စစ်ခေါင်းဆောင် အသွင်ပြောင်းအစိုးရတက်လာပြီး စစ်တပ်၏ တိုးမြှင့်လာသည့် ထိုးစစ်အရှိန်များကြောင့် တော်လှန်ရေး အင်အားစုများ၏ အဓိကထောက်ပံ့ရေးလမ်းကြောင်း ဖြတ်တောက်ခံရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။
ပြီးခဲ့သည့်နှစ်များတွင် စစ်တပ်က လက်လွှတ်ထားခဲ့ရသည့် မြို့နယ်များကို မန္တလေးတိုင်းမှတဆင့် စစ်ကိုင်း၊ ကချင်ထိ ထိုးဖောက်စစ်ဆင်ခဲ့ပြီး တစ်နှစ်သုံးလနီးပါးအကြာတွင် မန္တလေး- မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ပြီဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်တပ်ကထုတ်ပြန်လာသည်။

တပြိုင်တည်းမှာပင် ဆေးဝါးမှသည် တော်လှန်ရေးအင်အားစုများ အားထားရသည့် အိန္ဒိယနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ရန် စစ်တပ်ကကြိုးပမ်းနေပြီး နယ်စပ်ရှိတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ရာဒေသများသို့ ထိုးစစ်ဆင်ရန်ပြင်နေသည်။
“မြန်မာပြည်မြောက်ပိုင်းနဲ့ မြန်မာပြည်အနောက်မြောက်ပိုင်းဒေသနဲ့ အလယ်ခေါင်စင်တာက အညာအင်အားစုတွေနဲ့ ခါးဆက်ပြတ်အောင်ထိုးနေတဲ့အနေအထားရှိတယ်”ဟု စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေက သုံးသပ်သည်။ စစ်ကိုင်ဖိုရမ်ဖက်ဒရေးရှင်းသည် စစ်ကိုင်းတိုင်းအတွင်း သပိတ်အင်အားစုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် CDM များအပါအဝင် တော်လှန်ရေးအင်အားစုများပါဝင်သည့် အစုအဖွဲ့ဖြစ်သည်။
နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ရှမ်းမြောက်၊ ကချင်တို့မှ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ဆက်သွယ်မှုလမ်းကြောင်းများကို ဖြတ်တောက်နိုင်ရေး စစ်တပ်က ဗျူဟာမြောက် ကြိုးပမ်းနေကြောင်း စစ်ရေးလေ့လာသုံးသူများကဆိုသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်နိုင်ခဲ့သည့်နယ်မြေများကြောင့် ရှမ်းမြောက်နှင့် မန္တလေးတိုင်းမှတဆင့် အညာဒေသစစ်ကိုင်းတိုင်းအထိ ကူးသန်းသွားလာမှုလမ်းကြောင်း လွယ်ကူခဲ့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်သုံးဖွဲ့အနက် ရှမ်းမြောက်မှ ကိုးကန့်တပ်နှင့် တအာင်းတပ်တို့ အပစ်ရပ်သွားပြီးနောက် ရှမ်းမြောက်နှင့် မန္တလေးတိုင်းကို ချိတ်ဆက်ထားသည့်လမ်းကြောင်းအချို့ ပိတ်ဆို့ဖြတ်တောက်ခံရသည်။
ထို့အပြင် လူပေါင်းထောင်ချီသေဆုံးခဲ့ရသည့် စစ်ကိုင်းငလျင်အလွန်တွင် စတင်ခဲ့သည့် စစ်တပ်၏ တန်ပြန် ထိုးစစ်အတွင်း မန္တလေးတိုင်းမှ ၎င်းတို့ဆုံးရှုံးနယ်မြေများဖြစ်သည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းတို့ကို တဖြည်းဖြည်းချင်း ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် မတ်လအတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအထိ ဆက်လက်ထိုးဖောက်ဖြန့်ကြက်ခဲ့ရာ စစ်တပ်တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်နိုင်ခဲ့သည့် ထီးချိုင့်၊ အင်းတော်နှင့် မော်လူးမြို့တို့ကို တစ်လကျော်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်းကို ဆက်သွယ်ထားရာ အသက်သွေးကြော ဖြစ်သည့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို စစ်တပ်ပြန်လည်ထိန်းချုပ်လိုက်ခြင်းက စစ်ကိုင်းတိုင်းသာမက၊ မကွေးတိုင်း၊ ချင်း၊ ရခိုင်ပြည်နယ်ထိပါ တော်လှန်ရေးအင်အားစုများအတွက် ဖိအားများ တိုးလာစေကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
