အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် အာခံစိန်ခေါ်လာခြင်း

အာဆီယံ အဆင့်မြင့်အစည်းအဝေးများတွင် ကန့်သတ်ခံနေရသည့် မင်းအောင်လှိုင်စစ်အုပ်စု၏ လိမ်လည်လှည့်ဖြားမှု၊ မျက်နှာပြောင်တိုက်မှုတို့အကြောင်းကို ဆောင်းပါးရှင်က ရှင်းပြထားသည်။

(၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ မြန်မာ့အရေးသည် အဓိကလွှမ်းမိုးခဲ့သော အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေး အလွတ်သဘော အစည်းအဝေးနှင့် တစ်ပတ်ခန့်သာ ကွာခြားပြီး၊ ထိုအစည်းအဝေး နှစ်ခုကို အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က အချိန်ကိုက် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

အာဆီယံနှင့် စစ်အုပ်စုအကြား ဆက်ဆံရေးသည် ဇူလိုင်လတွင် အလှုပ်အခတ်များလာသည်။ ဇူလိုင်လ ၉ ရက်တွင် စစ်အုပ်စု၏ အတုအယောင်လွှတ်တော်က အာဆီယံ “တူညီဆန္ဒ ၅ ရပ်” ကို ကန့်ကွက်ပယ်ချခဲ့ သည်။ ဇူလိုင်လ ၁၀ ရက်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Ma. Theresa P. Lazaro က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးကို ဇူလိုင် ၁၂ ရက်တွင် ကျင်းပမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ထိုအစည်းအဝေးကို စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေအား ဖိတ်ကြားထားသည်ဟု ဖော်ပြထားသည်။ 

စစ်အုပ်စု၏ အတုအယောင်လွှတ်တော်က အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်ကို ပယ်ချခဲ့ချိန်နှင့် တပြိုင်တည်း နီးပါ မင်းအောင်လှိုင်၏ ကိုယ်စားလှယ်ကို ဘန်ကောက်အလွတ်သဘော အစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်းသည် အာဆီယံ၏ ရပ်တည်ချက် ပြောင်းလဲတော့မည်လား၊ သို့မဟုတ် စစ်အုပ်စုကို အချိန်အခါ မှားယွင်းစွာ ဆက်ဆံခဲ့ခြင်းလားစသဖြင့် အာဆီယံနှင့်ပတ်သက်၍ သံသယစိတ်များ ကြီးထွားခဲ့သည်။ ထို့ကြောင့် ဘန်ကောက်အစည်းအဝေးက မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ အများအပြားနှင့် သတင်းမီဒီယာများ၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။ 

အဓိက သံသယမှာ ဘန်ကောက်အစည်းအဝေးသို့ အာဆီယံက အရေးယူပိတ်ပင်ထားသော နိုင်ငံရေးရာထူး ရယူထားသူ တင်မောင်ဆွေကို ဖိတ်ကြားခဲ့ခြင်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးများ နှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ နိုင်ငံရေးအရမဟုတ်သော ကိုယ်စားလှယ် (Non-political Representative) ကိုသာ တက်ရောက်ခွင့်ပေးမည်ဟူသော ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် ခြေလှမ်းပြင်ခြင်းလားဆိုသည့် အချက်ဖြစ်သည်။ 

အထူးသံတမန် Lazaro ၏ မြန်မာ့အရေး ဖရိုဖရဲကိုင်တွယ်မှု ဝေဖန်ခံရခြင်း 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံအသိုက်အဝန်းက ပြန်လည်လက်ခံရန် ထိုင်းနိုင်ငံက တက်ကြွစွာ ကြိုးပမ်းနေသည့်အချိန် ဘန်ကောက်အလွတ်သဘောအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌက လက်ခံသဘောတူခဲ့သည့် လုပ်ရပ်သည် တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်ရေး ငြင်းဆန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “ဆုချီးမြှင့်လိုက်ခြင်း” ဖြစ်သည်ဟူသော ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ 

ဇူလိုင်လ ၁၈ ရက်တွင် ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်ပုဂ္ဂိုလ်ဟောင်း သုံးဦးဖြင့် ဖွဲ့စည်းထားသော Special Advisory Council for Myanmar (SAC-M) အဖွဲ့၊ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း Dato’ Sri Saifuddin Abdullah နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya တို့က ပူးတွဲ ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး အထူးသံတမန် Lazaro ကို အပြင်းထန်ဆုံး ဝေဖန်ခဲ့သည်။ 

