မကွေးတိုင်း အနောက်ဘက်ရှိ ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တော်လှန်ရေးတပ်အပါအဝင်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ဒေသကာကွယ်ရေးအဖွဲ့ (Local PDF) များ ပူးပေါင်းတိုက်ခိုက်နေကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်အချို့ထံက သိရသည်။
တိုက်ပွဲတွင် NUG ၏ အကြမ်းဖက်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် (YRF)၊ ဗိုလ်နားပေါက်အဖွဲ့နှင့် NUG ၏ ပခုက္ကူခရိုင် တပ်ရင်း သုံးရင်းလည်း ပါဝင်ကြောင်း SOS က မေလ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဘုံရန်သူဖြစ်သည့် စစ်တပ်ကို တိုက်ခိုက်ရာ၌ မြေပြင်တွင် နိုင်ငံရေးရပ်တည်ချက်မတူသည့် တော်လှန်ရေးတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်နေကြောင်း SOS ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက Myanmar Now ကိုပြောသည်။
“အဓိကတော့ မြေပြင်မှာရှိတဲ့ ရဲဘော်တွေအကုန်လုံးတော်လှန်ရေးလုပ်နေတာဖြစ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် လက်တွဲပြီး ပူးပေါင်းတိုက်ခိုက်နေမှာပါပဲ” ဟု ၎င်းက ဆိုသည်။
စစ်တပ်သည် ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံနှင့် ဆိပ်ဖြူမြို့နယ်ရှိ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံတို့မှ စစ်ကြောင်း အနည်းဆုံး သုံးကြောင်းခွဲ၍ မေလ ပထမပတ်တွင် ကျောက်ထုမြို့ဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာကြောင်း တိုက်ပွဲတွင် ပါဝင်သည့် NUG၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကြမ်းဖက်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) က ဆိုသည်။
ကျောက်ထုမြို့နယ်၏ အနောက်ဘက်တွင် ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးရာ မင်းတပ်နှင့် ကန်ပက်လက်မြို့များရှိသဖြင့် ကျောက်ထုသည် ချင်းပြည်နယ်တောင်ပိုင်းအတွက် ဝင်ပေါက်သဖွယ် အရေးပါသည့် ဒေသလည်းဖြစ်သည်။
စစ်တပ်စစ်ကြောင်းကို ဗိုလ်မှူးတစ်ဦး ဦးဆောင်ပြီး ခမရ ၅၇၃၊ ၅၇၂၊ ၃၆၁နှင့် တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့ဝင်များပါဝင်ပြီး စုစုပေါင်းအင်အားမှာ ၅၅၄ ဦးရှိသည်ဟု SOS ဘက်က ပြောသည်။
အဆိုပါစစ်တပ်စစ်ကြောင်းများကို မေလ ၄ ရက်နေ့တွင် ပေါက်မြို့နယ်တောင်ပိုင်း တစ်နေရာ၌ တစ်ကြိမ်၊ မေလ ၅ ရက်တွင် ပေါက်မြို့နယ် ပုသိမ်- မုံရွာ ကားလမ်းအနီးတွင် သုံးကြိမ် တော်လှန်ရေးတပ်များက ရုတ်တရက် ကြားဖြတ်တိုက်ခိုက်ကာ ဆုတ်ခွာခဲ့ကြောင်း SOS ပြန်ကြားရေးတာဝန်ရှိသူအမျိုးသားက ပြောသည်။
တိုက်ပွဲ လေးကြိမ်အတွင်း စစ်တပ်ဘက်က ကိုးဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်းဒဏ်ရာရကြောင်း၊ တော်လှန်ရေးတပ်ဘက်တွင် ထိခိုက်မှုမရှိကြောင်း SOS က ပြောသည်။
ထိခိုက်သေကျေမှုများကို Myanmar Now အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
SOS ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက “သူတို့ဘက်က လေကြောင်းပစ်ကူလာတာတော့မရှိဘူး။ ဒါပေမဲ့ သူတို့စစ်ကြောင်းမှာ ပါလာတဲ့ လက်နက်ကြီးတွေနဲ့ ကျွန်တော်တို့ဆီကို အထောက်အကူပြုပစ်ခတ်တာတွေရှိပါတယ်။ စစ်တပ်ဘက်က ချက်ချင်းတော့ တုံ့ပြန်ချိန်မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျွန်တော်တို့က ရုတ်တရက်တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပြီးနောက် မေလ ၆ ရက်တွင် စစ်တပ်၏ ခမရ ၅၇၃ တပ်မှ ထွက်ပြေးလာသော စစ်မှုထမ်းသင်တန်းဆင်း တပ်သား သုံးဦး သည် MA-3 ရိုင်ဖယ်တစ်လက်၊ ခဲယမ်းအချို့နှင့်အတူ တော်လှန်ရေးတပ်ထံ ဘက်ပြောင်း ဝင်ရောက်လာကြောင်း SOS က ပြောသည်။
