စစ်တပ် ကြိုးကိုင်ခဲ့သည့် ရွေးကောက်ပွဲအလွန် စစ်ခေါင်းဆောင်က သမ္မတ ရာထူးယူပြီးနောက် နိုင်ငံအနှံ့ စစ်ရေးအရှိန်မြှင့်နေရာ ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ယောဒေသ ဆောမြို့နယ်ကို အင်အား အလုံးအရင်း စစ်ကြောင်းထိုးလာသဖြင့် ထောင်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသလို ယမန်နေ့ညနေမှစတင်၍ လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
ကျောက်ထုအမြောက်တပ်အခြေစိုက်ရာ ဆောမြို့နယ်သည် မကွေး၊ ချင်းမှသည် ရခိုင်အထိ သွားလာနိုင်သည့် လမ်းကြောင်းပေါ်တွင်ရှိပြီး ဆက်သွယ်ရေးအရ အချက်အချာကျသည့်ဒေသလည်းဖြစ်သည်။
ပေါက်မြို့နယ် ကပစ ၂၄ ဘက်မှ အင်အား ၅၀၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခုနှင့် လောင်းရှည်မြို့နယ် အခြေစိုက် အမှတ် (၂၅) စစ်လက်နက်စက်ရုံ ( ကပစ ၂၅ ) မှလည်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်း တစ်ခုတို့က ဆောမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည်။
စစ်တပ်က အင်အား ထောင်ဂဏန်းဖြင့် ယောဒေသကို အလုံးအရင်း စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ဒေသတွင်း စစ်ရေးသတင်းများကိုဖော်ပြနေသည့် ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တော်လှန်ရေးအစပိုင်းလောက်မှာပဲ ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကြောင်းနဲ့ သူတို့ ရိက္ခာထောက်ဖို့ လာခဲ့တာလောက်ပဲရှိတာ။ ဒီလောက် အင်အားများများနဲ့ ယောနယ်ကို တစ်ခါမှမထိုးခဲ့ဖူးသေးပါဘူး။ ခန့်မှန်းခြေ အင်အားက နှစ်ကြောင်းပေါင်း တစ်ထောင် ဝန်းကျင်ရှိမယ်” ဟု ထိုသူက ဆိုသည်။
ယမန်နေ့ (မေလ ၁၂ ရက်) တွင် ကပစ ၂၅ မှ အင်အား ၅၀၀ ဝန်းကျင်ပါ စစ်ကား ၁၇ စီးသည် လောင်းရှည်မြို့သို့ ရောက်ရှိလာပြီး ထိုအထဲမှ အင်အား ၁၅၀ နီးပါးကို ချန်၍ ကျန်အင်အားများမှာ ဆော- လောင်းရှည် လမ်းပိုင်းကို စစ်ကြောင်းထိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
အထက်ပါစစ်ကြောင်းသည် လက်ရှိတွင် ဆောမြို့နှင့် လေးမိုင်အကွာသို့ရောက်နေကြောင်း၊ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“၂၅ ကကောင်တွေက လောင်းရှည်မှာ တစ်ညအိပ်ပြီး ဒီနေ့မှာပဲစထွက်လာတာ။ တောင်ဘို့ကြီး ကျေးရွာကို ကျော်လာပါပြီ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဆောမြို့အရှေ့ဘက် ကပ်လျက်ရှိ ပေါက်မြို့နယ်မှ ကပစ ၂၄ မှ ထွက်လာသည့် စစ်ကြောင်းမှာမူ ပေါက်နှင့်ဆောမြို့နယ်စပ် ပုံတောင် တောင်ခြေဝန်းကျင်ရွာများဖြစ်သည့် ကျောက်မဲတောင်နှင့် ကျောက်တံခါးရွာ အနီးရောက်ရှိနေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ပေါက်မြို့နယ် ကပစ ၂၄ မှ လာသော စစ်ကြောင်းတွင် ယခုလဆန်းက မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်ဘက်မှလာသော