ဒီကနေ့ (မေလ ၈ ရက်) ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ် (၉၀) ပြည့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်နဲ့ တော်လှန်ရေးနယ်မြေတွေမှာ ကျောင်းသားမျိုးဆက်အသီးသီးက အထိမ်းအမှတ်အခမ်းအနားတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။
အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီအစိုးရလက်ထက် ဒုတိယကျောင်းသားသပိတ်ကာလဖြစ်တဲ့ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့မှာ တည်ထောင်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်း ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသား၊ ကျောင်းသူ အများအပြား ဖမ်းဆီးခံခဲ့ရသလို လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြတဲ့ ကျောင်းသားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဗကသများအဖွဲ့ချုပ်ကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။
မြေအောက်လှုပ်ရှားမှု အသွင်သဏ္ဍာန်နဲ့ ဗကသအလံကို ဆက်လက်သယ်ဆောင်နေသလို “ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်” ဆိုတဲ့ ခံယူချက်နဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်လည်းဖြစ်၊ တွဲဖက်အတွင်းရေးမှူး (၂) လည်းဖြစ်သူ မခင်နီက ပြောပါတယ်။
မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ စစ်အုပ်စု၊ စစ်အစိုးရနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ “စစ်သုံးစစ်” နဲ့ တည်ဆောက်ထားတဲ့ အာဏာရှင်စနစ်ကို ဗကသများအဖွဲ့ချုပ်အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မခင်နီက Myanmar Now နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ တက္ကသိုလ်အသီးသီးမှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ ဗကသများအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေကို မခင်နီက ပြောပြထားပါတယ်။
ကိုချို / Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