“အညာတော်လှန်ရေးအပြင် ချင်း၊ မကွေး၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ရခိုင်ပြည်နယ်ထိပါ စစ်တပ်ဘက်က ထိထိရောက်ရောက်ပိတ်ဆို့လိုက်နိုင်တဲ့အနေထားမျိုးပဲ” ဟု ၎င်းကဆိုသည်။
ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်းအားဖြင့် မြေပြန့်ဒေသရှိ တော်လှန်ရေးအင်အားစုများကို ခဲယမ်းရရှိရေးဖိအား ပိုမိုကြီးမားလာသည်။
“လုံခြုံရေးအပိုင်းရော၊ ဆက်သွယ်ရေးလမ်းကြောင်းရောအများကြီး အကန့်အသတ်ဖြစ်သွားတယ်။ နဂိုတည်းက ခဲယမ်းရရှိဖို့ခက်ခဲတယ်။ ဆေးဝါးရရှိဖို့ခက်ခဲတဲ့အခါမှာ လက်ရှိဖြတ်တောက်ခံလိုက်ရတဲ့ အခါမှာ စစ်ကိုင်းတိုင်း အင်အားစုတွေရောဆက်စပ်တဲ့ ပြည်မပိုင်း တော်လှန်ရေး အင်အားစုတွေပါ အခက်အခဲ အကျပ်အတည်းတွေ ပိုပြီးရှိလာစေနိုင်မယ်”ဟု CDM စစ်သားများဖြင့် ဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးအဖွဲ့ (MDSI)မှ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက မှတ်ချက် ပြုသည်။

စစ်တပ်က မန္တလေး – မြစ်ကြီးနားလမ်းကို ပြန်လည်ထိန်းချုပ်လိုက်ခြင်းကြောင့် တော်လှန်ရေး အင်အားစုများအနေဖြင့် အဟန့်အတားဖြစ်ပြီး ယခင်ကထက် ပိုမိုအခက်အခဲကြုံနိုင်ကြောင်း စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစုများကသုံးသပ်သည်။
“လုံးဝပြတ်တောက်သွားတယ်တော့မဟုတ်ဘူး။ တစ်လမ်းမဟုတ်တစ်လမ်းတော့ရှိတယ်။ အရင်ကထက်စာရင် ပိုပြီးခက်ခဲသွားမှာတော့ရှိတယ်”ဟု ရွှေဘိုခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ရှမ်းမြောက်တွင်တိုက်ပွဲများရပ်တန့်ပြီးနောက် နိုင်ငံအလယ်ပိုင်းတွင် စစ်တပ်က စစ်ရေးအရ ပိုမိုဖိအားပေးလာသလို စစ်မှုထမ်းဥပဒေအရ စစ်သားတစ်သိန်းကျော်အထိ စုဆောင်းလာနိုင်ခြင်းက စစ်တပ်တန်ပြန်ထိုးစစ်ကို တကျော့ပြန်ဦးမော့လာစေခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ဒရုန်းဒဏ်ကို အလူးအလဲခံခဲ့ရသည့် စစ်တပ်သည် နောက်ပိုင်းတွင် ထိုအားနည်းချက်ကိုပြင်ဆင်ကာ ဒရုန်းနည်းပညာကို အဆင့်မြှင့်တင်လာသည်။ ပြီးခဲ့သည့်နှစ်တွင် စစ်တပ်ကမြေပြင်စစ်ကြောင်းများတွင်ပါ ဒရုန်းကိုကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာရာ တော်လှန်ရေး အင်အားစုများအတွက် အဓိကစိန်ခေါ်မှုတရပ်ဖြစ်လာခဲ့သည်။
တော်လှန်ရေးအင်အားစုများဘက်တွင် လက်နက်ခဲယမ်း လိုအပ်ချက်ရှိသလို တိုက်ပွဲကာလရှည်ကြာသည်နှင့် စစ်ပန်းလာရသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း စစ်ရေးလေ့လာသူတို့က သုံးသပ် သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံရေးစိန်ခေါ်ချက် အမြောက်အများ ရှိနေသလို စစ်ရေးအရ လက်လွတ်ဆုံးရှုံးရမှုများလည်းရှိနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက မေလ ၅ ရက်နေ့တွင် ကျရောက်သည့် PDF ဖွဲ့စည်းတည်ထောင်ခြင်း ငါးနှစ်ပြည့်အခမ်းအနားတွင် ထုတ်ဖော်ပြောကြားထားသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် လှေနံဓားထစ်ဗျူဟာများကို မသုံးဘဲ ရန်သူ့အခြေအနေနှင့် မိမိ အင်အားပေါ် မူတည်၍ ပြောင်းလွယ်ပြင်လွယ်သည့် ပြည်သူ့စစ်မဟာဗျူဟာကိုသုံးပြီး တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF ငါးနှစ်ပြည့်နေ့တွင် ပြောကြားထားသည်။