ထိုကြေညာချက်တွင် “အထူးသံတမန် Lazaro သည် ဇူလိုင်လ ၁၂ ရက်နေ့က စစ်အုပ်စုနှင့် ရင်းနှီးသည့်   ထိုင်း နိုင်ငံထဲတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးတို့ကြား အလွတ်သဘော အစည်းအဝေးတစ်ခု ပြုလုပ်ရန် လက်ခံသဘောတူလိုက်ခြင်းအားဖြင့် မြန်မာစစ်အုပ်စု၏ လူသတ်လုပ်ရပ်များနှင့် အာဆီယံအပေါ် ဆန့်ကျင်ဖီဆန်မှုကို ဆုချီးမြှင့်ခဲ့သည်” ဟု ဝေဖန်ထောက်ပြထားသည်။  

ထိုကြေညာချက်က “အာဆီယံ အထူးသံတမန် Lazaro သည် အကြောက်လွန်ခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းခြင်းတို့ ပေါင်းစပ်ထားသည့် ဖရိုဖရဲ အခြေအနေတစ်ခု ဖြစ်ပေါ်အောင် ဖန်တီးနေသည်” ဟု ပြစ်တင် ဝေဖန်ခဲ့သည်။

အာဆီယံသည် ပြင်ပမှ ဝေဖန်တိုက်ခိုက်မှုများကို တိုက်ရိုက် တုံ့ပြန်ခဲလှသည်။ သို့သော် ဇူလိုင်လ ၁၉ ရက် တွင် အထူးသံတမန် Lazaro သည် ကြေညာချက် ထုတ်ပြန်ပြီး SAC-M ကို တိုက်ရိုက်တုံ့ပြန် ခုခံချေပ ခဲ့သည်။ ထိုအချင်းအရာက အာဆီယံ၏ မြန်မာ့ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံသည် နိုင်ငံရေးအရ မည်မျှအကဲဆတ်သော အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည်ကို သိသာစေပါသည်။

Lazaro ၏ တုံ့ပြန်ချက်တွင် “ဘန်ကောက်အလွတ်သဘောအစည်းအဝေးသည် မေလ ၂၁ ရက်နေ့ အွန်လိုင်းမှ တဆင့် ကျင်းပခဲ့သော မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောတွေ့ဆုံညှိနှိုင်းမှု အစည်းအဝေး၏ ရလဒ်တစ်ခုဖြစ်ပြီး၊ ထိုအလွတ်သဘော အစည်းအဝေးများသည် (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံနှင့် တူညီဆန္ဒ ၅ ရပ် နှင့်အညီ အပြုသဘော ထိတွေ့ဆက်ဆံရန် ပေးအပ်ထားသောလုပ်ပိုင်ခွင့်အရ လုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ပြန်လည်ချေပခဲ့သည်။

မြန်မာ့ပြဿနာကို ဖရိုဖရဲကိုင်တွယ်နေသည်ဟု ဝေဖန်မှုများနှင့် ပြန်လည်ချေပမှုများကြားမှ Lazaro သည် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။ အစဉ်အလာအရ နေ့တွင်းချင်း ထုတ်ပြန်လေ့ရှိသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက် (Joint Communiqué) ကို ဇူလိုင်လ ၂၃ ရက်မှ နောက်ကျပြီး ထုတ်ပြန်နိုင်ခဲ့သည်။ 

ထိုပူးတွဲကြေညာချက်၌ ဘန်ကောက်အလွတ်သဘောအစည်းအဝေးကို မှတ်တမ်းတင်ခဲ့ပြီး၊ ထိုအစည်းအဝေး၏ တစ်ခုတည်းသော ရလဒ်အဖြစ် ယခုနှစ်ကုန်ပိုင်းတွင် အထူးသံတမန် Lazaro နေပြည်တော်သို့ သွားရောက်ရန် အစီအစဉ်ရှိသည်ဟု ဖော်ပြထားသည်။ သို့သော် တူညီဆန္ဒ ၅ ရပ်ကို မင်းအောင်လှိုင်စစ်အုပ်စုက လိုက်နာ အကောင်အထည်ဖော်ရန် မစွမ်းဆောင်နိုင်ခဲ့ပါ။ 

