စစ်တပ်က နယ်မြေစိုးမိုးရန် ကြိုးပမ်းနေသော စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ပြီးခဲ့သည့် မေလ ၁၀ ရက် က ကသာမြို့နယ်အတွင်း စစ်တပ်ယာဉ်တန်းတစ်ခုကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး ပျက်စီးပြီး စစ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို ကသာမြို့တောင်ဘက် ၁၆ မိုင်ခန့်အကွာ၊ သံပုရာရွာ အနီး AA ဦးဆောင်ပြီး၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အထူးလှုပ်ရှားမတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၀ ရက်နေ့၊ ည ၈ နာရီခန့်တွင် တစ်ကြိမ်၊ မေလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တို့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး မီးလောင်ပျက်စီးပြီး စစ်သား ခြောက်ဦးသေဆုံးခဲ့ကာ ခဲယမ်းများ ၊ သေနတ် ခြောက်လက်နှင့် စစ်သုံးပစ္စည်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်များထံက သိရသည်။
ပထမအကြိမ်တိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် စစ်တပ်က ယာဉ်များပြန်လည်ပြင်ဆင်နေချိန် ဒုတိယ အကြိမ်တိုက်ခိုက်မှုတွင် စစ်တပ်အထိနာသွားသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကသာနားမှာ ယာဉ်တန်းလာတဲ့အချိန် ဖြစ်တာ၊ ထီးချိုင့်ထဲကနေ ကသာဘက် ဆက်သွားတဲ့နေရာပေ့ါ။ ရင်ကွဲတောင်ဆိုတဲ့နေရာမှာဖြစ်တာ။ ကားမီးလောင်သွားတယ်၊ သေလည်း သေကြတယ်”
တိုက်ပွဲအတွင်း AA၊ BPLA၊ MDY-PDF တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်များက အထိအခိုက်မရှိဘဲ၊ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ဧရာဝတီမြစ်ကြောင်းထိန်းချုပ်နိုင်ရေး ဗျူဟာအရအရေးပါသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်ကို ယခုလဆန်းတွင် စစ်တပ်က အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ထိုမှတဆင့် ကသာ၊ အင်းတော်၊ မော်လူး၊ ရွှေကူ စသည့် မြို့များကို စစ်တပ်က စစ်ကူများနှင့် ခဲယမ်းရိက္ခာများ ပို့ဆောင်ခဲ့ကြသည်။
ကသာမြို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး နေရာအများစု ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုနှစ်ဆန်း တွင် တိုက်ပွဲအရှိန်လျော့ကျခဲ့ကာ ဧပြီလနောက်ဆုံးပတ်၌ စစ်တပ်က မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ကသာမြို့နယ်၊ နဘားရွာဘက်မှတဆင့် လေးမိုင်အကွာ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်တွင် လည်းကောင်း၊ ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် မော်လူးမြို့ကို မေလ ၅ ရက်နေ့တွင် လည်းကောင်း စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါ မြို့များတွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည် စတင်ရန် ကြိုးစားနေသည်။
ရှမ်းမြောက်တွင် အစပြုခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှင့်အပြိုင် ကချင်ပြည်နယ် ဝင်ပေါက် “ ကသုံးလုံး” နယ်မြေဟု ခေါ်ဆိုသည့် ကောလင်း၊ ကသာ၊ ကန့်ဘလူနယ်မြေ များကို KIA၊ AA ၊ PDF နှင့် ကျောင်းသား တပ်မတော် (ABSDF) တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။
ခရိုင်အဆင့်မြို့ကြီးဖြစ်သော ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် NUG နှင့် ပူးပေါင်းတပ် များက သိမ်းပိုက်ခဲ့ပြီး သုံးလအကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြန်စွန့်လွှတ်ခဲ့ရသည်။
အချက်အချာကျသော ထီးချိုင့်မြို့ကို သိမ်းနိုင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ AA ၊ KIA၊ ABSDF နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သော်လည်း မြို့ကို မသိမ်းနိုင်ခဲ့ပေ။ ထိုကာလများအတွင်း စစ်တပ်၏ လေကြောင်းနှင့်လက်နက်ကြီးကြောင့် မြို့ပေါ် ရပ်ကွက် ငါးခုရှိသော မြို့လုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်။
စစ်တပ်ကဗန်းမောက်မြို့ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြန်ရယူနိုင်ခဲ့ပြီး ကန့်ဘလူတွင်လည်း ဝါသဝ ဦးဆောင်သော ပြည်သူ့စစ်များ အားကောင်းသဖြင့် ကျေးလက်တွင်သာ တော်လှန်ရေးတပ်များ စိုးမိုးနိုင်ခဲ့သည်။
