မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကျေးရွာနှစ်ရွာတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒေသခံများကို ဒရုန်း၊ လေယာဉ်တို့ဖြင့် လိုက်လံ ပစ်ခတ်ရာ မိသားစုဝင်သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒေသခံလေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
မန္တလေးမြို့၏အနောက်တောင်ဘက် မိုင် ၄၀ ကျော်အကွာ ငါန်းဇွန်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာ ဖြစ်သည့် မင်းဂျိုနှင့် တောင်လယ်တောရွာတို့ကို ယမန်နေ့(မေလ ၇ ရက်) နံနက်တွင် ငါန်းဇွန်မြို့ပေါ်မှ ထွက်လာသည့် စစ်သားနှင့်ပြည်သူ့စစ် အင်အား ၁၅၀ ခန့်ပါရှိသည့်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ယင်းကဲ့သို့ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မင်းဂျိုရွာမှ အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။
“စစ်ကြောင်းဝင်လို့ ထွက်ပြေးတဲ့လူတွေကို Mi 35 နဲ့ ရော၊ ဒရုန်းနဲ့ရော ပြည်သူမှန်းသိသိရက် လိုက်ပစ်တာ။ ကျွန်တော်တို့ရွာက လေးဦး ဒဏ်ရာရတယ်။ ဘေးရွာ (တောင်လယ်တော) က မိသားစုသုံးဦး ပွဲချင်းပြီး သေတယ်”ဟု ထိုသူက ဆိုသည်။
သေဆုံးသူများသည် တောင်လှေတောရွာမှ အသက် ၆၀အရွယ်ဝန်းကျင်များဖြစ်သော ဦးပြေသောင်းနှင့် ဇနီးဖြစ်သူ ဒေါ်ကြည်ရွှေ၊ သားဖြစ်သူ ကိုလင်းဆန်းဦး (၄၀ နှစ်) စုစုပေါင်း သုံးဦးဖြစ်ပြီး၊ မင်းဂျိုရွာမှ ဒေါ်ဇင်မာဌေး (၄၅ နှစ်) ၊ ကိုရဲမင်းထွန်း (၃၅ နှစ်)၊ မနန္ဒာလွင် ( ၁၇ နှစ်)၊ ဒေါ်သန္တာဝင်း (၄၂ နှစ်) တို့မှာ ဦးခေါင်း၊ မျက်နှာ၊ ခြေထောက်တို့ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
မင်းဂျိုရွာမှ နောက်ထပ်ဒေသခံတစ်ဦးကလည်း ယမန်နေ့ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ၎င်းကိုယ်တိုင် အသက်အန္တရာယ်ကြုံခဲ့ရကြောင်း ဆိုသည်။
“ကျွန်တော် ဖုန်းပြောနေတုန်း (လေယာဉ်) ခေါင်းပေါ်တည့်တည့်ရောက်လာတာ။ ပြေးဝပ်လိုက်ရတယ်။ ကံကောင်းလို့သာဗျာ။ လေယာဉ်မောင်းတဲ့ကောင်တွေပါ မြင်လိုက်ရတယ်။ ထန်းတစ်ပင်ခွဲ အမြင့်ကနေ၊ တော်တော်နီးနီးကနေကို လိုက်ပစ်တာ”ဟု ထိုသူက အခြေအနေကို ပြောပြသည်။
ထို့အပြင် မင်းဂျိုရွာမှ အိမ်ခြေ ၁၅ လုံးခန့်ကို အဆိုပါစစ်ကြောင်းက ဝင်ရောက်မွှေနှောက် ရှာဖွေပြီးနောက် လက်ဝတ်ရတနာ၊ ငွေကြေး၊ စက်ပစ္စည်းများနှင့် ဆန်ဆီစသည့် တန်ဖိုးရှိပစ္စည်းများနှင့် အိမ်သုံးအသေးအဖွဲ ပစ္စည်းများကိုပါမချန် ဖောက်ထွင်းယူဆောင်သွားရာ ၎င်းရွာမှ ကျပ်သိန်း ၁၅၀၀ ကျော်ဖိုးမျှ ဆုံးရှုံးခဲ့ရကြောင်း အထက်ပါအမျိုးသားက ဆက်ပြောသည်။
“အားလုံးကပြေးကြတော့ ကျန်ခဲ့တဲ့ ဈေးဆိုင်ကြီးတွေက ပစ္စည်းတွေကို အကုန်ဖောက်ယူတယ်။ လက်ဝတ်ရတနာတွေကစလို့ အိမ်ဆိုင်တွေက ဆန်ဆီတွေ အထိ၊ နောက်ဆုံး တန်ဖိုးမရှိတဲ့ ရေဖလားအစ အကုန်သယ်သွားကြတာ”ဟု ဆိုသည်။
“မြင်လိုက်တဲ့သူတွေပြောတာတော့ ဒီရွာကစစ်မှုထမ်းခေါ်ထားတဲ့ကလေးတစ်ယောက်ကို လမ်းပြခေါ်လာတာ။ ပြီးတော့ ငါန်းဇွန်တနယ်လုံးက ပျူတွေရောပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကြောင်း စတင်ဝင်ရောက်သည့် မင်းဂျိုရွာသည် ငါန်းဇွန်မြို့၏တောင်ဘက် ကိုးမိုင်၊ မြို့သာမြို့၏ မြောက်ဘက် ခုနစ်မိုင်ကျော်အကွာတွင်ရှိပြီး တောင်လယ်တောရွာသည် မင်းဂျိုရွာ၏ တောင်ဘက် နှစ်မိုင်ခန့် အကွာတွင် တည်ရှိသည်ဟုသိရသည်။