အစည်းအဝေးအပြီး အထူးသံတမန် Lazaro ၏ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲ ကို ကိုးမိနစ်ခန့် အကျဉ်းချုပ် ပြုလုပ်ခဲ့ရာတွင်၊ တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်မှု တိုးတက်မှုရှိမရှိ တိုင်းတာမည့်အချက်များ (Benchmarks)နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အမြဲတမ်းခန့်ထားရေး၊ အချက် နှစ်ချက်ကို ဆက်လက်ဆောင်ရွက်ရန် အာဆီယံအဆင့်မြင့်အရာရှိများ အစည်းအဝေး (Senior Official Meeting -SOM) သို့ လွှဲအပ်တာဝန်ပေးထားကြောင်း၊ နိုဝင်ဘာလတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ဖြေကြားခဲ့သည်။ 

စင်စစ် ထိုနှစ်ချက်သည် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ တာဝန်ယူစဉ် ကတည်းက ဆွေးနွေးနေခဲ့ပြီး မဆောင်ရွက်နိုင်သေးသော အချက်များဖြစ်သည်။ ဖိလစ်ပိုင်လက်ထက်တွင် ဆောင်ရွက်နိုင်မည်လား စောင့်ကြည့်ရပေလိမ့်မည်။ 

အာဆီယံက “တူညီဆန္ဒ ၅ ရပ်” ကို အခိုင်အမာ ဆုပ်ကိုင်ထားကြောင်း ထပ်လောင်းအတည်ပြုခဲ့သော်လည်း၊ စစ်အုပ်စု၏ အတုအယောင်လွှတ်တော်က ပယ်ချခဲ့ခြင်းကြောင့် မည်ကဲ့သို့အကောင်အထည်ဖော်မည်နည်းဟု သတင်းထောက်များက မေးခွန်းထုတ်သည့်အခါ၊ ဘန်ကောက်အစည်းအဝေးတွင် တင်မောင်ဆွေက ထိုကိစ္စ ပျက်ပြယ်သွားပြီဟု ပြောခဲ့ကြောင်း အထူးသံတမန် Lazaro က ဖြေကြားခဲ့သည်။ သို့သော် Lazaro ဖြေကြား ချက်နှင့် စစ်အုပ်စု နိုင်ငံခြားရေးဌာန၏ ဘန်ကောက်အလွတ်သဘောအစည်းအဝေး ကျင်းပခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အကြား ခြားနားချက် ရှိနေသည်။ 

စစ်အုပ်စု နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် “အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံ၏  အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့် အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်က ၉-၇-၂၀၂၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့သဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရွေးကောက်ခံအစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း” ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် Lazaro ပြောသကဲ့သို့ စစ်အုပ်စု အတုအယောင်လွှတ်တော် ဆုံးဖြတ်ချက် ပျက်ပြယ်သွားခြင်း မရှိပါ။

အာဆီယံ “တူညီဆန္ဒ ၅ရပ်” ကို စစ်အုပ်စု တိုက်ခိုက်လာခြင်း 

ဇူလိုင်လ ၂၃ ရက်တွင် စစ်အုပ်စု နိုင်ငံခြားရေးဌာနက ကြေညာချက်အသစ် ထပ်မံထုတ်ပြန်ပြီး အာဆီယံကို ထပ်မံ ထိုးနှက်တိုက်ခိုက်လာပါသည်။ ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က ကျင်းပခဲ့သော  “အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံလုပ်ထုံးလုပ်နည်းများနှင့် သွေဖည်၍ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် အဓိကသက်ဆိုင်သည့် မြန်မာနိုင်ငံအား မူကြမ်းချပြ အသိပေးညှိနှိုင်းမှုမရှိဘဲ ဥက္ကဋ္ဌထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒ (ASEAN Consensus) ဖြင့် ထုတ်ပြန်ခဲ့ ခြင်း မဟုတ်ပါ” ဟု စွပ်စွဲဖော်ပြထားသည်။

