အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ရိုးတောင်ပေါ်က ဝေးကွာနေဆဲ အိမ်ပြန်ခရီးကြမ်း

အမ်း-ပဒါန်းလမ်းတစ်လျှောက် နေထိုင်ကြတဲ့ အရှိုချင်းလူမျိုးစုတွေဟာ တောတောင်များနဲ့ ဘေးလွတ်ရာတွေမှာ စစ်ရှောင်ခိုလှုံနေထိုင်နေကြရပြီး နေအိမ်ကို အမြန်ဆုံးပြန်လိုကြတယ်လို့ ဆိုကြပါတယ်။

ရခိုင်ရိုးမတောင်တန်းကြီးက ရခိုင်နဲ့ ပြည်မဘက်ကို ဆက်သွယ်ထားတဲ့ တောင်တန်းကြီးတစ်ခု ဖြစ်တာကြောင့် နေ့ရောညပါ ကားဟွန်းသံဆိုင်ကယ်သံနဲ့ ကုန်ကားကြီးတွေရဲ့ အသွားအပြန် ခရီးတွေက  ရိုးမတောင်တန်းပေါ်  အမ်း- ပဒါန်းလမ်းပိုင်းက နေအိမ်တွေကို ညအိပ်ပျက်စေတဲ့အထိလို့ ဒေသမှာ နေထိုင်သူတွေက ဆိုပါတယ်။ 

အဲဒီ ရိုးမတောင်တန်း လမ်းပိုင်းတစ်လျှောက် မကွေးတိုင်းထဲမှာ တောင်ယာအလုပ် အဓိကလုပ်ကိုင်ကြတဲ့ တောင်သူတွေနဲ့ “အရှို”လို့ ခေါ်တဲ့ ချင်းလူမျိုးစုတွေ နေထိုင်ကြတာဖြစ်ပါတယ်။ 

အရင်က ကားမီးရောင်၊ ဟွန်းသံတွေနဲ့ ဆူညံခဲ့တဲ့ ဒီတောင်ပေါ်လမ်းမှာတော့ အခုဆိုရင် ကျည်ခွံတွေ၊ စစ်အသုံးအဆောင်ပစ္စည်းအဟောင်းအနွမ်း အပျက်အစီးတွေ၊ ဖောက်ခွဲမီးရှို့ခံရတဲ့ ကားအပျက်တွေနဲ့ ပြည့်နှက်နေပါတော့တယ်။ 

“တချို့နေရာတွေမှာ ပြန့်ကျဲနေတဲ့ အရိုးစုတွေ၊ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ အပျက်အစီးတွေရှိတယ်။ သာယာလှပတဲ့ ရှုခင်းတွေနဲ့ နေ့လယ်နေ့ခင်းကြီးဆိုပေမယ့် လူသူကင်းမဲ့ပြီး ထိတ်လန့်စရာကောင်းနေပါတယ်။ 

ရိုးမကို မှီခိုလုပ်ကိုင်နေကြတဲ့ ဒေသခံတွေဟာလည်း အသိုက်အမြုံပျက်၊ အိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ရပြီး ဆာလောင်မွတ်သိပ်မှုဒဏ်တွေကို ခံစားနေရတယ်လို့ ဆိုကြပါတယ်။ 

စစ်ပွဲရောက်ရှိလာခြင်း 

ရိုးမရဲ့ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ၂၀၂၄ နှစ်ကုန်မှစပြီး တိုက်ပွဲစတင် ဖြစ်ပွားခဲ့တဲ့ အချိန်ကစလို့ အမ်း- ပဒါန်းလမ်းပိုင်းမှာရှိတဲ့ ဒေသခံအများစုဟာအာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှု၊ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ဘဝ ရောက်ခဲ့ရတာလို့ ဆိုပါတယ်။

” စခန်းချပြီး တစ်လလောက်နေပြီးတာနဲ့ ရွာကို စစ်တပ်က မီးရှို့လိုက်တော့ ကျွန်တော်တို့က တောထဲ စစ်ရှောင်နေရပါတယ်” လို့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘူးဘောကျေးရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ယောက်က ပြောပါတယ်။ 