ထိုရွာနှစ်ရွာသည် ငါန်းဇွန်-မြို့သာကားလမ်းမပေါ်တွင်တည်ရှိပြီး အိမ်ခြေ ၇၀၀ ခန့်စီနှင့် ယခင်က လူဦးရေ ၃၀၀၀ နီးပါးနေထိုင်ကြသောရွာကြီးများဖြစ်သည်။ အာဏာသိမ်းပြီးနောက် မြို့နယ်အတွင်း နယ်မြေ မအေးချမ်းမှုများ ကြောင့် စစ်ဘေးတိမ်းရှောင်နေကြရာ လက်ရှိတွင် လူဦးရေ ၃၀၀ ခန့်သာ နေထိုင်ကြသည်ဟု သိရသည်။
စပါး၊ ပဲ၊ နှမ်း၊ ကြက်သွန်တို့ကို အဓိကစိုက်ပျိုးကာ အတန်အသင့်ဖွံ့ဖြိုးခဲ့သည့်ကျေးရွာများဖြစ်သည်။
ထိုရွာနှစ်ရွာထဲမှ တောင်လယ်တောရွာသည် အာဏာမသိမ်းမီ ယခင် ရွေးကောက်ပွဲများတွင်မူ ပြည်ခိုင်ဖြိုးပါတီက အမြဲနိုင်လေ့ရှိသည့် ပြည်ခိုင်ဖြိုးအားကောင်းခဲ့သည့်ရွာ ဖြစ်သည်ဟု အထက်ပါ မင်းဂျိုရွာသားက ဆက်ပြောသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော် မန္တလေးမြို့နှင့် မိုင် ၄၀ အကွာ ငါန်းဇွန်မြို့နယ်သည် စစ်တပ်က ပြုလုပ်ခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၃)တွင် ပါဝင်ခဲ့ပြီး ထိုမြို့နယ်၌ စစ်ရေးတည်ငြိမ်မှု မရှိသည့်အတွက် မြို့ပေါ်တွင်သာ မဲပုံးထောင်နိုင်ခဲ့သည်။ မြို့အနီးကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုမြို့နယ်တွင် မြို့အတွင်းစစ်တပ်နှင့် အနီးတဝိုက်တော်လှန်ရေးတပ်ဖွဲ့တို့၏ မကြာခဏ ထိတွေ့မှုများရှိပြီး ရွေးကောက်ပွဲအပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကို အရှိန်အဟုန်မြှင့် လုပ်ခဲ့ရာ ဒေသခံအသေအဆုံး များစွာရှိခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ ညနေတွင်လည်း ငါန်းဇွန်မြို့နယ် နတ်ကြီးစင်ရွာမှ ရှင်လောင်းလှည့်အလှူပွဲကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချရာ ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ကလေးများ အပါအဝင် အမျိုးသားသုံးဦး၊အမျိုးသမီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
အာဏာသိမ်းစစ်တပ်သည် မန္တလေးတိုင်းအတွင်း ငါန်းဇွန်မြို့နယ်ကို အရေးပေါ်အခြေအနေဆက်လက် ကြေညာထားကာ လက်ရှိတွင် စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ၍ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။
ငါန်းဇွန်မြို့နယ်မှ မြို့အနီးကျေးရွာ ခုနစ်ရွာခန့်မှလွဲ၍ သံကုန်း၊ ဆပ်ပြာကျင်း၊ သပြေကန်၊ ခလမ်းရိုး၊ ကုန်းလယ်၊ ငါန်းမြာကြီး၊ မိုးတောင်၊ တောင်လယ်တော၊ မင်းဂျို စသည့်ရွာများအပါအဝင် ကျေးရွာပေါင်း များစွာမှ ဒေသခံ တစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။
မန္တလေးတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသော မြို့များကို စစ်တပ်က ပြန်ရ သွားသလို တော်လှန်ရေးအဖွဲ့များ အားကောင်းသော မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စသော မြို့နယ်များဘက်တွင်လည်း အင်အားအလုံးအရင်း စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေ ဆုတ်ခွာပေးနေရသည်ဟု စုံစမ်းသိရှိရသည်။



