စစ်တပ်ဦးဆောင်သည့်ရွေးကောက်ပွဲကို သပိတ်မှောက်ရန်လှုံ့ဆော်မှုဖြင့် မန္တလေးမြို့မှ လူသိများသည့် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်အပါအဝင် အရပ်သားရှစ်ဦးကို ထောင် ၃၇ နှစ်စီနှင့် အခြားတစ်ဦးကို ထောင် ၂၇ နှစ် ထောင်ချချုပ်နှောင်ထားမည်ဟု ယမန်နေ့တွင် စစ်တပ်ထိန်းချုပ်ထားသည့်
မန္တလေး အိုးဘ်ိုထောင်အတွင်း အထူးတရားရုံးဆုံးဖြတ်လိုက်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများကဆိုသည်။
၎င်းတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်း ၃ ရက်က မန္တလေးမြို့လယ်ခေါင် လူစည်ကားသည့် ဈေးချိုတော်အနီးတွင် စစ်တပ်ဦးဆောင်သည့် ၂၀၂၅- ၂၀၂၆ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆန္ဒပြခဲ့ကြပြီးနောက် ဒီဇင်ဘာလလယ်တွင် စစ်တပ်ကလိုက်လံရှာဖွေ ဖမ်းဆီးခဲ့သည်။
ရွေးကောက်ပွဲသပိတ်မှောက်သူများကို စစ်တပ်ကနှစ်ဝက်နီးပါးကြာအောင် စစ်ကြောရေးစခန်းများနှင့် အိုးဘ်ိုထောင်အတွင်းချုပ်နှောင်ထားပြီးနောက် အမြင့်ဆုံးပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထက်မြတ်အောင်အပါအဝင်ရှစ်ဦးသည် ၂၀၂၅ ဇူလိုင်လက အာဏာသိမ်း စစ်ခေါင်းဆောင် လက်မှတ်ထိုးပြဋ္ဌာန်းခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၏ ပုဒ်မ၂၃(ခ) ဖြင့် အမှုသုံးခုရင်ဆိုင်ရပြီး တစ်မှုလျှင် ထောင် ၁၀ နှစ်နှုန်းဖြင့် ထောင်ဒဏ်အနှစ် ၃၀၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ခုနစ်နှစ်၊ စုစုပေါင်းထောင်ဒဏ် ၃၇ နှစ် အမိန့်ချခံခဲ့ရသည်။
ကိုထက်မြတ်အောင်နှင့်အတူ နှစ်ရှည်ထောင်သွင်းအကျဉ်းချခံရသူများမှာ မချီချီ၊ ကိုကျော်ဝဏ္ဏ၊ မစုစုသွယ်၊ ကိုအောင်ကိုဝင်း၊ ကိုငယ်လေး၊ ကိုဝေလွင်ဦး၊ ကိုသန့်စင်တို့ဖြစ်ကြောင်း ၎င်းတို့၏မိခင်အဖွဲ့အစည်းဖြစ်သည့် အာဏာရှင်စနစ် ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး) – AFCC ဘက်ကပြောသည်။
အမှုတွဲပါ ကိုကျော်အောင်ကိုလည်း အကျဉ်းထောင်ထဲတွင် ၂၇ နှစ်ကြာ ချုပ်နှောင်ထားမည်ဟု အမိန့်ချခဲ့သော်လည်း ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်ကိုမသိရသေးပါ။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲသည့် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ၅၂(က) ဖြင့်ကြားနာဆဲအမှုများကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း လက်တွေ့တွင် ၎င်းတို့အား ဆန့်ကျင်သူများ၏ အမှုများကို ရုပ်သိမ်းပေးခြင်းမရှိသည်ကို ကိုထက်မြတ်အောင်တို့၏အမှုက သက်သေပြနေသည်။
စစ်တပ်သည် ကိုထက်မြတ်အောင်တို့၏ ဒီဇင်ဘာလ လဆန်း ၃ ရက် ဆန္ဒပြပွဲအပြီးတွင် ယင်းနေရာတဝိုက်မှ ဆိုင်ခန်းပေါင်း (၅၀) ကျော်ကိုလည်း ဆန္ဒပြပွဲကို သတင်းမပေးသည့်အတွက် ဖျက်ဆီးပစ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် စစ်တပ်ဆန့်ကျင်သည်ဆိုကာ ရဟန်း၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ကြီးရွယ်အိုများ အပါအဝင်ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ကြရပြီး ၎င်းတို့၏ နေအိမ်နှင့်ပိုင်ဆိုင်သည့်လုပ်ငန်းများ ချိပ်ပိတ်အရေးယူခံခဲ့ရသည်။
စစ်တပ်သည် ၎င်းတို့ကို မထောက်ခံပါက လူမှုကွန်ရက်တွင်ရေးသားလျှင်ပင် အကြမ်းဖက်ပုဒ်မများဖြင့်အရေးယူလျက်ရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ (၂၈) ရက်အထိ လက်လှမ်းမီသမျှ ပြုစုထားသည့်စာရင်းတွင် အာဏာသိမ်းသည့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံတဝန်းတွင် အရပ်သားပြည်သူ (၃၁,၅၉၆) ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့ထဲမှ (၁၈,၅၉၀) ဦးသည် အကျဉ်းထောင်များတွင် ဆက်လက်ချုပ်နှောင်ခံထား ကြရသည်ဟု စိစစ်အတည်ပြုထားသည်။



