
ပဲခူးတိုင်း ရေတာရှည်မြို့အနောက်ဘက် ပဲခူးရိုးမတောင်ခြေရှိ လေလာမြောင်ကျေးရွာကို ပြီးခဲ့သည့်စနေနေ့တွင် စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံးအရပ်သား ရှစ်ဦးသေဆုံးသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။
လူဦးရေ ၆၀၀၀ နီးပါးနေထိုင်သည့် လေလာမြောင် (ခ) လေလံမြောင်ကျေးရွာကို ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးကြဲချပြီး လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်လည်းပစ်ခတ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်ကဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အသက် ခုနစ်နှစ်မှ ၁၃ နှစ်အတွင်းရှိ ကလေးငယ်သုံးဦးလည်း ပါဝင်သည်ဟုလည်း NUG ၏ ပဲခူးတိုင်းစစ်ဌာနဘက်ကဆိုသည်။
NUG ဘက်ကထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများတွင် မည်သူမည်ဝါမှန်းမသိနိုင်အောင် မီးလောင်ပျက်စီးနေသည့် ရုပ်အလောင်းအချို့၊ ဗုံးဒဏ်ကြောင့်ပြိုကျပျက်စီးနေသော ခရစ်ယာန်ဘုရားကျောင်းနှင့် အရပ်သားနေအိမ်များကိုလည်း တွေ့မြင်ရသည်။
“လေလံမြောင်ရွာကရွာကြီးထဲပါတယ်။ ကရင်ရွာပေါ့။ မကြာခဏတော်လှန်ရေးအဖွဲ့တွေရှိတယ်ဆိုပြီး ဗုံးကြဲခံရတဲ့ရွာတွေထဲပါတယ်။ အခုလည်းသတင်းပေးတွေက တော်လှန်ရေးအဖွဲ့တွေရောက်နေတယ် သတင်းပေးလို့ လေကြောင်းကနေ ဗုံးကြဲတယ်ကြားတာပဲ” ဟုထိုရွာတွင်ဆွေမျိုးများရှိသည့် ရေတာရှည်မြို့ပေါ်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ပဲခူးတိုင်းစစ်ဌာနပါဝင်သည့် NUG ၏ စစ်ဆင်ရေးနယ်မြေအမှတ်(၂) ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းက အရပ်သားများသည် PDF ရဲဘော်များကဲ့သို့ လေ့ကျင့်ထားခြင်းမရှိသဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ရှောင်တိမ်းနိုင်မှုမရှိခြင်း ဖြစ်ကြောင်း ပြောသည်။
ပဲခူးတိုင်း အခြေစိုက် PDF များနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးကမူ လေလာမြောင်ရွာသည် PDF တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုမရှိသည့် ရွာဖြစ်ပြီး တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဆိုသည်။
ဆက်လက်၍ ညနေ ၄ နာရီ ၃၈ မိနစ်နှင့် ၄ နာရီ ၅၀ အချိန်ဝန်းကျင်တွင်လည်း စစ်တပ်က စကွေးကျေးရွာအရှေ့ဘက်နှင့် ဆွာတမံအနီးဝန်းကျင်စသည့် နေရာနှစ်ခုကို လေကြောင်းမှ လေးကြိမ်ထက်မနည်းထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ ပျက်စီးဆုံးရှုံမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးပေ။
လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဒေသခံများကို ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များက ဆေးဘက်ဆိုင်ရာကူညီမှုအပါအဝင် လိုအပ်သော ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပြီး အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်ကျူးလွန်မှုများဖြစ်ကြောင်းဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းရွာ ဘုန်းကြီးကျောင်းဗုံးခံကြဲရမှုပြီးလျှင် ပဲခူးတိုင်း၌ ယခုနှစ်အတွင်း ဒုတိယ လူအသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်သည်။
စစ်တပ်က ရေတွင်းကုန်းရွာကို ဝင်စီးပြီးနောက် အရပ်သားများကို ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားစဉ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြုံရပြီး အရပ်သား ၂၅ ဦး သေဆုံးခဲ့ကြောင်း NUG ၏ ပဲခူးတိုင်း စစ်ဌာနက ထိုစဉ်က သတင်းထုတ်ပြန်ထားသည်။
ပဲခူးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ပဲခူးရိုးမနှင့်နီးသော ကျေးရွာတို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားများ မကြာခဏ ထိခိုက်သေဆုံးလျက်ရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များ မြို့ပေါ်နှင့် စစ်စခန်းများရှိရာ နေရာများသို့ တိုက်ပွဲဖော်ဆောင်နိုင်ခြင်းမရှိစေရန်အတွက်လည်း PDF များ နယ်မြေစိုးမိုးသည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ရက်ဆက် ကျူးလွန်နေခြင်းကြောင့် အရပ်သားများထိခိုက်သေဆုံးကာ အိုးအိမ်အများအပြား မီးရှို့ဖျက်ဆီးခံကြရကြောင်း ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ဝှမ်းတွင် စစ်ရေးလှုပ်ရှားနေသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
ယခုနှစ် ဧပြီလမှ ဇွန်လကုန်ထိ ရန်ကုန်တိုင်းမှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း အကြိမ်ရေ ၅၂၀ ထိရှိခဲ့ပြီး အရပ်သား ၃၁၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက်- MIPက ဇူလိုင်လ ၁၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။