သို့သော် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်တွင် တူညီဆန္ဒ ၅ ရပ်ကို ဖော်ပြခဲ့ရာ၌ “မြန်မာနိုင်ငံ၏ အခြေအနေနှင့်စပ်လျဉ်း၍ ခေါင်းဆောင်များသည် အောက်ပါ အချက်များနှင့်ပတ်သက်သည့် ဘုံသဘောတူညီမှု (Consensus) ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။ 

ထို့အပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က စစ်အုပ်စု နိုင်ငံခြားရေးဌာနကပင် ထုတ်ပြန်ခဲ့ပြီး၊ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သော ကြေညာချက်တွင် “၂၄-၄-၂၀၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးအတွင်း သဘောတူညီခဲ့သည့် တူညီ ဆန္ဒ (၅) ရပ် အကောင်အထည်ဖော်မှုကို မြန်မာနိုင်ငံသည် အပြုသဘောဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါသည်” ဟု အတိအလင်း သုံးနှုန်းခဲ့သည်။ မူရင်းစာသားကို အောက်ပါ သတင်းစာဖြတ်ပိုင်းတွင် သက်သေအထောက်အထားဖြင့် တွေ့မြင်နိုင်သည်။ 

 ရင်းမြစ်။   ။ မြန်မာ့အလင်းသတင်းစာ (အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်)။

အင်္ဂလိပ်အသုံးအနှုန်း Five-Point Consensus ကို “တူညီဆန္ဒ (၅) ရပ်” ဟု ဘာသာပြန် သုံးနှုန်းခဲ့သည်မှာ စစ်အုပ်စုကိုယ်တိုင် ဖြစ်သည်။ သို့သော် ယခုအခါ တူညီဆန္ဒ (၅) ရပ်ဟု မသုံးနှုန်းတော့ဘဲ “အာဆီယံထုတ်ပြန်ချက် (၅) ရပ်” ဟု မျက်နှာပြောင်တိုက် ပြောင်းလဲသုံးစွဲလာသည်။ အထက်ပါ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သော “အစည်းအဝေးအတွင်း သဘောတူညီခဲ့သည့် တူညီဆန္ဒ (၅) ရပ်” ဟူသည့် အထောက်အထားက သက်သေခံလျက်ရှိနေသော်လည်း၊ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်ကြောင်း စစ်အုပ်စုက အာဆီယံကို စွပ်စွဲတိုက်ခိုက်လာခြင်း ဖြစ်သည်။

မင်းအောင်လှိုင်သည် ကမ္ဘာသိ ထပ်မံ “လိမ်ညာ” လိုက်ပြန်လေပြီ၊ သို့သော် ၎င်းအတွက် မထူးဆန်းတော့ပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုကို “အာဏာထိန်း” ခြင်းဟု လိမ်ညာခဲ့သည် မဟုတ်ပါလား။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြား၌ ပြည်သူများ တောင်ပြိုကမ်းပြို မဲထွက်ပေးခဲ့ခြင်းကို ကမ္ဘာကြီးက မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသော်လည်း “မဲလိမ်မဲခိုး” ခဲ့၍ အာဏာသိမ်းရခြင်းပါ ဟု တစ်ကမ္ဘာလုံးကို “လိမ်ညာ” ခဲ့သည့် နည်းလမ်းအတိုင်း ယခုအခါ အာဆီယံကို အရှက်သိက္ခာမဲ့ ထပ်မံလိမ်ညာခြင်း ဖြစ်သည်။

အာဆီယံခေါင်းဆောင်များကို မင်းအောင်လှိုင် ပြောင်ပြောင်တင်းတင်း စွပ်စွဲတိုက်ခိုက်လာခြင်းမှာ မကြာသေးခင်က အင်အားကြီး တရုတ်နှင့် အိန္ဒိယ၊ အာဆီယံအဖွဲ့ဝင် လာအိုနှင့် ထိုင်းနိုင်ငံ စသည့် အိမ်နီးချင်း လေးနိုင်ငံက ၎င်းကို အသိအမှတ်ပြု ဆက်ဆံလာခြင်းကြောင့် အတင့်ရဲလာပြီး အာဆီယံအတွင်း ညီညွတ်မှုပြိုကွဲရန် စတင် တိုက်ခိုက်လာခြင်း ဖြစ်သည်။ 