စစ်အင်အားများပါဝင်ပြီး ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ မှတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ ကို မေလ ပထမပတ်၌ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုစစ်ကြောင်းသည် ကပစ ၂၄ မှတဆင့် အနောက်တောင်ကျေးရွာများကို စစ်ကြောင်းထိုးကာ လက်ရှိတွင် ဆောမြို့နယ်စပ်အနီး ရောက်ရှိနေရာ ထိုစစ်ကြောင်းမှထွက်ပြေးလာသည့် စစ်သားများ၏ ပြောဆိုချက်အရ ဆောမြို့နယ်၊ ကျောက်ထုမြို့အထိ ဆက်လက်ဦးတည်ရန်ရှိနေသည်ဟု ပေါက်မြို့နယ် လူသားစာနာတာဝန်ရှိသူက ဆိုသည်။
စစ်တပ်က ယောဒေသအတွင်း စစ်အင်အားဖြည့်တင်းခြင်းများကို ဧပြီလကုန်ကတည်းက စတင်လုပ်ဆောင်ခဲ့ရာ ချင်းနှင့်ရခိုင် ကုန်စည်ကူးသန်းသွားလာရေးအတွက် အချက်အချာကျသည့် ဆောမြို့နယ်၊ ကံကြီးရွာတွင် အင်အား ၂၀၀ နီးပါး ဖြည့်တင်းထားခဲ့သေးသည်။
ထိုလမ်းပိုင်းကို ပိတ်ဆို့လိုက်သဖြင့် ဆော-ကံကြီး-မင်းတပ်- ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း လုံးဝ ပိတ်သွားသည်ဟု ဒေသခံများက ဆိုကြသည်။
ထိုသို့စစ်ကြောင်းများဝင်ရောက်လာသောကြောင့် လောင်းရှည်မှ ဆောလမ်းပိုင်းတစ်လျှောက်နှင့် တပြင်းမှ ကျောက်ထုလမ်းပိုင်းတစ် လျှောက်တွင် နေထိုင်ကြသော ပြည်သူများ ဘေးလွတ်ရာတွင် နေထိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ဆောမြို့နယ်)က တိုက်တွန်းထားသည်။

မြေပြင်ထိုးစစ်သာမက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်
လက်ရှိတွင် ဆောမြို့နယ်အတွင်း မြေပြင်စစ်ကြောင်း သုံးကြောင်းထက်မနည်း အင်အား ထောင်ဂဏန်းဖြင့် ထိုးနေသလို လေကြောင်းတိုက်ခိုက်မှုများ ယနေ့ နံနက်တွင် ကျောက်ထုနယ်အတွင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
“ဒီနေ့မနက်ကိုမှ ကျောက်ထု နယ်ထဲကို Y 12 တစ်စီးနဲ့ ရှစ်ကြိမ်တိုက်ခိုက်သွားတယ်။ ဖိုက်တာ သုံးစီးနဲ့ တစ်စီးကို ဗုံး နှစ်လုံးစီနဲ့ ခြောက်ကြိမ် တိုက်ခိုက်သွားပြီ။ ကျောက်ထုနယ်ထဲချည်းပဲ”ဟုအထက်ပါ ယောအလင်းတန်းမှ တာဝန်ရှိသူ အမျိုးသားက ပြောသည်။
ထို့အပြင် ပေါက်နှင့် ဆောမြို့နယ်စပ်ရှိ ပုံတောင်ဒေသအား ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်၌ လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားသလို ပေါက်နှင့်မြိုင်မြို့နယ်စပ်ကိုလည်း ဂျိုင်ရိုကော်ပတာဖြင့် တိုက်ခိုက်သွားကြောင်း ဒေသတွင်းစစ်ရေးသတင်းများ ဖော်ပြနေသည့် We love Myaing အဖွဲ့က ထုတ်ပြန်သည်။
စစ်ရေးပြင်းထန်နေသော ဆောမြို့နယ်အတွင်း ဆော – လောင်းရှည်လမ်းပိုင်း ကျေးရွာများမှ ဒေသခံများ စစ်ရှောင်နေရသလို ပေါက်မြို့နယ်၊ ကပစ ၂၄ အနောက်တောင်ပိုင်း ကျေးရွာများမှလည်း ဒေသခံ ရှစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ရက်ပိုင်းက မုန်တိုင်းရှိနေတာ၊ မိုးတဖွဲဖွဲရွာတာလေးရက်လောက်ရှိတော့ ထပ်ဆင့်ရှောင်ရတဲ့အခါ စားနပ်ရိက္ခာအခက်ခဲရှိတယ်။ သွားလာရေးအခက်လေးတွေရှိတယ်။ အဲ့ဒီဘက်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုက အရေပြားရောဂါ အများဆုံးဖြစ်ခဲ့တဲ့ဒေသဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တယ်”
