အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးဖိအားတိုးလာနေချိန် စိုင်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

စစ်ခေါင်းဆောင်သည် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း လက်လွှတ်ခဲ့ရ သည့် နယ်မြေများ ပြန်လည်ရယူရန် စစ်ရေးအရှိန်မြှင့်ထိုးစစ်ဆင်နေချိန်တွင် နမခနှင့် အနီးရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ စစ်ရေးဖိအားတိုးလာနေသည့် စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အခြေစိုက် ရဲစခန်းကို တော်လှန်ရေးအင်အားစုများက နှစ်ရက်ကြာတိုက်ခိုက်ပြီး မေလ ၁၆ ရက်တွင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၄၀ ကျော်ဝေးပြီး မုံရွာ- ရေဦး လမ်းမကြီးဘေး စိုင်ပြင်မြို့ရှိ ရဲစခန်းကို မေ ၁၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မေလ ၁၆ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်သည်။ 

Operation OTT ဟု အမည်ပေးထားသည့် ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုရဲစခန်း၏ စခန်းမှူး ဒုရဲအုပ် ဝင်းဇာနည်အောင် ထွက်ပြေးတိမ်းရှောင်သွားသည်ဟုလည်း ဆိုသည်။

စိုင်ပြင်ရဲစခန်းသည် စစ်တပ် အာဏာမသိမ်းမီကတည်းကရှိသည့် စခန်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လာရောက်ပူးပေါင်း တပ်စွဲအခြေစိုက်ထားသည့်စခန်းဖြစ်သည်။

ထိုစခန်းနေ စစ်သားများသည် စခန်းအနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ နေအိမ်များရှိ ပစ္စည်းများယူဆောင်ခြင်းတို့ လုပ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။ ထို့အပြင် စာသင်ကျောင်း၊ ဆေးရုံစသည်တို့ကို လေကြောင်းတိုက်ခိုက်မှုလုပ်ရန် ထိုစခန်းတွင် နေထို်င်သည့် စစ်တပ်က သတင်းအချက်အလက်များ စုဆောင်းသည်ဟု ဆိုသည်။

“မကြာသေးခင်က ခိုင်လုံတဲ့သတင်းတစ်ခုရတယ်။ ဒီစခန်းတွေကိုပဲ အင်အားထပ်တိုးဖြည့်ပြီးတော့ စခန်းတွေမှာတင် ဒရုန်းတွေရော လေကြောင်းတိုက်ခိုက်မှု လုပ်နိုင်တဲ့ ပစ္စည်းပစ္စယတွေထားပြီးတော့ နယ်မြေခံလူထုကို အကြောက်တရားနဲ့ စိုးမိုးအုပ်ချုပ်ဖို့ကြိုးစားတော့မယ်လို့ သတင်းတွေရတဲ့ အတွက် ကျွန်တော်တို့က လက်ဦးမှုယူပြီးတော့ တိုက်လိုက်တာပေါ့။ သူတို့ရဲ့သတင်းအချက်အလက်ကို ဖြတ်တောက်ဖို့ပေါ့။ ကျွန်တော်တို့ရည်မှန်းချက်ကိုတော့ ရရှိပါတယ်” ရွှေဘိုခရိုင် အမှတ် ၁ စစ်ဌာနမှ တာဝန်ရှိသူကပြောသည်။

စစ်ခေါင်းဆောင်သည် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း လက်လွှတ်ခဲ့ရသည့်နယ်မြေများ ပြန်လည်ရယူရန်  စစ်ရေးအရှိန်မြှင့်ထိုးစစ်ဆင်နေချိန်တွင် နမခနှင့် အနီးရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

စိုင်ပြင်မြို့၌ တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်၊ အသေခံဒရုန်းများဖြင့် ခုခံခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး တပ်စခန်း အဆောက်အအုံများနှင့် ခံစစ်မိုင်းများကို အပြီးသတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