တဖန် စစ်အုပ်စု ကြေညာချက်က “အာဆီယံပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် အာဆီယံ၏ အခြေခံမူများ ဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး စသည့် အချက်များကို လေးစားလိုက်နာသင့်ပါသည်” ဟု အာဆီယံကို သတိပေးထားပြန်သည်။ ထို့ကြောင့် အာဆီယံသည် “တူညီဆန္ဒ ၅ရပ်” ဖြစ်ပေါ်လာပုံ ဇာစ်မြစ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဖြေရှင်း သင့်ပြီး၊ မင်းအောင်လှိုင်စစ်အုပ်စုကို ပြတ်သားစွာအရေးယူရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ 

အာဆီယံခေါင်းဆောင်များ ပဋိညာဉ်စာတမ်းနှင့်အညီ ရပ်တည်ခဲ့သော အထောက်အထားများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် သတင်းက အာဆီယံ ခေါင်းဆောင်များအတွက် သတင်းဆိုးကြီးတစ်ခု ဖြစ်ခဲ့မည်မှာ သေချာပါသည်။ ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော ဘရူးနိုင်းနိုင်ငံသည် ထိုနေ့မှာပင် အချိန်မဆိုင်းဘဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ အလွန်တိုတောင်းသော်လည်း၊ ပြတ်သားရှင်းလင်းသော အချက်လေးချက် ပါဝင်သည့် အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက် ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ထိုကြေညာချက်၏ မြန်မာဘာသာပြန်မှာ – (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ် တိုးတက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ (၂) ဒီမိုကရေစီ၊ တရား ဥပဒေစိုးမိုးမှုနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားခြင်း နှင့် အကာအကွယ်ပေးခြင်း အခြေခံမူများကို စောင့်ထိန်းလိုက်နာခြင်း အပါအဝင် အာဆီယံပဋိညာဉ်စာတမ်း တွင် ပြဋ္ဌာန်းထားသော ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ကျွန်ုပ်တို့ အမှတ်ရနေသည်။ (၃) အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံရေးတည်ငြိမ်မှုသည် ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ အကျိုးစီးပွားဖြစ်ထွန်းသော အာဆီယံအသိုက်အဝန်းတစ်ခု အောင်မြင်စွာတည်ဆောက်ရန် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုသည်။ (၄) မြန်မာပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ မူလအခြေအနေသို့ နောက်ကြောင်း ပြန်လှည့်၍ ကွဲပြားမှုများကို ရင်ကြားစေ့ခြင်းနှင့် တွေ့ဆုံဆွေးနွေခြင်းကို အားပေးတိုက်တွန်းသည်။ ကြေညာချက်၏ အင်္ဂလိပ်မူရင်းကို အောက်တွင် ဖော်ပြထားသည်။

အာဆီယံသည် မင်းအောင်လှိုင် စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက “မြန်မာပြည်သူများ၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ မူလအခြေအနေသို့ နောက်ကြောင်းပြန်လှည့်ရန်” ၎င်း၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကို လျစ်လျူရှုခဲ့သည်။ 

မင်းအောင်လှိုင်သည် အာဏာသိမ်းသည့် နေ့မှစ၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ဝင်များအားလုံးကို ဖမ်းဆီးအကျဉ်းချခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော နိုင်ငံအနှံ့မှ ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများကို စစ်မြေပြင်သုံး “စနိုက်ဘာ” သေနတ်များဖြင့် ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်သတ်ဖြတ်မှု  များကြောင့် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဆန္ဒပြလူငယ်များ ရာဂဏန်းအထိ သေဆုံးခဲ့ရသည့် မြင်ကွင်းများကို ရန်ကုန်အခြေစိုက် အာဆီယံသံရုံးများမှ သတင်းပေးပို့ချက်များနှင့် ကမ္ဘာ့သတင်းများမှတဆင့် အာဆီယံခေါင်းဆောင်များ မြင်တွေ့ခဲ့ရသည်။ 