ဘူးဘောရွာဟာ အမ်း – ပဒါန်းလမ်းပိုင်းမှာ တည်ရှိတာ ဖြစ်ပြီး အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၀၀ ကျော် နေထိုင်ခဲ့ပါတယ်။ အဲဒီရွာကို စစ်ကြောင်းထိုး ဝင်ရောက်နေထိုင်နေတဲ့အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲ မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ 

ဘူးဘောရွာလိုပဲ စစ်ကြောင်းထိုး မီးရှို့ထားတဲ့ ရွာတွေ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတွေက ရိုးတောင်တစ်လျောက်မှာ တွေ့ရပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းက ပျက်စီးနေတဲ့ အဆောက်အအုံတစ်ခု။ (ဓာတ်ပုံ- ညီထွေး)

အခုလိုမျိုး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေက အာဏာသိမ်းစစ်တပ်အတွက် လုပ်ရိုး လုပ်စဥ်တစ်ခုလို ဖြစ်လာတာကို  အရပ်ဘက်အဖွဲ့တွေ၊ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အချက်အလက် တွေကလည်း သက်သေပြနေပါတယ်။ 

စစ်တပ်အာဏာသိမ်းချိန်က စပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မီးရှို့ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံတဝန်းမှာ နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး မီးလောင် ပျက်စီးသွားခဲ့တယ်လို့ Data For Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အဲဒီအထဲ စစ်ကိုင်းတိုင်းမှာ ၇၈,၈၉၆ လုံးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းထဲမှာ ၁၀၈,၀၆၅ လုံးနဲ့ ဒုတိယ အများဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုမျိုးမီးရှို့ ဖျက်ဆီးခံရမှုကြောင်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြတဲ့ ပြည်သူတွေမှာ စားဝတ်နေရေးစတဲ့အခက်အခဲပေါင်းများစွာကို ခါးစည်းခံရင်း နေထိုင်နေပါတယ်။

ရိုးမပေါ်က စစ်ရှောင်တွေဘဝ

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို ကြောက်ရွံ့လို့ တောတောင်တွေမှာ တဲတွေထိုးပြီး ပြန့်ကျဲနေထိုင်ရတဲ့ ရိုးမပေါ်က စစ်ဘေးရှောင်တွေမှာ ကျန်းမာရေး၊ စားဝတ်နေရေးစတဲ့ အခြေခံလိုအပ်ချက်တွေ မြင့်တက်နေပါတယ်။ 

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက်အပံ့တွေ မရှိကြသလို လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် ဥယျာဥ်တွေကိုလည်း မလုပ်နိုင်တော့ဘူးလို့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာ ဒေသခံ အသက် ၅၀ ကျော်အရွယ် ဒေါ်မေသက်စံက ပြောပါတယ်။ 

” တောင်ယာတွေခုတ်ရင် လေယာဥ်က မြင်ပြီး ဗုံးကြဲမှာစိုးတာကြောင်း ဒီအတိုင်း မခုတ်ဘဲနေကြတာ။ ကင်းထောက်တွေ၊ လေယာဥ်တွေကလည်း ဒီဘက်မှာက နေ့တိုင်းလိုလို ပျံသန်းနေတာလေ” လို့ ဆိုပါတယ်။ 

ဒီနှစ် (၂၀၂၆ ခုနှစ်) မှာတော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နေရာတွေများလာတာကြောင့် အရဲစွန့်ပြီး တနိုင်တပိုင် တောင်ယာခုတ်တာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ပထမဆုံး စပြီးလုပ်တာ ဆိုတော့ သီးနှံအထွက်နှုန်းကတော့ မသေချာသေးဘူးလို့ ပြောပါတယ်။ 

လက်ရှိမှာ တော်လှန်ရေးတပ်တွေရဲ့ ထောက်ပံ့တာတချို့နဲ့ပဲ စားဝတ်နေရေးပြဿနာကို အဆင်ပြေသလို ဖြေရှင်းနေရတယ်လို့ ရိုးမပေါ်က စစ်ဘေးရှောင်တွေက ပြောကြပါတယ်။ တပ်ဖွဲ့တွေဆီက အကူအညီ အထောက်အပံ့တွေ မရတဲ့အခါမျိုးဆိုရင် တောတောင်တွေကို မှီခိုပြီး ဟင်းသီးဟင်းရွက်တွေရှာ၊ သားကောင်တွေ လိုက်ဖမ်းပြီး ရှာဖွေစားသောက်နေကြရတယ်လို့ သိရပါတယ်။ 

