စစ်ခေါင်းဆောင် အသွင်ပြောင်းအစိုးရဖွဲ့ပြီးနောက် နိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်ကို ဆက်တိုက် စစ်ရေးဖိအားပေးနေသည့် စစ်တပ်က ၎င်းတို့လက်လွှတ်ထားရသည့် မင်းတပ်မြို့ကို ယမန်နေ့(မေ ၁၁) ညပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုသုံးကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် မြို့အနီးကို ယမန်နေ့ ညပိုင်းက တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ပြီး၊ ယနေ့ (မေ ၁၂) ရက်နံနက် ၈ နာရီတွင်တစ်ကြိမ်၊ ၁၁ နာရီကျော်တွင်လည်း တစ်ကြိမ် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“ မြို့ပေါ်တွေထဲပဲ။ ထိခိုက်တာတွေလည်းရှိတယ်လို့ကြားတယ်။ ညက နှစ်စီး၊ မနက်ကတစ်စီး၊ စောနက တစ်စီး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မင်းတပ်မြို့ ဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းက ပြောသည်။
မင်းတပ်မြို့နယ်လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုများရှိသည်ဟု သတင်းများ ထွက်နေသော်လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယနေ့ ညနေပိုင်းအထိ သီးခြားထုတ်ပြန်ခြင်းမရှိသေးပေ။
အမှတ် ၂၇၄ ခြေလျင်တပ်ရင်း အခြေစိုက်ခဲ့ရာ မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် CDF မင်းတပ်အပါအဝင် ချင်းတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့ထားသည့် ချင်းညီနောင်က သိမ်းပိုက်ခဲ့ပြီး မြို့ခံပြည်သူအချို့ ပြန်လည်ဝင်ရောက်နေထိုင်လျှက်ရှိကြောင်းသိရသည်။
မကွေးတိုင်းနှင့် ထိစပ်နေသည့် မင်းတပ်၊ ကန်ပက်လက်၊ မတူပီကို ချင်းညီနောင်အဖွဲ့ကသိမ်းပိုက်ထား ပြီး ရခိုင်နှင့်ထိစပ်နေသည့် ပလက်ဝကိုလည်း အာရက္ခတပ်တော်(AA) ကထိန်းချုပ်ထားရာ စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကိုလက်လွှတ်ထားရသည်။

ချင်းပြည်နယ်တွင် စစ်တပ်လက်လွှတ်ခဲ့ရသည့်မြို့နယ်များကို နယ်မြေပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်က ဒုတိယမြို့တော် ဖလမ်းမြို့ကို ၇လကြာထိုးစစ်ဆင်ပြီးနောက် ဧပြီလတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းကို ထိုးဖောက်စစ်ဆင်နိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်သည် မကွေးတိုင်း၊ မြောက်ပိုင်းယောဒေသတွင် စစ်အင်အားဖြည့်တင်းနေသည်။

မကွေးတိုင်းမှသည် ချင်းပြည်နယ်ကိုဖြတ်ပြီး ရခိုင်ပြည်နယ်ထိချိတ်ဆက်ထားသည့် ကုန်သွယ်ရေးလမ်း ကြောင်းပေါ်ရှိအချက်အချာကျသည့် ဆောမြို့နယ်၊ ကံကြီးရွာကို ဧပြီလကုန်ပိုင်းတွင် အင်အား ၂၀၀ နီးပါးဖြင့်ခြေကုပ်ယူတပ်စွဲခဲ့သည်။
အမြောက်တပ်အခြေချရာ ကျောက်ထုမြို့နှင့် ၅မိုင် ခန့်သာဝေးသည့် ကံကြီးရွာကိုယခင်နှစ်များက ရက်တို စစ်ကြောင်းထိုးမှုများရှိသော်လည်း အချက်အချာကျသည့် ထိုလမ်းကြောင်းပေါ်တွင် ယခုတစ်ကြိမ်တွင် ရက်ရှည်အခြေချလာခြင်းဖြစ်ပြီးကုန်စည်စီးဆင်းမှုအပေါ် အဟန့်အတား ဖြစ်လာကြောင်း ဒေသခံတို့ကဆိုသည်။