စစ်တပ်ကကြိုးကိုင်ခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် သမ္မတရာထူးရယူကာ အသွင်ပြောင်းထားသည့် စစ်ခေါင်းဆောင်က ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် PDF များကို လက်နက်ချရန် ထုတ်ပြောထားပြီး တစ်ဖက်တွင်လည်း အင်အား အလုံးအရင်းဖြင့်ထိုးစစ်များ ဆက်တိုက်အရှိန်မြှင့်တင်နေခြင်းသည် စားပွဲဝိုင်းပေါ်ရောက်စေရန် ဖိအားပေး မောင်းသွင်းနေခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူတို့ကသုံးသပ်သည်။ စစ်တပ်၏ လက်နက်ချရန် ပြောဆိုချက်အပေါ် တော်လှန်ရေး အင်အားစုများက ပယ်ချထားသည်။
ကာကွယ်ရေးဦးစီးချုပ်သစ် ရဲဝင်းဦး လက်ထက်တွင် စစ်တပ်က ၎င်းတို့လက်လွှတ်ခဲ့ရသည့် နယ်မြေများ ပြန်လည်စိုးမိုးနိုင်ရေးနှင့် အရေးပါသည့်ဆက်သွယ်ရေးလမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပိုမိုဖိအားပေးတိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့်စစ်ရေး လေ့လာသူများကသုံးသပ်သည်။
မန္တလေး – မြစ်ကြီးနားလမ်း အဓိကကျသည့် လမ်းမကြီးတစ်ခုကိုထိန်းချုပ်လိုက်သလို အညာဒေသ စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်က အင်အားတိုးဖြည့်နေပြီး မိုးတွင်းကာလတွင် အရေးပါသည့် လမ်းများကို ဆက်လက် ထိုးစစ်ဆင်လာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများကတွက်ဆထားသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း ရွှေဘိုမြို့နယ်တွင်လည်း ရေခါး၊ သစ်ဆိမ့်၊ ရေဖြူဝန်းကျင်တွင် အင်အားများဖြည့်တင်းထားသလို စစ်ကိုင်းမြို့နယ် ဆားတောင်တွင်လည်း အင်အားတိုးချဲ့ထားပြီး စစ်ကိုင်း – ရွှေဘို အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမကြီးကို စစ်ကြောင်းထိုးလာနိုင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ထို့အပြင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်ခရိုင်တွင် ပုလဲ၊ ယင်းမာပင်၊ ကနီမြို့နယ်တို့ကို စစ်တပ်က ပြီးခဲ့သည့်လပိုင်းကစ၍ စစ်ကြောင်းများဖြန့်ကြက် နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်နေရာ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများပြင်းထန်နေသည်။
စစ်တပ်နယ်မြေစိုးမိုးရန် ကြိုးပမ်းနေသည့် ထိုဒေသမှာ ပုံတောင်ပုံညာနှင့် ထိစပ်နေပြီး မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်အထိ ခြေဆန့်နိုင်သည့်အတွက် အချက်အချာကျသည့်နေရာလည်းဖြစ်သည်။
ထိုသို့ စစ်ကိုင်းတိုင်းတွင်တိုက်ပွဲများ စစ်တပ်က ထိုးစစ်ဆင်နေသည့်အပြင် ပြည်နယ်ထက်ဝက်ကျော် လက်လွှတ်ထားရသည့် ချင်းပြည်နယ်တွင်လည်း ထိုးစစ်အရှိန်မြှင့်နေသည်။
ချင်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကိုချိတ်ဆက်ထားသည့် ဖလမ်းမြို့ကို စစ်တပ်က ခုနစ်လကြာ ထိုးစစ်ဆင်ပြီး ဧပြီလတွင် ပြန်လည်သိမ်းပိုက်ကာ ခြေကုပ်တိုးချဲ့ရယူခဲ့သည်။ ထို့အပြင် တီးတိန်မြို့ကိုလည်း အင်အားဖြည့်တင်းနေပြီး စစ်တပ်က အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာဖွယ်ရှိနေသည်။