နေအိမ်ခေါင်မိုးတွေ လုပ်ဖို့ သက်ကယ်တွေ ခုတ်နေတဲ့ ရိုးမတောင်ပေါ်က သက်ကြီးပိုင်း အမျိုးသမီး တစ်ယောက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဥ်။ (ဓာတ်ပုံ- ညီထွေး)

အရင်တုန်းက သားရဲတိရိစ္ဆာန်တွေ ပေါခဲ့တဲ့ ရိုးမတောင်တန်းကြီးမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေထိုင်မှု များလာပြီးနောက် သားရဲတိရစ္ဆာန်တွေတောင် ရှားပါးသွားပြီးလို့ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေက ပြောပါတယ်။ 

သူတို့အနေနဲ့ နေမကောင်းတစ်စုံတစ်ရာ ဖြစ်ပြီဆိုရင်လည်း ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေမှာ သွားပြကြရတာဖြစ်ပြီး လမ်းခရီးအဆင်မပြေမှု ဆေးဝါးမလုံလောက်တာတွေကြောင့် သေဆုံးခဲ့ရတာ လည်းရှိတယ်လို့ ဆိုပါတယ်။ 

အသက် ၃၀ ကျော်အရွယ် ဆလိုင်းအောင်အောင်ကတော့ နေမကောင်းဖြစ်ရင် အရင်က အချိန်တွေကို ပြန်သတိရတယ်လို့ ပြောပါတယ်။ 

“အရင်ရွာမှာနေတုန်းကတော့ နေမကောင်း တစ်စုံတစ်ခုဖြစ်ရင်လည်း မြို့ပေါ်က ဆေးရုံတွေမှာ ကားတွေ နဲ့သွားပြီး ဆေးကုသမှု ကောင်းကောင်းခံယူလို့ရတယ်။ အခုတော့ အရေးပေါ်လူနာတွေဆိုရင် လူနာကို စောင်တွေနဲ့ ထမ်းပိုးပြီး ခြေလျင်လျှောက်ပြီး တော်လှန်ရေးတပ်တွေမှာ ဖွင့်ထားတဲ့ ဆေးခန်းတွေကိုပဲ သွားပြရတာ” လို့ အသက် ၃၀ ကျော်အရွယ် ဆလိုင်းအောင်အောင်က ပြောပါတယ်။

အခုလိုမျိုး ဆေးဝါးအခက်အခဲ လမ်းခရီး အခက်အခဲတွေကြားမှာ မသေသင့်ဘဲ သေဆုံးသွားခဲ့ရတဲ့                            သူတွေလည်းရှိသလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးရာသီအတွင်းကဆိုရင် ငှက်ဖျားတွေ ပိုအဖြစ်များကြပြီး သေဆုံးသွားကြတဲ့ သူတွေလည်းရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။ 

အတူနေထိုင်တဲ့ စစ်ဘေးရှောင်မိတ်ဆွေ အသက် ၃၀ ကျော် အမျိုးသားတစ်ယောက်ဆိုရင်လည်း ငှက်ဖျားနဲ့ သေဆုံးသွားခဲ့တယ်လို့  ဆလိုင်းအောင်အောင်က ဆိုပါတယ်။ 

“ဆေးနဲ့လက်လှမ်းမမီတာ ငှက်ဖျားတိုင်းတဲ့ ကိရိယာတွေလည်း မရှိတော့ ရိုးရိုးဖျားတာထင်ပြီး ရိုးရိုးဆေး တွေသောက်လို့ မကောင်းတော့ အချိန်လွန်မှ ကျွန်တော်တို့ပို့ပြီး ဆရာဝန်ရှိတဲ့ ရွာကိုသွားတော့ အချိန်မမီတော့ လမ်းမှာ ဆုံးသွားခဲ့ရတယ်။ သူတို့မိသားစုလည်း တော်တော်ခံစားရတယ်။ ကျွန်တော်တို့လည်း ထပ်တူခံစားရတာပါပဲ” လို့ အတိတ်အကြောင်း ကြုံတွေ့ခဲ့ရတာကို သူက ပြောပြပါတယ်။