မင်းအောင်လှိုင်က လက်နက်မဲ့ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းမှုများ ဆက်တိုက်ကျူးလွန်ခဲ့ခြင်းမှာ  အာဆီယံပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြပြည်သူများအား မင်းအောင်လှိုင်၏ စိတ်လွတ်ကိုယ်လွတ် ရက်ရက်စက်စက် သတ်ဖြတ်နေမှုများကို ဟန့်တားရန်နှင့် အခြေအနေကို အလျင်အမြန်ကြားဝင်ညှိနှိုင်း ထိန်းသိမ်းရန် အာဆီယံ ခေါင်းဆောင်များ ကြိုးပမ်းခဲ့ကြသည်။   

စစ်အာဏာသိမ်းမှုသည် မြန်မာ့ပြည်တွင်းရေး ဖြစ်သည်မှာ မှန်သော်လည်း၊ အဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာရမည့် အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများကို ချိုးဖောက်ခဲ့ခြင်းက အာဆီယံ၏ အရေးကိစ္စ ဖြစ်လာသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂက လက်မခံ ငြင်းဆန်လိုက်ပြီး၊ အရပ်သားအစိုးရ ခန့်အပ်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကိုသာ ဆက်လက် အသိအမှတ်ပြု ခဲ့သည်။ ထိုအခြေအနေကြောင့် အဖွဲ့ဝင်မြန်မာနိုင်ငံအရေး ပဋိညာဉ်စာတမ်းနှင့်အညီ မဖြစ်မနေ ကိုင်တွယ်ရန် အာဆီယံ ခေါင်းဆောင်များအပေါ်ကို ဖိအားကျရောက်လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အခြေအနေကို သုံးလခန့် စောင့်ကြည့်ခဲ့ပြီးနောက်၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အာဆီယံခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးကို အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံး တည်ရှိရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ခေါ်ယူကျင်းပခဲ့သည်။ ထိုနေ့အထိ မင်းအောင်လှိုင် သတ်ဖြတ်ခဲ့၍ သေဆုံးခဲ့သော ဆန္ဒပြပြည်သူ အရေအတွက်မှာ ၇၄၅ ဦး ရှိကြောင်း Reuters သတင်းဌာန၏ ထိုအစည်းအဝေးအကြောင်း သတင်းရေးသားချက်တွင် ဖော်ပြထားသည်။   

အာဆီယံခေါင်းဆောင်များသည် ထိုအစည်းအဝေးတွင် “တူညီဆန္ဒ ၅ ရပ်” ကို မင်းအောင်လှိုင်ရှေ့မှောက်၌ ဆွေးနွေးခဲ့ကြပြီး၊ သဘောတူညီမှု ရရှိခဲ့ကြောင်း စစ်အုပ်စု နိုင်ငံခြားရေးဌာန၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ကြေညာချက်က သက်သေခံအထောက်အထား ဖြစ်သည်။  

အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသည် စိတ်ကူးပေါက်တိုင်း ချက်ချင်းထ၍ လုပ်ဆောင်မရပါ။ အဖွဲ့ကြီး၏ တိကျသော လုပ်ထုံးလုပ်နည်းများအရ အဖွဲ့ဝင်နိုင်ငံများအကြား အစည်းအဝေးအစီအစဉ်ကို ကြိုတင် ညှိနှိုင်းပြင်ဆင်ရခြင်း၊ ဆွေးနွေးမည့်အကြောင်းအရာများကို ခေါင်းစဉ်ကစ၍ ကြိုတင်သဘောတူညီမှုယူရခြင်း၊ ဆုံးဖြတ်ချက်ချရန်ကိစ္စများ ရှိပါက ဆုံးဖြတ်ချက်မူကြမ်းကို လျှို့ဝှက်ထား၍မရဘဲ ကြိုတင်ရေးသားပြင်ဆင် ဖြန့်ဝေထားရခြင်း၊ ထိုမူကြမ်းကို အစည်းအဝေးတွင် ပွင့်လင်းမြင်သာစွာ ဖတ်ကြားဆွေးနွေး သဘောတူညီမှု ရယူခြင်းနှင့် အစည်းအဝေးတစ်လျှောက်လုံး ဆွေးနွေးချက်များကို မှတ်တမ်းတင်ရခြင်းစသည့် လုပ်ငန်းစဉ်များ အတိအကျ ရှိပါသည်။  

