှင့် ကလေးငယ်များပွင့်လင်းစွာပြောဆိုနိုင်အောင် ပြုစုပျိုးထောင် ပေးကြရန်လည်း အထက်ပါဌာနက အသိပေးထားသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

လက်ရှိတွင် AA သည်ထိန်းချုပ်နယ်မြေများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်း၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အစိုးရယန္တရားများကိုလည်ပတ်နေသည်။ 

တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး ဌာန- DLEPS(ဒီလပ်) ဆိုသည်မှာ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ကဲ့သို့ ဌာနတစ်ခုဖြစ်သည်။ AA လက်ထက်တွင် ရဲတပ်ဖွဲ့ဟုမခေါ်ဝေါ်တော့ဘဲ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး ဌာန- DLEPS(ဒီလပ်) ဟု ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button