တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်က စနဲမြို့အနီးအခြေစိုက် ရေတပ်တစ်ခုပါ အခြေပြုပြီး ထိုးစစ်ဆင်မှုများ လုပ်လာသောကြောင့် မေလ ၁၀ ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စနဲမြို့မြောက်ဘက် ခုနစ်မိုင်ကျော်အကွာ၊ ကျောက်ဖြူမြို့တောင်ဘက် ၁၇ မိုင်ခန့်အကွာ တောင်မော်ဦး ရေတပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုရေတပ်စခန်းကို AA က ကာလအတန်ကြာကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားရာ စစ်တပ်က လာရောက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
“AA ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်ကြည့်တဲ့သဘောပါ။ အခုတော့ပြန်ဆုတ်သွားပြီ။ ဒရုန်းနဲ့ဗုံးကြဲသံတွေ တော့ကြားနေရတယ် “ဟု ၎င်းက ယမန်နေ့တွင် ဆိုသည်။
ယခုရက်ပိုင်းအတွင်း တောင်မော်ဦးရေတပ်စခန်းအပါအဝင် စစ်စခန်းများကို စစ်တပ်က စစ်အင်အား အများအပြား ပို့ဆောင်ထားကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင် တောင်မော်ဦးရေတပ်စခန်းနှင့် ဓညဝတီရေတပ်စခန်းတို့ကို စစ်တပ်က အင်အား ၃၀၀ ခန့်စစ်ကူပို့ခဲ့ကြောင်း၊ ဧပြီလနောက်ဆုံးပတ်တွင်လည်း စစ်စခန်းအသီးသီးသို့ လူအင်အား အများအပြားနှင့် လက်နက်ခဲယမ်းအများအပြားကို ဖြည့်တင်းခဲ့ကြောင်း AA နှင့်နီးစပ်သည့် Arakan Princess Media ကလည်း မေလ ၁၁ ရက်နေ့တွင် ရေးသားထားသည်။
စစ်တပ်နှင့် AA တို့သည် ယခင်က သိုင်းချောင်း၊ မင်းပြင်၊ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင်သာ တိုက်ပွဲ ဖြစ်ခဲ့ရာမှ တရုတ်စီမံကိန်းများရှိသော မဒေးကျွန်းအနီး တောင်မော်ဦးရေတပ်စခန်းကို အခြေပြု၍ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။
ထိုရေတပ်စခန်းမှနေ၍ တောင်ဘက်မှ AA ထိန်းချုပ်ထားသော စနဲမြို့ကို ထိုးစစ်ဆင်လာနိုင်မည်ဟု ယူဆရကြောင်း ကျောက်ဖြူဒေသခံ နောက်တစ်ဦးကပြောသည်။
“အဲဒီစခန်း(တောင်မော်ဦးရေတပ်စခန်း) ကနေ AA ထိန်းချုပ်ထားတဲ့ စနဲမြို့ဘက်ကို ဦးတည်တိုက်ခိုက် မလို့ထင်တယ်။ အခုတော့ ပြန်ဆုတ်သွားပြီလို့လည်းသိရတယ်။ စနဲဘက်ကလူတွေတော့ စစ်ကြောင်း ဝင်လာမှာကြောက်နေကြတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်တပ်သည် ကျောက်ဖြူမြို့နယ်အတွင်း သစ်ပုတ်တောင်ခွဆုံ၊ ဇိုင်ချောင်း၊ ဦးဂင်း၊ မင်းတက်တောင်၊ မရကျွန်း၊ ဗျားတဲတောင်ခွဆုံနှင့် စသည့်နေရာများ၌ နေရာယူတပ်စွဲထားကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က တစ်နိုင်ငံလုံးအနှံ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ချင်း ဒေသများကို စစ်ကြောင်းများထိုးကာ စစ်ရေးအရှိန်မြှင့်နေချိန် ၎င်းတို့အတွက် စစ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၌ အရေးပါသော ကျောက်ဖြူမြို့နယ်အတွင်းပါ စစ်အင်အား တိုးချလာခြင်းဖြစ်သည်။
ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းရှိပြီး ထိုဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်သည့် မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းများ လုပ်ဆောင်ရန် အာဏာသိမ်းစစ်တပ်က လိုလားနေသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်လာပြီး ဒေသခံများ စတင် တိမ်းရှောင်ခဲ့ကြရသည်။ ကျောက်ဖြူမြို့နယ် ကျေးရွာ ၇၀ နီးပါးရှိ လူသောင်းချီ စစ်ရှောင်နေရပြီး စစ်ဘေးရှောင်များသည် စားဝတ်နေရေး၊ သောက်သုံးရေများလည်း အရေးတကြီးလိုအပ်နေကြောင်း ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ဖေဖော်ဝါရီလအတွင်းတွင် Myanmar Now ကို ပြောထားသည်။
စနဲနှင့် ကျောက်ဖြူ နှစ်မြို့ရှိသော ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က ကျောက်ဖြူမြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်ပြီး စနဲမြို့အပါအဝင် ကျေးလက်ဒေသအများစုကို AA က ထိန်းချုပ်ထားသည်။

AA နှင့် စစ်တပ်တို့သည် ရခိုင်-မကွေး နယ်စပ်၊ ရခိုင်-ပဲခူး နယ်စပ်၊ ရခိုင်-ဧရာဝတီ နယ်စပ်တို့တွင်ပါ တိုက်ပွဲများ ဖြစ်ပွားနေပြီး ရခိုင်ဒေသအတွင်း စစ်တပ်ထိန်းချုပ်သော လက်ကျန်မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေတို့အနီး တိုက်ပွဲများ ရှိနေသည်။
အလားတူ ကချင်ပြည်နယ်ဝင်ပေါက် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း မဟာမိတ်တပ်များနှင့်အတူ AA က စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် ကသာမြို့နယ်အတွင်း စစ်တပ် ယာဉ်တန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး စစ်ကားနှစ်စီးပျက်စီးကာ လက်နက်ခဲယမ်းများ၊ အလောင်းများ ရခဲ့သည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။