လမ်းခရီး အဆင်မပြေမှုတွေကြောင့် အရေးပေါ်လူနာတွေဆိုရင် စောင်တွေကို ပုခက်လုပ်ပြီး ဆေးကုသမယ့် နေရာတွေကို ကုန်းကြောင်းလျှောက်ပြီး ပို့ရတာဆိုတော့ အချိန်ကြန့်ကြာပြီး သေဆုံးမှုတွေလည်းရှိနေတာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း ဆေးဝါးတွေ စားသောက်ကုန် စျေးနှုန်းတွေကလည်း စျေးပိုတက်နေပါတယ်။ အရင်က ငွေကျပ် နှစ်ထောင်ရှိတဲ့ ပစ္စည်းတစ်ခုကို အခုအချိန်မှာ ငွေကျပ်ငါးထောင်လောက်ရှိနေပြီး သုံးဆလောက်ကို ကုန်စျေးနှုန်းတွေက ထိုးတက်နေတယ်။ 

တိုက်ပွဲတွေ မဖြစ်ခင်က အမ်း – ပဒါန်းလမ်းကို အခြေပြုပြီး ကုန်ပစ္စည်းတွေ သယ်ယူခဲ့ကြတာပါ။ အခုတော့ လမ်းသစ်တစ်ခုကနေ ဆိုင်ကယ်တွေနဲ့ တနိုင်တပိုင်ကုန်တွေ သယ်နေကြတာကို တွေ့ရပါတယ်။ ဆိုင်ကယ် မရှိတဲ့သူတွေမှာတော့ နာရီပေါင်းများစွာ ကုန်းကြောင်းလျှောက်ပြီး ကုန်သယ်ကြရပါတယ်။

လမ်းသစ်တစ်ခုကနေ ဆိုင်ကယ်နဲ့ ကုန်သယ်နေတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး။  (ဓာတ်ပုံ- ညီထွေး)

တစ်ဖက်မှာလည်း စစ်သားတွေက ကုန်ပစ္စည်းတွေ တော်လှန်ရေးတပ်တွေဆီ ရောက်သွားမှာ စိုးရိမ်တာကြောင့် ပစ္စည်းတွေကိုအနည်းအကျဥ်းသာ သယ်ယူခွင့် ပြုထားတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ ကုန်များများသယ်တာ တွေ့ရင် စစ်သားတွေက ပိုက်ဆံတောင်းတာတွေ၊ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

တိုင်းစစ်ဌာနချုပ်တွေအပါအဝင် နယ်မြေတွေ လက်လွှတ်ဆုံးရှုံးခံထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တပ်အင်အား ချည့်နဲ့လာမှုကို ဖြည့်တင်းဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကနေ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကလည်း အဲဒီ ဒေသမှာ ခြိမ်းခြောက်မှုရှိနေပါတယ်။ 

စစ်မှုထမ်းအတွက် ပေါ်တာ ဆွဲခံရတာတွေလည်း ရှိနေတော့ အမျိုးသားတွေက ကုန်ပစ္စည်းသယ်ယူဖို့ မသွားရဲ ဖြစ်နေကြတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။ 

“စစ်မှုထမ်းပါမှာစိုးတော့ အမျိုးသားအများစုက ပဒါန်းမြို့ကို မသွားရဲဘူး။ ဘယ်အချိန်ဖမ်းမလဲ မသိဘူးလေ။ စစ်ကြောင်းထိုးတဲ့ အချိန်နဲ့တွေလို့ ပေါ်တာဆွဲသွားရင်လည်း မတတ်နိုင်ဘူး။ ဒါကြောင့် ကုန်ပစ္စည်း သယ်ဖို့ကလည်း အမျိုးသမီးတွေပဲ သွားကြတယ်” လို့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ယောက် က ပြောပါတယ်။ 

ရိုးမတောင်ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်တွေမှာ စားဝတ်နေထိုင်ရေး၊ ကျန်းမာရေးစတဲ့ အခက်အခဲတွေအပြင်  ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ 

တောတောင်တွေမှာ နေရာပြန့်ကြဲနေထိုင်ရတာဖြစ်ပြီး တချို့နေရာတွေမှာ ကလေးငယ်တွေ ပညာသင်ရတာ ရှိပေမယ့် တချို့နေရာတွေမှာတော့ ကျောင်းမတက်ရတဲ့ ကလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ 