ထိုလုပ်ငန်းစဉ်များသည် အဆင့်မြင့်အရာရှိများအဆင့်အစည်းအဝေး (Senior Official Meeting – SOM) နှင့် နိုင်ငံခြားရေးဝန်ကြီးများအဆင့် (AMM) အစည်းအဝေးများတွင် ညှိနှိုင်းဆွေးနွေးပြီးမှ ထိပ်သီးခေါင်းဆောင်များအဆင့် အစည်းအဝေးသို့ တင်သွင်းနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် “စစ်အုပ်စု စွပ်စွဲသကဲ့သို့ အစည်းအဝေးအပြီး တူညီဆန္ဒ ၅ ရပ်” ကို အလှည့်ကျဥက္ကဋ္ဌ၏ကြေညာချက် နောက်ဆက်တွဲအဖြစ် တစ်ဖက်သတ်ထည့်သွင်းခဲ့သည့် သိက္ခာမဲ့လုပ်ရပ်မျိုး အာဆီယံခေါင်းဆောင်များ လုပ်မည်မဟုတ်ပါ။ 

ဂျကာတာအစည်းအဝေးအပြီး “တူညီဆန္ဒ ၅ ရပ်” ကို အကောင်အထည်ဖော်ရန် အာဆီယံခေါင်းဆောင်များ က မင်းအောင်လှိုင်ကို အချိန်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်တွင် (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းမှတဆင့် ကျင်းပခဲ့ရာ၊ ထိုအစည်းအဝေးကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် တက်ရောက်ခဲ့သည်။ ထို့ကြောင့် စစ်အာဏာသိမ်းပြီး ခြောက်လခန့်အထိ အာဆီယံသည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခွင့် ပေးခဲ့သည်ကို တွေ့ရှိရသည်။

အစည်းအဝေးအတွင်း “တူညီဆန္ဒ ၅ ရပ်” အရ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) ခန့်အပ်ခဲ့ခြင်းကို ဝဏ္ဏမောင်လွင် သဘောတူခဲ့သည်။ ထိုအစည်းအဝေးအပြီး ပူးတွဲကြေညာချက် တွင် “တူညီဆန္ဒ ၅ ရပ်ကို အချိန်နှင့်တပြေးညီ အပြည့်အဝ အကောင်အထည်ဖော်ရန် လက်ခံမှုနှင့် မြန်မာ၏ ကတိကဝတ်ကို ကြိုဆိုကြောင်း” ဖော်ပြခဲ့သည်။ ဝဏ္ဏမောင်လွင်၏ သဘောတူညီချက်ကြောင့် ပူးတွဲကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

အထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ လာရောက်ပြီး (ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်သော) သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံညှိနှိုင်း ရန် လူစာရင်းကို ကြိုတင်ပေးပို့၍ စစ်ကောင်စီက စီစဉ်ပေးရန် တောင်းဆိုခဲ့သည်။ သမ္မတအိပ်မက်ကြောင့် အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည် အာဆီယံက ထိထိရောက်ရောက် ကြားဝင်ဖြေရှင်းလာသည်ကို မလိုလားဘဲ၊ ငြင်းဆန်ခဲ့သဖြင့် ခရီးစဉ်ဖျက်သိမ်းလိုက်ရပြီး၊ အောက်တိုဘာလ ၁၅ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးကို အွန်လိုင်းမှတဆင့် ခေါ်ယူကျင်းပခဲ့သည်။ 

ထိုနေ့သည် အာဆီယံ၏ သမိုင်းတွင် မလုပ်ဆောင်ခဲ့ဖူးသော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စတင်အရေးယူသည့် ဆုံးဖြတ်ချက်အား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို သံတမန်ဆန်စွာ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးအရမဟုတ်သော ကိုယ်စားလှယ် (Non-political Representative) ကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုမည်ဟု ဖော်ပြခဲ့သည်။ ထို့နောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပခဲ့သော (၃၈) ကြိမ်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ထိုဆုံးဖြတ်ချက်ကို တင်သွင်းခဲ့ရာ အာဆီယံခေါင်းဆောင်များက အတည်ပြုလိုက်ကြသည်။ 