ယခုနှစ်ဆန်းမှ စတင်၍ စစ်တပ်က AA ထိန်းချုပ်နယ်မြေများကို လေယာဥ်အများအပြား အသုံးပြုပြီး တပြိုင်နက်တည်း ဗုံးကြဲမှုများရှိနေသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။
မကြာသေးခင် မေလ ၇ ရက်တွင် လေကြောင်းဖြင့်ဗုံးကြဲမှုကြောင့် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာ အရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများ၊ ကျောက်တော် မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်တို့မှ အရပ်သား တစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း တစ်ဦး၊ ကလေး တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးခန့်လည်းရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ရခိုင်တစ်ပြည်နယ်လုံး သိမ်းမည်ဟု AA က ကြွေးကြော်ထားရာ ကျောက်ဖြူ၊ စစ်တွေနှင့်မာန်အောင်သာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။
နှစ်ဖက် စစ်ရှိန်မြှင့်လာနိုင်
လတ်တလောတွင် စစ်တပ်ဘက်က စစ်ရှိန်မြှင့်လာသလို AA ဘက်ကလည်း စစ်ရှိန်မြှင့်လာနိုင်ကြောင်း ရခိုင်စစ်ရေးစောင့်ကြည့်သူ အမျိုးသားတစ်ဦးက သုံးသပ်သည်။
ရခိုင်ပြည်နယ် လက်ကျန်မြို့များကို ၂၀၂၇ ခုနှစ်မကုန်ခင် အပြတ်သိမ်းပိုက်ပြီး အောင်ပွဲခံမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုနှစ် ဧပြီလ ၁၀ ရက်တွင် ပြောဆိုထားသောကြောင့် မြို့သိမ်းတိုက်ပွဲများကို အရှိန်မြှင့်တင်လာနိုင်သည်ဟု ၎င်းက ယူဆသည်။
“ဗိုလ်ချုပ်က ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်။ တပ်တော်(AA)က ထိုးစစ်ဆင်ရင် မကြာပါဘူး။ ကျောက်ဖြူကိုသိမ်းဖို့ကြာနေတာက နိုင်ငံရေးကိစ္စတွေကြောင့်လည်းပါမယ်ထင်တယ်။ ဒါပေမဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့ရုန်းထွက်ပြီး တိုက်ခိုက်မလဲဆိုတာ စောင့်ကြည့်ရမယ် “ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရခိုင်စစ်ရေးအခြေအနေသည် အမြင့်ဆုံးအနေအထားဖြစ်နေပြီး စစ်တပ်ဘက်ကလည်း ပင်လယ်ပြင်မှတဆင့် ကမ်းတက်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်စာရေးဆရာ ဝေဟင်အောင်က လည်း ပြောသည်။
“စစ်တွေရဲ့ စစ်မျက်နှာပြင်အနေအထားလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ကျောက်ဖြူဘက်မှာ လည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ ပြင်ပဖြစ်တဲ့ မကွေးတိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့မှာလည်း AA က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတဲ့အပိုင်းတွေ ရှိသလို တခြားတစ်ဖက်မှာ စစ်ကောင်စီဘက်ကလည်း သင်္ဘောတွေနဲ့ ကမ်းတက်ဖို့ ကြိုးစားနေတဲ့အပိုင်းတွေရှိတဲ့အတွက် ဒါဟာ စစ်ရေးအမြင့်ဆုံး အခြေအနေလို့ ပြောလို့ရပါတယ် “ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စစ်တွေမြို့နယ်တွင်လည်း လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး စစ်တပ်ဘက်ကလည်း တိုက်လေယာဥ်များဖြင့်လည်း တိုက်ခိုက်နေသည်။
အတုအယောင်ရွေးကောက်ပွဲမှတဆင့် တက်လာသော စစ်အစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များကို ဧပြီလ ၂၁ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း ဖိတ်ခေါ်ထားသည်။
သို့သော်လည်း စစ်တပ်က ထိုသို့ဗုံးကြဲတိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ယုံကြည်မှုတည်ဆောက်ရန် အလွန်ခက်ခဲကြောင်း စာရေးဆရာဝေဟင်အောင်က ပြောသည်။
“ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီဆိုလို့ရှိရင် ငြိမ်းချမ်းရေးရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ခြင်းက တော်တော်အရေးကြီးတယ်။ ယုံကြည်မှုတည်ဆောက်မယ်ဆိုရင် သူ့ရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြရတယ်။ ဥပမာဆိုပါစို့။ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်တာတို့၊ လေကြောင်းက တိုက်ခိုက်တာတို့ ပုံစံမျိုးကကျရင် ယုံကြည်မှုတည်ဆောက်ဖို့ တော်တော်ခက်တယ်။ ယုံကြည်မှုတည်ဆောက်ပြီး နောက်မှာမှ ငြိမ်းချမ်းရေးဆိုတာ နောက်တဆင့်လို့မြင်တယ် “ဟု ၎င်းက ဆိုသည်။
ရခိုင်ဒေသတိုက်ပွဲများနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။