တပြိုင်တည်းမှာပင် မကွေးတိုင်း ပေါက်မြို့နယ်ဘက်မှတဆင့် မင်းတပ် – ပခုက္ကူလမ်းအတိုင်းအင်အား ၆၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးကာ အင်အားဖြည့်တင်းရန် ကြိုးပမ်းလာကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများကဆိုသည်။
မေလဆန်းက မန္တလေးတိုင်း ကျောက်ပန်းတောင်းဘက်မှတဆင့် တက်လာသည့် ယာဉ်တန်းသည် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၂ သို့ အင်အားဖြည့်တင်းပြီး ထိုမှတဆင့် ပေါက်မြို့နယ် ကပစ ၂၄ သို့ ဆက်လက်ပို့ဆောင်ခဲ့သည်။
ကပစ ၂၄ ကိုရောက်ရှိလာသည့် စစ်ကြောင်းများသည် မေ ၇ ရက်နေ့တွင် အင်အား ၂၀၀နီးပါးဖြင့် ရေဖြူရွာဘက်မှတဆင့် ပုံတောင်ဘက်အထွက်သို့ စစ်ကြောင်းတစ်ခုထိုးနေပြီး ယမန်နေ့ မေ ၁၁ ရက် ကလည်း အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းတစ်ခု ထပ်မံထိုးလာနေပြီး ပုံတောင်ခြေရှိ ကျောက်မဲ တောင်ရွာအနီးရောက်ရှိနေကြောင်း ပေါက်မြို့နယ်မှ လူသားစာနာဌာနမှသိရသည်။
ပေါက်မြို့နယ်အတွင်း ပုံတောင်ဝန်းကျင်ရှိ လက်ရှိစစ်ကြောင်းများကြောင့် ကပစ ၂၄ အနောက်တောင်ဘက်ရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ခြောက်ထောင်ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်ဟု အထက်ပါ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူကပြောသည်။

တော်လှန်ရေးအင်အားစုများ မေလပထမပတ်က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထံမှ ထွက်ဆိုချက်များအရ ထိုစစ်ကြောင်းသည် ကျောက်ထုအမြောက်တပ်ထိ ဦးတည်နေသည်ဟု သိရကြောင်း ပေါက်လူသား စာနာမှတာဝန်ရှိသူက ပြောသည်။
မကွေးတိုင်းမှတဆင့် စစ်အင်အားဖြည့်တင်းမှုကြောင့် ချင်းပြည်တောင်ပိုင်းတွင် စစ်ရေးဖိအားတိုးလာ နေသလို ချင်းပြည်မြောက်ပိုင်းရှိ ၎င်းတို့လက်လွှတ်ထားရသည့် တွန်းဇံမြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုး နေကြောင်း ချင်းတော်လှန်ရေးအင်အားစုများထံကသိရသည်။
အိန္ဒိယနှင့်ထိစပ်နေသည့် တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်နှစ်လယ်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော် ဦးဆောင်သည့် ချင်းပြည်ကောင်စီတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက သိုင်းငင်းမှတဆင့် ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့သို့ စစ်အင်အားဖြည့် တင်းခဲ့ပြီး ထိုစစ်ကြောင်းသည် ယမန်နေ့က တွန်းဇံမြို့ဘက်သို့ဆက်လက်ထွက်ခွာလာ ကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးကပြောသည်။
“ကား ၂ စီးနဲ့ သူတို့ squad က ခြေလျင် နဲ့သွားတာရှိတယ် တွန်းဇံဘက်ကို။ မိုးတွင်းမတိုင်ခင်မှာ တိုက်ပွဲကတော်တော်လေးပြင်းထန်မယ်”ဟု ချင်းစစ်ရေးသတင်းရင်းမြစ်ကပြောသည်.