ချင်းပြည်နယ်မှာ မြို့နယ် ကိုးခုရှိသည့်အနက် စစ်တပ်က ပြည်နယ်မြို့တော် ဟားခါး၊ တီးတိန်၊ ဖလမ်းတို့ကို ထိန်းချုပ်ထားပြီး ထန်တလန်ကိုလည်း တစ်စိတ်တစ်ပိုင်းခြေကုပ်ယူထားနိုင်သည်။ ချင်းပြည်နယ် တောင်ပိုင်းရှိ ပလက်ဝကို အာရက္ခတပ်တော် (AA)၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ကို ချင်းညီနောင်နှင့် တွန်းဇံကို ချင်းပြည်ကောင်စီက ထိန်းချုပ်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို လက်လွှတ်ထားရသော စစ်တပ်သည် ချင်းတောင်နှင့် ထိစပ်နေသည့် မကွေးတိုင်းဘက်မှတဆင့် လက်နက်၊ လူအင်အားဖြည့်တင်းပြီး ထိုးဖောက်ရန် စစ်ပြင်နေသလို လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
မကွေးနှင့် ရခိုင်ကိုဆက်သွယ်ထားသည့် ဆော- မင်းတပ်လမ်းပိုင်းပေါ်ရှိ အချက်အချာကျသော ဆောမြို့နယ် ကံကြီးရွာတွင် ဧပြီလကုန်ပိုင်းကစပြီး အင်အား၂၀၀ နီးပါးဖြင့် အထိုင်ချတပ်စွဲထားသည်။
မကွေးတိုင်းမြောက်ဘက် ယောဒေသ၊ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ကံကြီးရွာကို စစ်တပ်ထိန်းချုပ်လိုက်ခြင်းကြောင့် ရခိုင်သို့ ကုန်စည်တင်ပို့မှု ပြတ်တောက်သွားပြီး ဒေသတွင်း အခြေခံကုန်စည်များအပါအဝင်ကုန်ဈေးနှုန်းများ မြင့်တက်လာသည်။
ထို့အတူ မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း စစ်တပ်က အင်အား ၅၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေပြီး ချင်းတောင်ဘက်အထိ အင်အားဖြည့်တင်းရန် ဦးတည်လာဖွယ်ရှိကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများကဆိုသည်။
ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများမှာ တော်လှန်ရေးအင်အားစုများအတွက် လက်နက်ခဲယမ်း၊ ရိက္ခာဖြည့်တင်းနိုင်မှု၊ အုပ်ချုပ်ဆက်သွယ်ရေး၊ ထောက်ပံ့ရေးတို့နှင့်ဆက်စပ်နေသည့် အရေးပါသော ရင်းမြစ်ဖြစ်သည့်အတွက် ထိုလမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက်ခံရခြင်းသည် တိုက်ပွဲအရှိန်အဟုန်အပေါ် ရိုက်ခတ်မှုကြီးမားကြောင်း CDM စစ်သားများက သုံးသပ်သည်။
“ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်မှုကတော့ တော်လှန်ရေးဆိုတာထက် မြေပြင်တိုက်ပွဲရဲ့ အရှိန်အဟုန်တွေကိုတော့ တုံ့ဆိုင်းသွားနိုင်တယ်။ နောက်ပိုင်းကျရင်တောင်မှပဲ ချည့်နဲ့ သွားသည်အထိ ဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
စစ်အင်အား၊ လက်နက်အင်အားသာလွန်မှုဖြင့် စစ်ရေးဖိအားတိုးမြင့်လာသည့်တိုင် တော်လှန်ရေး အစောပိုင်းကာလနည်းတူ ပြောက်ကျားနည်းဖြင့် တွန်းလှန်တိုက်ခိုက်မှုများ ဆက်ရှိနေမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစုများက ဆိုသည်။
“လူထုကိုအခြေပြုပြီးတိုက်တာဆိုတော့ ပြောက်ကျားစစ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့အနေအထား ဖြစ်တဲ့အတွက် ရန်သူကတော့ ပစ်မှတ်ထားတဲ့ ရည်မှန်းချက်ကိုတော့ ရောက်အောင် သွားကောင်း သွားနိုင်လိမ့်မယ်။ ဒါပေမဲ့လည်း တော်လှန်ရေး အင်အားစုတွေဘက်ကတော့ ဒါကိုနည်းမျိုးစုံနဲ့ ချေဖျက်ဖို့ အမြဲတမ်းလုပ်နေမှာပါ”ဟု စစ်ကိုင်းတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။



