နှစ်ဖက်တပ်များ အင်အားဖြည့်တင်းမှုကြောင့် စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ် ဖားကန့်မြို့၌ ယမန်နေ့ ညတွင် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များ၏ ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဖားကန့်မြို့အနောက်ဘက် လေးမိုင်ခန့်အကွာရှိ KIA တပ်များ သိမ်းပိုက်ထားသည့် ဆိုင်းတောင်ရွာကြီးကို ပြန်လည်ထိုးစစ်ဆင်ရန် အာဏာသိမ်းစစ်တပ်က ဆိုင်းတောင်နှင့် ဖားကန့်မြို့ကြားရှိ ယူမာရွာအနီးတွင် အင်အားဖြည့်ပြင်ဆင်နေချိန် ယမန်နေ့ည ၉ နာရီခွဲခန့်တွင် KIA က ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်သည့် စစ်သားအချို့လည်း ဒဏ်ရာရသွားခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။
“လူစုပြီး ယူမာဘက်ကနေ စစ်ကြောင်းထိုးချင်တာ။ အဲဒါကြောင့် တော်လှန်ရေးတပ်တွေက လမ်းတွေပိတ်ပြီး ဒရုန်းဗုံးသွားချတာ၊ သူတို့ကြားထဲ ကွက်တိကျတာပဲ။ ကင်မရာမှာတော့ လေးယောက် မှောက်သွားတယ်။ ကျန်တဲ့ကောင်တွေကတော့ ပြေးတဲ့ကောင်ပြေး၊ လဲတဲ့ကောင်လဲပေါ့” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖားကန့်တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်က အင်အားဖြည့်တင်းမှုများကို အဆက်မပြတ်လုပ်ဆောင်နေသည်ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဆိုင်းတောင်ရွာအပြင် ဖားကန့်မြို့အနောက်ဘက်ရှိ ကျေးရွာများနှင့် ကျောက်စိမ်းလုပ်ကွက်များ၊ စစ်ရေးအရ အရေးပါသည့် စခန်းကုန်းများကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် မေလမှ စတင်၍ စစ်တပ်က ဖားကန့်မြို့နယ်ကို စစ်အင်အားများပြန်လည်ဖြည့်တင်းပြီး KIA သိမ်းပိုက်ထားသည့် နယ်မြေများနှင့်အကျိုးစီးပွားများကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ တစ်လလုံးနီးပါးတွင် ဖားကန့်မြို့အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာများ၌ အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။
ယမန်နေ့ည KIA ဒရုန်းဗုံးကြဲပြီး နာရီပိုင်းအကြာတွင် ဖားကန့်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ မှော်ဝမ်းလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံက သိရသည်။
တိုက်ပွဲများကြောင့် မှော်ဝမ်းလေးရွာမှ ဒေသခံများ စစ်ရှောင်နေရသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။ ရွာအတွင်း စစ်တပ်ကသာ တပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု မှော်ဝမ်းလေးရွာသို့ ထပ်မံအင်အားဖြည့်ခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကြောင်းရောက်ပြီးနောက် ည ၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က မှော်ဝမ်းလေးရွာတွင်းရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ပြီး မီးလောင်မှုကို ဖားကန့်မြို့ နေရာအနှံ့မှ မြင်တွေ့ခဲ့ရသည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
“စစ်တပ်ပဲ ထိုင်ထားတဲ့ရွာပါ၊ ရွာသူရွာသားတွေက စစ်ရှောင်နေကြတာ။ ယူချင်တာလည်း စစ်တပ်ကကောင်တွေ အကုန်ယူပြီးပြီ။ အခု မီးပြန်ရှို့နေတယ်၊ မလွန်လွန်းဘူးလား။ ရွာသူ ရွာသားတွေ စစ်ရှောင်နေကြတာ တစ်နှစ်လောက်ရှိပြီ။ ပြန်လာရင် အိမ်စုတ်တောင်မကျန်အောင် လုပ်နေကြပြီ” အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
မီးလောင်မှုသည် အတော်ကြီးမားပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးနိုင်ကြောင်း ဒေသခံများက သုံးသပ်နေသော်လည်း စစ်အာဏာရှင်တပ် တပ်စွဲထားသည့်အတွက် ရွာသို့ သွားရာက် မီးငြှိမ်းသတ်ခြင်း၊ ပျက်စီးဆုံးရှုံးမှုများကို စိစစ်ခြင်း မလုပ်နိုင်သေးကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
မီးရှို့ခံရသည့် မှော်ဝမ်းလေးရွာနှင့် အနီးအနားရှိ မှော်ဝမ်းကြီးရွာ၊ ဆွတ်ဘွမ်ရွာတို့၌ ပြီးခဲ့သည့် ဧပြီလဆန်းတွင် စစ်တပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မှော်ဝမ်းကြီးနှင့် ဆွတ်ဘွမ်ရွာတို့မှ ကာကင်းစခန်း ငါးခုကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။
အဏာသိမ်းစစ်တပ်က ဖားကန့်မြို့အရှေ့ဘက် မိုင် ၆၀ ခန့်အကွာရှိ မိုးကောင်းမြို့တွင် စုစည်းထားသည့် အင်အားများကို ဖားကန့်မြို့သို့ တစ်သုတ်ခြင်းစီ ပို့ဆောင်နေပြီး ဖားကန့်မြို့ရှိ ၎င်းတို့ လက်လွှတ်ထားရသည့် နေရာများကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။
KIA ကလည်း ဖားကန့်မြို့အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာများနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် စခန်းကုန်းများလက်မလွှတ်ရရေး ပြင်ဆင်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဖာကန့်မြို့ပေါ်၊ ဖားကန့်မြို့ အရှေ့ဘက် ကျေးရွာများနှင့် ဖားကန့်-ကာမိုင်းလမ်းပိုင်းကို စစ်တပ်က သိမ်းပိုက်ထားပြီး KIA နှင့် ပူးပေါင်းတပ်များက ဖားကန့်မြို့ မြောက်ဘက်နှင့် အနောက်ဘက်ကျေးရွာများနှင့် ကျောက်စိမ်းမှော်များကို သိမ်းပိုက်ထားပြီး ဖားကန့်-ဆယ်ဇင်းလမ်းနှင့် ဖားကန့်-အင်းတော်ကြီးလမ်းတို့ကိုလည်း ထိန်းချုပ်ထားသည်။
ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့အပြင် ရွှေကူမြို့နှင့် ဗန်းမော်မြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ထိုးစစ်ကြောင့် တော်လှန်ရေးတပ်များက ခုခံဟန့်တားရန် ကြိုးစားနေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။