လက်ရှိစစ်ရေးအခြေအနေများကြောင့် တီးတိန် – တွန်းဇံလမ်းကို သွားလာခြင်းမပြုရန်နှင့် တွန်းဇံမြို့မှ အခြားဒေသများကိုလည်း သွားလာခြင်းမပြုရန် CDF တွန်းဇံက ယမန်နေ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့်လက ဖလမ်းမြို့ကို ပြန်သိမ်းနိုင်ခဲ့သည့် စစ်ကြောင်းသည် ဟားခါး – ဖလမ်းလမ်းပိုင်း ကို ဆက်လက်စစ်ကြောင်းထိုးလာပြီး လိုင်ဗားဆည်အနီးတွင် ရောက်ရှိနေကြောင်းသိရသည်။
ချင်းပြည်မြောက်ပိုင်းတွင်လည်း စစ်တပ်က မီဇိုရမ်ပြည်နယ်နှင့်ထိစပ်နေသည့် ရိခေါဒါရ်မြို့ကို ဆက်လက် ဦးတည်နိုင်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်လည်စိုးမိုးနိုင်ရန်ကြိုးပမ်း လာနိုင်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“ချင်းပြည်နယ်တစ်ပြည်နယ်လုံးကို စစ်ကြောင်းထိုးမယ့် အခြေအနမျိုးတော့ရှိတယ်။ မကွေးတိုင်းထဲက အခုအင်အားဖြည့်တာတွေလည်း ချင်းပြည်တောင်ပိုင်းဘက်ကို စစ်ကြော်ငးထိုးဖို့ပြင်နေတယ်။ ချင်းပြည်ကိုတက်တဲ့လမ်းတိုင်းကို စစ်ကြော်ငးထိုးဖို့လုပ်နေတယ်။ မင်းတပ်၊ ဂန့်ဂေါဘက်ကနေ ဖြစ်လာမယ်။ ဒါတွေက သူတို့ရဲ့အဓိကဦးတည်ချက်လမ်းကြောင်းတွေ ဖြစ်ပါတယ်”ဟု ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းကီးက ပြောသည်။
“ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုလုပ်ရမယ့်အရာတွေရှိတယ်။ ချင်းပြည်တစ်ခုလုံးသူတို့ လက်ထဲ ရောကအောင်မဟာဗျူဟာပါပဲ။ ဒါကိုပဲ သူတို့အစွမ်းကုန် ဆောင်ရွက်သွားမှာ။ ကိုယ့်ဘက်ကလည်း အစွမ်းကုန်ခုခံကာကွယ်ဖို့တော့ လိုပါလိမ့်မယ် “ဟု ၎င်းကဆက်ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦး နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့ မေလ ပထမပတ်က နေပြည်တော်တွင် တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်များ မရှိစေရေးလုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
“ နှစ်ဘက်အစိုးရတွေပူးတွဲလုပ်ဆောင်မှုအားကောင်းလာရင်တော့ နယ်စပ်အနီးအခြေစိုက်တဲ့ အဖွဲ့တွေ အပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားတွေပိုများလာနိုင်တာပေါ့။ စစ်ရေးနိုင်ငံရေးတွေပိုပြီးတော့ ဖိအား များလာတယ်ဆိုရင် စစ်ဘေးရှောင်တွေက တော်တော်လေးတော့ အခက်အခဲကြုံမှာပဲ”ဟု အထက်ပါ ချင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသည့် ချင်းပြည်နယ် ဖလမ်း၊ ထန်တလန်၊ တွန်းဇံ ၊ ပလက်ဝ၊ တမူးမြို့နယ် တွင်လည်း တော်လှန်ရေးတပ်များ အခြေစိုက်လှုပ်ရှားမှုများရှိကြပြီး တစ်ဘက်တွင်လည်း အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂနှင့်ကသည်း လက်နက်ကိုင်အချို့လည်း အိန္ဒိယ -မြန်မာ နယ်စပ်တလျှောက်တွင်လှုပ်ရှားနေသည်။
အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် ကသည်းလက်နက်ကိုင်တချို့မှာ အာဏာသိမ်းစစ်တပ်နှင့်တွဲပြီး စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများကိုတိုက်ခိုက်မှုများရှိကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရကထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကမေလဆန်းပိုင်းကထုတ်ပြန်သည့် အချက်အလက် အရစစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူဦးရေ ၃ဒဿမ ၅ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသူ ခြောက်သောင်းနှစ်ထောင်ကျော် (၆၂, ၀၀၀) ရှိသည်။