ထိပ်သီးအစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက် အပိုဒ် ၁၀၂ ၌ “မြန်မာနိုင်ငံ၏ အခြေအနေနှင့်စပ်လျဉ်း၍ ကြားဝင်မစွက်ဖက်ရေး အခြေခံမူကို လေးစားလိုက်နာသလို၊ တရားဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဒီမိုကရေစီ အခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော အစိုးရ ဖြစ်ရေး ဆိုသည့် အာဆီယံ၏ အခြေခံမူများကို မျှတစွာကျင့်သုံးရန် လိုအပ်ချက်ကို အာဆီယံခေါင်းဆောင်များက အတည်ပြုခဲ့ကြသည်။ ထိုအချက်က အာဆီယံ၏ ပဋိညာဉ်စာတမ်းကို လိုက်နာကျင့်သုံးပုံနှင့် စစ်အုပ်စု၏ စွပ်စွဲချက်များအကြား ကွာဟချက်ကို ထင်ရှားစေပါသည်။

အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ မင်းအောင်လှိုင်ကို ပြတ်သားစွာအရေးယူသင့်ပြီ

ဤနေရာတွင် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပဋိညာဉ်စာတမ်း၏ မည်သည့်ပြဋ္ဌာန်းချက်အရ အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သနည်း ဆိုသည့် မေးခွန် ရှိနေပါသည်။ ထိုမေးခွန်းအတွက် အဖြေကို ပဋိညာဉ်စာတမ်း၏ အခန်း (၇) “ဆုံးဖြတ်ချက်ချမှတ်ခြင်း” တွင် ရှာဖွေနိုင်ပါသည်။  

ပဋိညာဉ်စာတမ်း၏ အခန်း (၇)၊ အပိုဒ် (၂၀) ၏ အပိုဒ်ခွဲ (၄) တွင် “ဤပဋိညာဉ်စာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်း သို့မဟုတ် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ယင်းကိစ္စကို အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြ အဆုံးအဖြတ် ခံယူရမည်” ဟု ပြဋ္ဌာန်းထားသည်။ 

အာဆီယံအဖွဲ့ကြီး၏ အရေးကိစ္စများတွင် အမြင့်ဆုံး ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာ ကျင့်သုံးပိုင်ခွင့်အား အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များသာ တက်ရောက်ခွင့်ရှိသော အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit) သို့ ပဋိညာဉ်စာတမ်းအရ အပ်နှင်းထားသည်။ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက် သည် ဥပဒေကဲ့သို့ အာဏာတည်ပြီး၊ အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ (Consensus) ဖြင့်သာ ပြင်ဆင်နိုင်ကြောင်း သတိချပ်သင့်သည်။

စင်စစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှတဆင့် ပြည်သူဆန္ဒမဲ အများစုဖြင့် ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရထံက မင်းအောင်လှိုင် အာဏာသိမ်းခဲ့ခြင်းသည် အာဆီယံပဋိညာဉ် စာတမ်း၏ အခြေခံမူများအရ “ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသောအစိုးရ” တရပ်ထံက စစ်အာဏာသိမ်းခြင်းဖြစ်၍ ပဋိညာဉ်စာတမ်း၏ အခြေခံမူများကို တိုက်ရိုက်ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။   

ထိုအချက်ကို အာဆီယံခေါင်းဆောင်များ သိရှိထားပါလျက် နှုတ်ဆိတ်နေခဲ့ကြသည်။  အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမှာ အာဆီယံ၏ အခြေခံမူတစ်ခုဖြစ်ရာ မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ရာရောက်မည်ကို စိုးရိမ်သောကြောင့် ထိုသို့ နှုတ်ဆိတ်ခဲ့ကြခြင်း ဖြစ်သည်။  သို့သော် ယခုအခါ မင်းအောင်လှိုင်က အာဆီယံ ခေါင်းဆောင်များသည် ပဋိညာဉ်စာတမ်းကို ဖောက်ဖျက်ကျူးလွန်နေသယောင် စွပ်စွဲလာခြင်းကြောင့်၊ ဆက်လက်သည်းခံမနေသင့်တော့ဘဲ မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား အရေးယူသင့်ပြီဖြစ်ကြောင်း၊ သို့မဟုတ်ပါက အာဆီယံ၏ဂုဏ်သိက္ခာနှင့် ယုံကြည်ထိုက်မှု လုံးဝဆုံးရှုံးသွားနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button