ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နယ်စပ်မှလာသည့် ကုန်ပစ္စည်းများအား ရက် ၁၀၀ စီမံချက် အကြောင်းပြ၍ အာဏာသိမ်းစစ်တပ်က သယ်ဆောင်ခွင့် ပိတ်ထားပြီး ဖမ်းဆီးနေသည်ဟု ကုန်သည်များနှင့် ဒေသခံများထံက သိရသည်။
တရုတ်နယ်စပ်မှတဆင့် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ရာ ချင်းရွှေဟော်နှင့် မူဆယ်နယ်စပ်မှ ဖြတ်၍ လာသည့် တရုတ်ကုန်ပစ္စည်းများအား သီပေါမြို့၊ နမ့်လန်မြို့နှင့် မိုင်းရယ်မြို့များမှ စောင့်ကာ ယခုလ ၄ ရက်နေ့မှစတင်၍ စစ်ဆေးတားဆီးနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
“ပါဆယ်ထုပ် တစ်ထုပ်တောင် မရဘူးဗျ။ ဖောက်စစ်ပြီး တရုတ်စာပါရင် အကုန်ဆွဲချတာပဲ။ ရက် ၁၀၀ စီမံချက်ဆိုပြီး ပြောတာပဲ” ဟု ကိုယ်တိုင်တွေ့ ကြုံခဲ့ရသည့် ကုန်သည်တစ်ဦးက ပြောသည်။
ထိုသို့ စစ်ဆေးဖမ်းဆီးမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်သည့် လုပ်ငန်းများ ရပ်တန့်လုနီးပါး ဖြစ်နေသည်ဟု ရှမ်းမြောက်ဒေသ ကုန်စည်သယ်ယူပို့ဆောင်ရေးဂိတ်တာဝန်ရှိသူများထံကလည်း သိရသည်။
“စီမံချက်ဆိုတော့ ဘယ်သူမှ မသယ်ရဲဘူးဗျ။ ဂိတ်တွေလည်း ကုန်တွေကိုကြည့်ပြီး လက်ခံနေရတယ်။ ခရီးသည်ရဖို့ပဲ အားကိုးနေရတယ်။ ဘယ်လောက်ကြာမလဲတော့ မသိသေးဘူး” ဟု မူဆယ်မြို့ရှိ ကုန်စည် သယ်ဆောင်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ခရီးသည်နှင့်အတူ ပါလာသည့် လူပါကုန်များအား တင်းကျပ်စွာ စစ်ဆေးနေသဖြင့် ကုန်အနည်းငယ်ပါသည့် ခရီးသည်ကိုပင် လက်မခံရဲဘဲ ဖြစ်နေသည်ဟု ဆိုသည်။
“မှတ်ပုံတင်တွေ တောင်းကြည့်တယ်။ ပြီးရင် အိတ်တွေထဲ အတင်းရှာပြီးတော့ အထည်အသစ်တွေ ပါ၊ မပါ စစ်တာ။ ခရီးသွားရတာတောင် မလွယ်ဘူး” ဟု ကိုယ်တိုင်တွေ့ကြုံရသည့် ခရီးသည်တစ်ဦးကလည်း ပြောသည်။
နေအိမ်အတွက် ဝယ်လာသည့် အသီးအနှံအနည်းငယ်မျှကိုပင် သယ်ဆောင်ခွင့် မပြုသည်အထိ တင်းကျပ်ထားသည်ဟု သိရသည်။
ထို့ကြောင့် တရုတ်နယ်စပ်ရှိ MNDAA ဂိတ်များမှတဆင့် ဖြတ်သန်းလာသော တရုတ်ကုန်များကို ပြည်မထဲ ဝင်ရောက်ရာ အဓိက လမ်းကြောင်းများဖြစ်သော သီပေါ- နောင်ချို- ပြင်ဦးလွင်- မန္တလေးလမ်း၊ သီပေါ- နမ့်လန်- ရှမ်းတောင်၊ သီပေါ- မိုင်းရယ်- ရှမ်းအရှေ့တို့မှတဆင့် ပို့ဆောင်နိုင်ခြင်း မရှိတော့ပေ။
ရှမ်းမြောက်ကုန်သွယ်ရေးကို စိုးမိုးထားသည့် MNDAA
