အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုမြို့အနီး လေကြောင်းဗုံးကြဲမှုကြောင့် PDF ၁ ဦး သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ

စစ်တပ် စခန်းချသောရွာ တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ရွာများကို လေကြောင်း တိုက်ခိုက်မှုများ လုပ်နေရာ မဲတောရွာကို ဗုံးကြဲခဲ့စဉ် PDF တစ်ဦး သေဆုံးကာ အရပ်သား လေးဦး ဒဏ်ရာရခဲ့သည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ မဲတောရွာကို ယမန်နေ့ (မေလ ၁၁ ရက်နေ့) ညဦးပိုင်းက လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ ၁၁ ရက်နေ့၊ ည ၉ နာရီခန့်အချိန် တိုက်လေယာဉ်တစ်စီးက ရွှေဘိုမြို့နယ် အနောက်တောင်ဘက် ခြောက်မိုင်ကျော်အကွာ မဲတောကျေးရွာအတွင်း ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“ဗုံးက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားထဲ ကျကွဲပါတယ်။ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း က နီးနီးလေးပဲ။ အဲ့ကြားထဲကို ကျတာ၊ ကျွန်တော်တို့ယူဆတာကတော့ စာသင်ကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ထင်လို့ကြဲတာ ထင်ပါတယ်၊ စကစက စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲနေတာတွေရှိနေကျပဲ”ဟု ရွှေဘိုမြို့နယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ  ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း မဲတောရွာမှ သက်လတ်ပိုင်းအရွယ် ရွာသား လေးဦး အသက်အန္တရာယ် မစိုးရိမ်ရသည့် ဒဏရာများရရှိခဲ့ကြောင်း၊ အဆိုပါကျေးရွာသို့ ရောက်ရှိနေသည့် ရွှေဘိုခရိုင် တပ်ရင်း တစ်ခုမှ PDF ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ရဲဘော်က ရွာရောက်နေတဲ့အချိန် ဗုံးကြဲခံရတော့ အနီးက ရေမြောင်းထဲ ပြေးဝပ်ပေမယ့်ထိသွားပြီးတော့ ကျသွားတာ”ဟု ဖြစ်စဉ်ကို သိသည့် ရွှေဘို ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

မဲတောကျေးရွာသည် အိမ်ခြေ တစ်ရာ နီးပါးခန့်သာရှိသည့် ရွာငယ်လေးဖြစ်ပြီး ၎င်းကျေးရွာ အနောက်တောင်ဘက် လေးမိုင်ခန့်အကွာတွင် အာဏာသိမ်းစစ်တပ် စခန်း အထိုင်ချထားသည့် ပလိုင်းကျေးရွာ(ပျူရွာ) ရှိသည်။

အဆိုပါ ပလိုင်းရွာကို ရွှေဘိုမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စစ်တပ်က လေယာဉ်၊ ဂျိုင်ရိုကော်ပတာများ၊ ဒရုန်းများဖြင့်  ပြန်လည်တုံ့ပြန်ခဲ့ပြီး ရက်အနည်းငယ် တိုက်ပွဲများပြင်းထန်ခဲ့သည်။

ထိုကဲ့သို့ ၎င်းတို့အခြေပြုရွာ တိုက်ခိုက်ခံရသဖြင့် ယင်းနောက်ပိုင်းမှစ၍ စစ်တပ်က ပလိုင်းကျေးရွာ အနီး နှင့် ရွှေဘိုမြို့အနောက်တောင်ဘက် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်နေပြီး ရွှေဘိုမြို့ အခြေစိုက်တပ်များကလည်း ဒရုန်း၊ ဟောင်ဝှစ်ဇာ၊ စိန်ပြောင်း စသည့် လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်လျက်ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

ရွှေဘိုမြို့အနီးဝန်းကျင် ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မှုများ၊  စစ်ကြောင်းထိုးမှုများ စစ်တပ်က မကြာခဏ ပြုလုပ်လေ့ရှိပြီး ကျေးလက်နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။ 

လတ်တလောတွင် စစ်ကိုင်းတိုင်းမှ အခြေစိုက်စခန်းများကို စစ်တပ်က အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းခြင်းများ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်းအလယ်ပိုင်းဒေသများကို စစ်ကြောင်းထိုးစီးနင်း မည်ဆိုသည့် သတင်းများပျံ့နှံ့နေပြီး ဒေသခံများ စိုးရိမ်နေကြသည်။

မန္တလေးတိုင်းတစ်ခုလုံး ထိန်းချုပ်ရန် ကြိုးပမ်းနေသော စစ်တပ်က ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း တိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း မင်းကွန်းဒေသမှ မြောက်ဘက် ဝက်လက်တောင်ပိုင်း သစ်ဆိမ့်ကျေးရွာ အထိ နယ်မြေစိုးမိုးမှု ပြန်လည်ရယူထားသည်။ စစ်ကိုင်း-ကျောက်မြောင်းလမ်ပိုင်းကို တစိတ်တပိုင်း ပြန်လည်စိုးမိုးထားသည်။ 

မန္တလေးတိုင်း မတ္တရာနှင့်စဉ့်ကူးမြို့နယ်အတွင်း ရေလမ်းခရီးဖြင့် လူပို့ဆောင်ခြင်း၊ စစ်ရေး လှုပ်ရှားခြင်း များ စစ်တပ်က လုပ်ဆောင်နေရာ မန္တလေးတိုင်းနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်းကိုလည်း ရေကြောင်း၊ မြေပြင်ထိုးစစ်များ ပိုလုပ်လာနိုင်ဖွယ် ရှိနေသည်။

ရွှေဘို- မြစ်ကြီးနား ကားလမ်းကိုလည်း နယ်မြေစိုးမိုးမှု ရယူနိုင်ရေး ကန့်ဘလူမြို့နယ်အတွင်းမှ စစ်စခန်း များ၊ စစ်ကိုင်းမြို့ ခြေမြန်တပ်မ (၃၃ ) နှင့် ရွှေဘိုမြို့အခြေစိုက်တပ်များတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်မှ နှစ်လခန့်ရှိနေပြီဖြစ်သည်။

စစ်တပ်က နိုင်ငံအလယ်ပိုင်းမန္တလေးမြို့နှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားအထိရောက်သည့် မန္တလေး- မြစ်ကြီးနားကားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီး လမ်းပိုင်းပြန်အသုံးပြု၍ရပြီဖြစ်ကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာများတွင် ပြီးခဲ့သည့်ရက်များက ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button