ကသာ၊ ဗန်းမောက်၊ အင်းတော်၊ မော်လူးတို့ကို စစ်တပ်က ယခုနှစ်အတွင်း ပြန်ထိန်းချုပ်နိုင်သွားသဖြင့် လက်ရှိတွင် NUG အနေဖြင့် စစ်ကိုင်းတိုင်းအတွင်း ခမ်းပတ်၊ ရွှေပြည်အေးနှင့် ပင်လည်ဘူးမြို့တို့ကိုသာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေ ဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ပြီး မန္တလေးတိုင်းတစ်ခုလုံးနီးပါး စစ်တပ်က ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်သဖြင့် တော်လှန်ရေးတပ်များနှင့် ကူးသန်းသွားလာရာ ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သော စစ်ကိုင်းတိုင်းအထက်ပိုင်းသည် အရေးပါလာသည်။
စစ်တပ်က ထိုလမ်းကြောင်းကို ဖြတ်တောက်ရန် ကြိုးပမ်းနေပြီး တော်လှန်ရေးတပ် အားကောင်းရာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း တို့ကို တပြိုင်နက် စစ်ကြောင်းများထိုးနေသည်။
ပြန်သိမ်းထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့များ အုပ်ချုပ်ရေးစရန် စစ်တပ် ပြင်ဆင်
ယခုလဆန်းတွင် မန္တလေးမြို့မှ လာသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ စစ်ကူအင်အားများအား တင်ဆောင်လာသည့် ယာဉ်တန်းများမှာလည်း ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးမြို့များ၌ ရောက်ရှိနေသည်။
စစ်တပ်ဝါဒဖြန့်သူများက ထီးချိုင့်တွင် ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်း ၁၃၈ဦးနှင့် မိသားစုဝင်များ မေလ ၉ ရက်နေ့ ညနေတွင် ရောက်ရှိ လာကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြသည်။

အလားတူ အင်းတော်နှင့် မော်လူးမြို့များကို မေလ ၁၁ ရက် မွန်းလွဲတွင် ဝန်ထမ်းများ၊ အမြောက် လက်နက်ကြီးအချို့၊ ခဲယမ်းနှင့် ရိက္ခာများ အသုံးအဆောင်ပစ္စည်းများ တင်လာသည့် ယာဉ်အစီးရေ ရာဂဏန်းရှိ ယာဉ်တန်း ရောက်ရှိခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်ရန် ကြိုးမ်းနေသည်ဟု အင်းတော်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“အင်းတော်မှာတော့ ကျောင်းပြန်ဖွင့်မဖွင့် စောင့်ကြည့်ရမယ်။ ဘာလို့ဆို အင်းတော်က ကျောင်းတွေကအစ ပျက်စီးနေတာ။ နဘားနဲ့ မော်လူးမှာတော့ သူတို့ ကျောင်းဖွင့်ဖို့လုပ်မယ်လို့ သိရတယ်။ ၂၅ ရက်နေ့ ကျောင်းအပ်ရမယ်၊ ဒီနှစ်စာသင်နှစ်အမှီဆိုပြီးတော့ ပြောနေကြတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၄ ဩဂုတ်လမှ ၂၀၂၅ ဧပြီလအထိ ကြာမြင့်ခဲ့ပြီး အဆိုပါ တိုက်ပွဲ အတွင်း လက်နက်ကြီးများအပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အင်းတော်မြို့ရှိ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များပျက်စီးခဲ့သလို ယနေ့အထိ လူနေထိုင်ခြင်းမရှိသေးသည့် မြို့ပျက်တစ်ခုအနေဖြင့်သာ ရှိနေသည်။
ထို့ကြောင့် စစ်တပ်က အင်းတော်မြို့အစား နဘားကျေးရွာနှင့် အင်းတော်မြို့နယ်ခွဲတစ်ခုဖြစ်သည့် မော်လူးမြို့တို့တွင် စစ်တပ်အုပ်ချုပ်ရေးယန္တရားများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းနေသည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
“အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေလည်းပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေက မော်လူးမှာပဲထိုင်မယ်။ အင်းတော်ကတော့ ထိုင်မထိုင် စောင့်ကြည့်ရဦးမယ်။ သတင်းကြားရတာတော့ နဘားနဲ့ မော်လူးမှာပဲ ထိုင်မယ်ကြားတယ်။ ကျောင်းတွေကတော့ နဘားနဲ့ မော်လူးမှာပဲဖွင့်မှာ” ဟု အဆိုပါ ဒေသခံ အမျိုးသား ပြောသည်။
အင်းတော်နှင့် မော်လူးတွင် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပို့ဆောင်ခဲ့ပြီးနောက် ကျန်စစ်တပ် ယာဉ်တန်းများမှာ ကချင်ပြည်နယ် နန့်စီးအောင်ရွာမှတဆင့် မိုးညှင်းမြို့ကို ဖြတ်ကျော်ကာ မိုးကောင်းနှင့် မြစ်ကြီးနားမြို့များသို့ ဦးတည်နေသည်ဟု သိရသည်။


ကသာမြို့နယ်အတွင်း တိုက်ခိုက်မှုတွင် မီးလောင်သွားသော စစ်ကားတစ်စီး နှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-BPLA)