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့များဖြစ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်မြို့၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့များအား ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက် ထားသည်။ ယခုနှစ် မတ်လတွင် မဟာမိတ် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့အား MNDAA တပ်က သိမ်းပိုက်ခဲ့သည်။
ရှမ်းမြောက်ဒေသ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်ရှိရာ ၁၀၅ မိုင်နယ်စပ်စခန်းရှိ TNLA တပ်ဖွဲ့များအား လက်နက်ဖြုတ်သိမ်း၍ ကွတ်ခိုင်နှင့် မူဆယ်လမ်းကြောင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဂိတ်များအား MNDAA က ဖယ်ရှားခိုင်းခဲ့သည်။
ထို့ကြောင့် ရှမ်းမြောက်ဒေသရှိ အရေးပါသည့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များအား MNDAA က ထိန်းချုပ်ထားသည်။
တရုတ်အစိုးရ ကြားဝင်မှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်တပ်က ပြန်လည်စိုးမိုးထားနိုင် သော်လည်း လားရှိုးမြို့ ကုန်သွယ်ရေးအတွက် အရေးပါသည့် လားရှိုးမြို့ရှောင်လမ်းအား MNDAA က ဆက်လက်ထိန်းချုပ်ခွင့် ရထားသည်။
ထို့အပြင် လားရှိုးမှမိုင် ၄၀ အကွာရှိ ရှမ်းပြည်တောင်ပိုင်းသို့သွားသည့် မိုင်းရယ်လမ်းပိုင်းနှင့် မန္တလေးသို့ သွားသည့် သီပေါမြို့အစပ်ထိ လမ်းပိုင်းအား MNDAA က ဆက်လက်ထိန်းချုပ်ခွင့်ရထားရာ MNDAA အနေဖြင့် ရှမ်းမြောက်ကုန်သွယ်ရေးလမ်း အားလုံးနီးပါးအား စိုးမိုးထားနိုင်သည့်အခြေအနေဖြစ်နေသည်။
တရုတ်အစိုးရဘက်ကလည်း MNDAA ထိန်းချုပ်သည့် တရုတ်နယ်စပ်ဂိတ်များမှတဆင့် ကုန်သွယ်ခွင့် ပြုထားသဖြင့် ကိုးကန့်ဒေသ ချင်းရွှေဟော်ဂိတ်၊ မူဆယ်မြို့ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်များမှ နှစ်နိုင်ငံ ကုန်စည်များ ဖလှယ်ခွင့်ရနေသည်ဟု ကုန်သည်များထံက သိရသည်။
မြန်မာဘက်မှ ဖရဲ၊ ကြံ၊ ပြောင်း စသည့် ဒေသထွက်ကုန် အနည်းငယ်သာ တင်ပို့နိုင်ပြီး တရုတ်နိုင်ငံဘက်မှ စားသောက်ကုန်၊ လျှပ်စစ်၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ အထည်အလိပ်များ အဝင်များသည်ဟု ကုန်သည် များထံက သိရသည်။
“အစားအသောက်က ပင်လယ်စာတွေနဲ့ ကလေးမုန့်တွေ များတယ်။ နောက်ပြီး ဘက်ထရီဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ဆေးလိပ်နဲ့ ဘီယာတွေ အဝင်များတယ်။ အရောင်းအဝယ်ကလည်း ဒါတွေပဲ ဖြစ်တာ” ဟု မူဆယ် အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်မှ ကုန်တင်ပို့မှုအား တရုတ်အစိုးရဘက်မှ ကန့်သတ်ခဲ့သော်လည်း MNDAA နှင့် စစ်တပ်တို့ အပစ်ရပ်ပြီးနောက် ယမန်နှစ် ဇန်နဝါရီလမှ စတင်၍ တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှုများ ပြန်လည်ခွင့်ပြုထားသည်။