“တောထဲမှာဆိုတော့ ဘာကျောင်းမှ မတက်ရဘူးလေ။ ကလေးတွေ ကြီးလာရင် စာမသင်ချင်ဖြစ်လာမှာကို စိုးရိမ်တယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်က သားသမီးတွေအပေါ် သူ့ရဲ့ ပူပန်မှုကို ပြောပါတယ်။ 

သူ့မှာ ကလေး သုံးယောက်ရှိပြီး တစ်ယောက်ကတော့ လေးတန်း၊ နောက်တစ်ယောက်က မူကြိုကျောင်း တက်ရမယ့်အရွယ် ဖြစ်တယ်လို့ ပြောပါတယ်။ 

သူ့လိုမျိုး သားသမီးတွေ ကျောင်းမထားနိုင်လို့ စိုးရိမ်မှုတွေ ရှိနေတဲ့ မိဘတွေ ရှိနေပြီး တော်လှန်ရေးတပ် တွေအနေနဲ့ ကျောင်းထားပေးနိုင်အောင် လုပ်ပေးဖို့ မိဘတွေက လိုလားနေကြပါတယ်။

ရိုးမတောင်ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုရှိ ကလေးငယ် နှစ်ယောက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်က တွေ့ခဲ့ရစဥ်။(ဓာတ်ပုံ- ညီထွေး) 

နိုင်ငံအတွင်း ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကလေးငယ် ၄ ဒသမ ၅ သန်းကျော် ပညာသင်ကြားခွင့်ဆုံးရှုံးနေပြီး ပညာသင်ကြားဖို့ အခက်ခဲဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဒီနှစ် ဇန်နဝါရီလ ၂၄ ရက် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခကြားမှာ စီးပွားရေး၊ ပညာရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ ဆုတ်ယုတ်လာတယ်လို့ ပါရှိပါတယ်။ 

တိုက်ပွဲ အခြေအနေ

ရိုးမတောင်ရဲ့အနောက်ဘက်ခြမ်း ရခိုင်ပြည်၊ အမ်းမြို့ကို သိမ်းပိုက်ပြီးတဲ့အချိန်ကနေ အမ်း- ပဒါန်းလမ်းမှာရှိတဲ့ စစ်စခန်းတွေကို တောက်လျှောက် သိမ်းယူလာခဲ့တာ အခုဆိုရင် မကွေးတိုင်းဘက်ကို ရောက်လာခဲ့ပြီး ဖြစ်ပါတယ်။ 

လက်ရှိမှာ မကွေးတိုင်းထဲမှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ ရှိပါတယ်။ 

နတ်ရေကန်ဗျူဟာကုန်းဟာ ရခိုင်မကွေးနယ်စပ်ကနေ ငါးမိုင်လောက်အကွာ မကွေးတိုင်းဘက်မှာ တည်ရှိတာ ဖြစ်ပြီး မကွေးတိုင်းထဲကို ကာကွယ်ထားတဲ့ ဗျူဟာမြောက်ကုန်းတစ်ခုလည်းဖြစ်ပါတယ်။ 

နှစ်ဖက်လုံးအတွက် အရေးပါတဲ့ ဗျူဟာကုန်းဖြစ်တာကြောင့် စစ်တပ်အနေနဲ့ လေကြောင်း၊ လက်နက်ကြီး တွေသုံးပြီး ပြင်းပြင်းထန်ထန်ခုခံနေပါတယ်။

နတ်ရေကန်စခန်းကျရင် စစ်တပ်ရဲ့ ထောက်တိုင်လက်နက်စက်ရုံတွေ အများကြီးရှိတဲ့ မကွေးတိုင်းကို AA နဲ့ မဟာမိတ်တပ်တွေ ဝင်ရောက်နိုင်မှာဖြစ်တဲ့အတွက် စစ်တပ်က အင်အားထပ်ဖြည့်ပြီး အပြင်းအထန်ခုခံနေပါတယ်။