ဘက်ပြောင်းလာသူ သုံးဦးကို NUG၏ ပခုက္ကူခရိုင် PDF ကွပ်ကဲရေးသို့ပို့ကာ စစ်ဆေးမေးမြန်းမှုအချို့ပြုလုပ်နေကြောင်း SOS ပြန်ကြားရေးတာဝန်ရှိသူအမျိုးသားက ပြောသည်။
PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုးကလည်း NUG လက်အောက်ခံတပ်များနှင့် PLA အကြား ပွတ်တိုက်မှု အချို့ရှိခဲ့သော်လည်း ဘုံရန်သူဖြစ်သည့် စစ်တပ်၏ထိုးစစ် ပိုများလာချိန်တွင် လက်တွဲအလုပ်မလုပ်နိုင်စရာ အကြောင်း မရှိကြောင်း Myanmar Now ကိုပြောသည်။
“သူတို့ (NUG) ဘက်က တာဝန်ခံအချို့မှာလည်း စစ်တိုက်တဲ့ကိစ္စဆိုရင် တွဲလုပ်နိုင်တဲ့ အခြေအနေရှိတဲ့အတွက် ရန်သူကို ချေမှုန်းတဲ့ကိစ္စမှာ တွဲလုပ်ဖြစ်နေပါတယ်။တော်လှန်ရေးနယ်မြေတွေလည်း ပြန်လက်လွှတ်နေရတဲ့အခြေအနေမှာ ကျွန်တော်တို့ အချင်းချင်းကြားမှာတော့ ရန်သူကို ချေမှုန်းတာက ပြည်သူကို အလုပ်အကျွေးပြုတာပဲလို့ ခံယူပြီးတော့ ရှေ့လျှောက်တွဲလုပ်သွားဖို့လည်းဆန္ဒရှိတယ်” ဟု ရဲဘော်ဝေယံဖြိုးမိုးက မှတ်ချက်ပေးသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၌ NUG ၏ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင်အား PLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးမှုဖြစ်ခဲ့သလို NUG ၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း PLA တပ်ဖွဲ့ဝင် ခြောက်ဦး၏ လက်နက်များကို ဖြုတ်သိမ်း၍ ဖမ်းဆီးခဲ့ဖူးသည်။
ထိုကဲ့သို့ စစ်ကိုင်းတိုင်းတွင် အောက်ခြေ ပဋိပက္ခအချို့ရှိခဲ့သော်လည်း မကွေးတိုင်းတွင်မူ စစ်တပ်ကို တိုက်ခိုက်ရာ၌ အတူပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိ ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းသည် တော်လှန်ရေးအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကပစ (၂၄) ထဲသို့ ပြန်ဆုတ်သွားကြောင်း NUG ၏ အကြမ်းဖက်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) က ပြောသည်။
SOS သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အထက်မင်းလှမြို့နယ်ရှိ စစ်တပ်ထိန်းချုပ်ထားသော မန်းသံပုရာကန် ရေနံချက်စက်ရုံနှင့် အမှတ် (၂) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
လက်ရှိတွင် မြေပြင်တိုက်ပွဲအချို့ကို မိတ်ဖက်တော်လှန်ရေးအဖွဲ့များဖြင့် ဖော်ဆောင်နေသလို တပ်သားသစ်များအတွက် လေ့ကျင့်ရေးနှင့် စစ်လက်နက်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် အလှူငွေကောက်ခံသည့် အွန်လိုင်းကမ်ပိန်းတစ်ခုလည်း လုပ်ဆောင်နေသည်။
လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်သည့် ဗိုလ်ကြီး ဇင်ယော်ကလည်း စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်နိုင်ရန် ကျောက်ထုမြို့သို့ ပေါက်မြို့နယ်ဘက်မှ ရှေ့ပြေးအင်အားများ ပို့နေခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
“ဒါက ပင်မတပ်မဟုတ်ဘူး။ ဒီ ၅၀၀ လောက်နဲ့တက်မယ်ဆိုရင် လက်စတုံး ချေမှုန်းခံရမယ်ဆိုတာ စစ်တပ်က ကောင်တွေက ကောင်းကောင်းသိတယ်။ ဒါက တပ်ရဲ့ ရှေ့ပြေးအစိတ်အပိုင်းတစ်ခုဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ဖြစ်နိုင်တာကတော့ အင်အားတွေဖြည့်ပြီးမှ မင်းတပ် ကန်ပက်လက်နယ်မြေကို မိုးမကျမီ ဖလမ်းကို တိုက်သလို တိုက်စစ်တစ်ခုဖွင့်လာနိုင်တယ်လို့ မှန်းဆပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးသည်။