“အခုနောက်ပိုင်းမှာ သူတို့ရဲ့ ဗျူဟာအပြောင်းအလဲပေါ့။ သတင်းအချက်အလက်ရတာနဲ့ တစ်နေရာကို လေယာဉ် လေး၊ ငါးစီးနဲ့ ဦးတည်တိုက်ခိုက်တာမျိုးလုပ်လာတဲ့အတွက် ဒီလိုစခန်းမျိုးရှိလာတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးအတွက် အန္တရာယ်ကြီးလာတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်လိုက်ရတာ”ဟု အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနမှ တာဝန်ရှိသူကပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်သည် မြို့ပေါ်ရပ်ကွက်များနှင့် ၁၁ မိုင်ခန့်အကွာရှိ စိုင်ပြင်မြို့တို့တွင်သာ ခြေကုပ်ယူထားနိုင်သည်။ ယခု အခါ စိုင်ပြင်မြို့ ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည့်အတွက် စစ်တပ်က ဒီပဲယင်းမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သည်။  

“ဒီစခန်းရှိနေတော့လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး။ မိုးရာသီမှာဆိုရင်လည်း ရှောင်ကွင်းပြီး သွားရတော့ လမ်းမကောင်းတော့ ကုန်ကားတွေ ကားနစ်တာတွေ၊ ကျန်းမာရေးအရ သွားရတာတွေမှာ မလိုအပ်ဘဲနဲ့ အသက်ပေး လိုက်ရတာတွေရှိတယ်။ အခုတော့ လမ်းကောင်းက သွားလို့ရပြီလေ။ အဲ့ဒီတော့အများကြီး ကောင်းတာပါ့”ဟု ဒီပဲယင်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ 

ဒေသခံများနေရပ်ပြန်နိုင်ပြီဖြစ်သော်လည်း တပ်စခန်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် မိုင်းများ ကျန်ရှိနေသဖြင့် တပ်စခန်းအတွင်း မဝင်ကြရန်၊ မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ တွေ့ရှိပါက တော်လှန်ရေး အင်အားစုများထံ အကြောင်းကြားရန် ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ထားသည်။ 

ထို့အပြင် တိုက်ပွဲကာလတွင် လေကြောင်းတိုက်ခိုက်မှုရှောင်ရန် နေအိမ်အချို့ထံ ဝင်ရောက်နေထိုင်ခဲ့ပြီး ရိက္ခာနှင့် အသုံးအဆောင်အချို့ သုံးစွဲခဲ့ရသည်ကို နားလည်ပေးရန် အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်ထားသည်။

စစ်တပ်သည် စိုင်ပြင်စခန်းလက်လွှတ်ခဲ့ရသည့် မေလ ၁၆ ရက် ညနေပိုင်းတွင် မုံရွာနမခမှ သံချပ်ကာကား  ငါးစီးနှင့် ဒရုန်းဖြတ်တောက်ရေးကိရိယာများ ပါဝင်သည့် ကား တစ်စီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခု ထွက်လာပြီး လက်ရှိဘုတလင် မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။ 

ထိုစစ်ကြောင်းသည် ဘုတလင်မြို့နယ်တွင် နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးနိုင်သလို စိုင်ပြင်၊ ဒီပဲယင်းမြို့နယ် ဘက်ခြမ်းထိ အင်အားပို့ရန် ဖြစ်နိုင်ကြောင်းလည်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက သုံးသပ်သည်။ 

ဒီပဲယင်းမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တော်လှန်ရေးတပ်များ မြို့သိမ်းနိုင်ခဲ့ပြီးနောက် နေ့တွင်းချင်းပင် စစ်တပ်က လေကြောင်းဖြင့် စစ်ကူအင်အားဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့သည့်အတွက် နာရီပိုင်းအတွင်း မြို့ကိုပြန်လည်လက်လွှတ်ခဲ့ရသည်။ 

ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဘုတလင်၊ ကနီ၊ အရာတော်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒီပဲယင်းသည် အဆိုပါမြို့များနည်းတူ လက်နက်ကိုင်ခုခံမှုအားကောင်းရာမြို့နယ်ဖြစ်ပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button