ဆောမြို့နယ်တွင်း မြေပြင်စစ်ကြောင်းအလုံးအရင်းဖြင့် ဝင်ရောက်လာသည်မှာ စစ်တပ်က ၎င်းတို့ လက်လွှတ်ထားရသည့် ချင်းပြည်နယ်တောင်ပိုင်းကို ထိုးဖောက်ရန်ဖြစ်နိုင်ကြောင်း ချင်းဒေသ တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
ရခိုင်ဘက်လမ်းကြောင်းကိုပိတ်ဆို့ရန်နှင့် ချင်းပြည်နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟု ဒေသ တော်လှန်ရေးအဖွဲ့အစည်းနှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။
” ကျောက်ထုဘက်က ရန်သူကလည်း မင်းတပ်ကိုတက်တဲ့ ကန်ကြီးလမ်းခွဲထိ ရောက်နေပြီဆိုတော့ ဆောကို ထိုးပြီးရင်တော့ အဲ့အင်အားတွေအကုန်ပေါင်းပြီး မင်းတပ်ကိုပါ တက်မယ်လို့ ယူဆပါတယ်”ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။
ဆောမြို့နယ်မှာ ချင်းပြည်တောင်ပိုင်းဝင်ပေါက်ဖြစ်ပြီး ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကန်ပက်လက်မြို့နှင့် ၁၂ မိုင်ခန့်၊ မင်းတပ်မြို့နှင့် မိုင်၃၀ ကျော်သာ ကွာဝေးသည်။ အလားတူ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်ကို ချင်းညီနောင်အဖွဲ့ (CB) က ထိန်းချုပ်ထားပြီး ပလက်ဝကို အာရက္ခတပ်တော် (အေအေ) ကနယ်မြေစိုးမိုးထိန်းချုပ်ထားသည်။
ဆောမြို့နယ်အတွင်း မြေပြင်ဝေဟင်တိုက်ခိုက်မှုများသာမက ကပ်လျက်ရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
မေလ ၁၁ ရက်နေ့ ညပိုင်းမှစ၍ ယမန်နေ့ (မေလ ၁၂ ရက်) အထိ မင်းတပ်မြို့နှင့် အနီးဝန်းကျင်အား လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့သည့်အတွက် စစ်သုံ့ပန်း လေးဦးသေဆုံးပြီး နေအိမ်များနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က သတင်းထုတ်ပြန်သည်။
ထို့အပြင် ယမန်နေ့ည ၁၀ နာရီဝန်းကျင်ခွဲတွင်လည်း ကန်ပက်လက်မြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
စစ်ခေါင်းဆောင် သမ္မတအဖြစ်ရယူပြီးနောက် ရက် ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ငြိမ်းချမ်းရေးဆွေးနွေးရန်နှင့် PDF များကို လက်နက်ချရန် ထုတ်ဖော်ပြောထားသော်လည်း တစ်ဖက်တွင် နိုင်ငံအနှံ့ ထိုးစစ်အရှိန်မြှင့်ကာ လက်လွှတ်ခဲ့ရသည့်နယ်မြေများနှင့် အရေးပါသည့်လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။
စစ်တပ်ထိုးစစ်ကြောင့် ချင်းပြည်နယ် တောင်နှင့်မြောက်ဆက်သွယ်ထားရာ ဖလမ်းမြို့၊ စစ်ကိုင်းတိုင်း ကသုံးလုံးဒေသရှိ ထီးချိုင့်၊ အင်းတော်၊ မော်လူးမြို့တို့ကို တော်လှန်ရေးအင်အားစုများက လက်လွှတ်ခဲ့ရသည်။