အလျော့မပေးလိုသည့် အာဏာသိမ်းစစ်တပ်
တရုတ်အစိုးရနှင့် MNDAA တို့ကြား နယ်စပ်ဂိတ်ပေါက်များဖွင့်၍ ကုန်သွယ်မှုများ ပုံမှန်ဆောင်ရွက်နေ သော်လည်း အာဏာသိမ်းအစိုးရဘက်ကမူ တရုတ်ကုန်စည်များအား တရားမဝင်ကုန်စည်ဟု သတ်မှတ်ပိတ်ဆို့ထားသည်။
“ရှမ်းမြောက်အပေါ်ပိုင်းမှာက ကုန်သွယ်ရေးက ဖြစ်နေတာကြာပြီ။ စစ်တပ်က သီပေါတံတား ပိတ်ထားပြီး ဘာကုန်မှ ပေးမဖြတ်ဘဲနဲ့တော့ ကုန်သွယ်ရေးက ဘယ်လိုဖြစ်နိုင်မလဲ။ ဒေသခံတွေနဲ့ ကုန်သည်တွေပဲ နစ်နာတာပေါ့ဗျာ” ဟု သီပေါဒေသခံတစ်ဦးက ပြောသည်။
တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု တရုတ် ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး H.E. Mr. Xu Qin၏ ဧပြီလခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့ကြောင့် မူဆယ်- မန္တလေး ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ပွင့်ရန်မှာ တရုတ်အစိုးရ၊ MNDAA နှင့် အာဏာသိမ်းအစိုးရတို့အကြား ညှိနှိုင်းမှုပေါ်တွင်သာ မူတည်မည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်များက ဆိုသည်။
“အမှန်ဆို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခရီးစဉ်ပြီးကတည်းက ဒီလမ်းကြောင်းက ပွင့်ရမှာ။ အခုက ကိုးကန့်နဲ့ ညှိမရတဲ့ကိစ္စတွေ ရှိနေပုံရတယ်။ အရင်ကတည်းက စစ်တပ်က ကိုးကန့်ကို အဲဒီလမ်းကြောင်းပေါ်မှာ မရှိစေချင်တာဆိုတော့ ဒီကိစ္စတစ်ခုခု သဘောတူညီချက်မရဘဲနဲ့တော့ ကုန်သွယ်ရေးကိစ္စက မလွယ်သေးဘူး ထင်တယ်” ဟု ရန်ကုန်အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက် ပြုသည်။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း လားရှိုး-သီပေါ လမ်းပိုင်းနှင့် သီပေါမြို့အထွက် တံတားအထိ ကိုးကန့် (MNDAA) တပ်ဖွဲ့က ထိန်းချုပ်ထားပြီး TNLA တပ်ဖွဲ့က သီပေါမြို့အတွင်းပိုင်းကို ထိန်းချုပ်ထားသည်။ ယမန်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က သီပေါမြို့အား TNLA တပ်ဖွဲ့ထံမှ ပြန်လည် သိမ်းယူပြီးနောက် သီပေါတံတားအား စစ်တပ်ဘက်မှ တစ်လနီးပါးကြာ ဖွင့်ပေးခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ တရားမဝင်ကုန်စည် တားဆီးရေးဟူသည့် အကြောင်းပြချက်ဖြင့် သီပေါတံတားအား စစ်တပ်က ယနေ့အထိ ပိတ်ထားခဲ့သဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ ထိခိုက်နေရသည်ဟု ကုန်သည်များနှင့် ဒေသခံများထံက သိရသည်။




