တပတ်တာထဲမှာ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ သတင်းတွေကို ပြောပြပေးမယ့် Myanmar Now ရဲ့ သတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။
- မြန်မာစစ်တပ်က မကြာသေးခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ အာဆီယံနိုင်ငံတွေကြား တူညီတဲ့သဘောထားမရှိသေးဘူးလို့ အခုတပတ်ထဲ မှာလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တဖက်မှာလဲ နိုင်ငံတကာကအလိုရှိတဲ့ စစ်ရာဇဝတ်သား လဲဖြစ် ၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)နဲ့အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) တို့မှာ စွဲဆိုထားတဲ့ အမှုတွေ လဲ ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ကို အရှေ့တီမောနိုင်ငံမှာ စွဲဆိုထားသောအမှုက တီမောတရားရေးဌာနက နေ တရားရုံးကို လွှဲလိုက်ပြီး အမှုကိုဆက်လက် စစ်ဆေးသွားဖွယ်ရှိနေပါတယ်။
- CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့သားသမီးတွေကို ဆွေစဉ်မျိုးဆက် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ တခြားအထောက်အထားတွေ မထုတ်ပေးရေးမူဝါဒကို ထိုင်းနိုင်ငံအခြေစိုက် စစ်အုပ်စုလက်အောက်ခံ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက စတင်ကျင့်သုံးလာပါတယ်။
- တော်လှန်ရေးတပ်တွေ နှစ်နှစ်ကျော် သိမ်းထားတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မော်လူးမြို့ကို မေလ ၅ရက်မှာ စစ်တပ်က ပြန်ထိန်းချုပ်သွားခဲ့ပါတယ်။မော်လူးမြို့နဲ့ မိုင် ၂၀ အကွာ အင်းတော်မြို့ကို ဧပြီလကုန်မှာ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပြီး ရာနှင့်ချီတဲ့ အင်အားတွေနဲ့ မော်လူးကို ထပ်ပြီး စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာပါ။
- မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီး မေလ ၄ ရက်မှာ ချုံခိုတိုက်ခိုက်ခံရပြီး တပ်စိတ်မှူး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။တောင်သာနယ်ထဲ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ဖို့ ထွက်လာချိန် စစ်တပ်ရဲ့ တန်ပြန်ချုံခိုတိုက်ခိုက်တာကို ခံရတာဖြစ်ပြီး ဖြစ်စဉ်အပြီးမှာစစ်တပ်က အနီးအနားက သံဘိုရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ဆက်စစ်ကြောင်းထိုးလာခဲ့တဲ့ သတင်းတွေကို တင်ဆက်ပေးပါမယ်။
တင်ဆက်-သဇင်လှိုင် တည်းဖြတ်-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