နတ်ရေကန်စခန်းရဲ့ အနောက်ဘက် ၁၆ မိုင်ခန့်အကွာမှာလည်း တရုတ်နိုင်ငံကို ပို့တဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းတစ်ခုလည်း ရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို AA  စတင်ထိုးစစ်ဆင်ကတည်းက အမ်း-ပဒါန်းလမ်းတစ်လျှောက် လှုပ်ရှားတဲ့ အရှို ချင်းတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်တွေ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု -People’s Revolution Alliance (PRA- Magway) တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အမ်း-ပဒါန်းလမ်းပေါ်က စစ်သားတချို့ရဲ့ အရိုးစုတွေ။ (ဓာတ်ပုံ-ညီထွေး)

နတ်ရေကန် ဗျူဟာကုန်းကို ကျော်ပြီး ခမောက်တောင်နဲ့ ဂုတ်ကြီးဘက်တွေမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ညောင်ကျိုး စစ်မျက်နှာလို့ လူသိများတဲ့ ရိုးမတောင်တန်းနဲ့ တဆက်တည်း တောင်ကုတ်- ပဲခူး အစပ်မှာ ရှိတဲ့ တပ်စခန်းတချို့ကိုလည်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး လက်ရှိတော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေက ကပစ ၁၆ အနီးထိ ရောက်ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြရေးသားတာ တွေ့ရပါတယ်။

စစ်တပ်ဘက်ကလည်း လက်လွှတ်ဆုံးရှုံးထားတဲ့ စခန်းတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ တန်ပြန်ထိုးစစ်ဆင် တာတွေရှိနေပြီး တိုက်ပွဲအရှိန်က ပြင်းထန်လာနိုင်ခြေရှိတယ်လို့ စစ်ရေးလေ့လာသူတွေ သုံးသပ်ထားတာ တွေကိုလည်း တွေ့ရပါတယ်။ 

ဝေးကွာနေဆဲ ဖြစ်တဲ့ အိမ်ပြန်ခရီးကြမ်း

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ရိုးမတောင်တန်းပေါ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်၊ ဦးဦးခန့်ရွှေကတော့ အရင်က စည်ကားစွာနေထိုင်ခဲ့တဲ့ ရွာကို လွမ်းမောနေပြီလို့ ပြောပါတယ်။ 

“အရင်က ဥယျာဥ်တွေလုပ်ပြီး သီးနှံထွက်လို့ ပျော်ခဲ့တဲ့ အချိန်တွေ စည်ကားခဲ့တဲ့ အချိန်တွေကို လွမ်းမိတာပေါ့” ဟု ဦးဦးခန့်ရွှေက ပြောပါတယ်။ 

တိုက်ပွဲတွေ ပြီးဆုံးသွားပေမယ့် စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေကတော့ သူတို့နေထိုင်ရာ ဒေသတွေမှာ ခြိမ်းခြောက်နေဦးမှာ ဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း စစ်ကျန် လက်နက်နဲ့ မြေမြုပ်မိုင်း အန္တရာယ်ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသတွေမှာ မကြာခဏ ဆိုသလို ဒေသခံတွေ ကြုံတွေ့နေကြရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာဆိုရင် ကမ္ဘာတစ်ဝန်းမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးမှု အများဆုံးမှာ မြန်မာနိုင်ငံ ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာက မြေမြှုပ်မိုင်းသုံးစွဲမှုပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံမှာ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ လူဦးရေ ၃ ဒသမ ၆ သန်းခန့် ရှိမယ်လို့ ဒီနှစ် ဇန်နဝါရီလက ခန့်မှန်းထားပါတယ်။

ရိုးမတောင်အပါအဝင် နိုင်ငံတဝန်း စစ်ဘေးသင့် ဒေသတွေမှာ ရှိနေတဲ့ စစ်ရှောင်တွေအဖို့ ကူညီထောက်ပံ့မှုတွေကတော့ မရသလောက်နည်းပါတယ်။ ကူညီတဲ့ အခြေအနေတွေကိုကြည့်ရင်လည်း ဆင်ပါးစပ်နှမ်းပက်သလိုမို့ မလောက်ငပါဘူး။ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ လူမှုစီးပွားရေး အခက်အခဲတွေ ပိုများလာနေသလို အိမ်လွမ်းစိတ်ကလည်းတိုးလာနေပါတယ်။ ဒါပေမဲ့ အိမ်ပြန်နိုင်ဖို့ အခြေအနေ ဝေးနေဆဲပါ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button