အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နီးစပ်သည့် မြန်မာပြည် ကက်သလစ်သာသနာပိုင် ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ဇာတိ စစ်ကိုင်းတိုင်း ခင်ဦးမြို့အနောက်မြောက်ဘက်ရှိ မုံလှရွာကို စစ်တပ်က ပြီးခဲ့သည့်စနေနေ့တွင် ဂျိုင်ရိုကော်ပတာ (Gyrocopter) များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးသွားပြီး အခြားအရပ်သားနှစ်ဦး ပြင်းထန်သည့်ဒဏ်ရာများ ရခဲ့ကြောင်း ဒေသခံများကဆိုသည်။
ယင်းသည် မုံလှရွာကို စစ်တပ်က လေးနှစ်အတွင်း တတိယအကြိမ်မြောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က ရဟတ်ယာဉ်များဖြင့်ဗုံးကြဲခဲ့ပြီး၊ ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်တွင် စစ်တပ်က အရပ်သားနေအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံတို့ကဆိုသည်။

စစ်တပ်သည် ပြီးခဲ့သည့် စနေနေ့က မုံလှကျေးရွာရှိ အရပ်သား နေအိမ်များကို ဂျိုင်ရိုကော်ပတာ (Gyrocopter)သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးသွားပြီး အခြားအရပ်သားနှစ်ဦး ပြင်းထန်သည့် ဒဏ်ရာများရခဲ့ကြောင်း ဒေသခံများကဆိုသည်။
အသေးစားရဟတ်ယာဉ်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် ဘီးတပ်ဂျိုင်ရိုကော်ပတာ (Gyrocopter)သည် လေယာဉ်ပျံများကဲ့သို့ ပြေးလမ်းရှည်မလိုဘဲ အတက်အဆင်းလွယ်ကူပြီး အနိမ့်ပျံသန်းနိုင်သည်။
မုံလှရွာနှင့် မိုင် ၅၀ (ကီလိုမီတာ ၈၀ ) ခန့်ဝေးသည့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ပျံသန်းလာသည့်
ဂျိုင်ရိုကော်ပတာ (Gyrocopter)များသည် စနေနေ့ နေ့လယ် ၂ နာရီခန့်တွင် အရပ်သားနေအိမ်များကို ဗုံးသုံးလုံးထက်မနည်း ကြဲချခဲ့သည်ဟုလည်း ၎င်းတို့ကဆိုသည်။ ထိုဗုံးများကြောင့် နေအိမ်များမီးလောင်ခဲ့ပြီးနောက် ထွက်မပြေးနိုင်သည့် အမျိုးသမီးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟုလည်း ဒေသခံတို့ကဆိုသည်။
“ အိမ်ပေါ်တည့်တည့်ကျတဲ့ အိမ်တွေက မီးလောင်ကုန်တာ၊ အဘွားက အသက်ကြီးတော့ မပြေးနိုင်တော့ မီးထဲပါသွားတာ၊ ဒဏ်ရာရတာတွေလည်းရှိတယ် ပျက်စီးတာတွေလည်းရှိတယ်”ဟု လုံခြုံရေးအရ အမည်ထုတ်ပြောရန် ငြင်းဆန်သည့် မုံလှ ဒေသခံ အမျိုးသားက ပြောသည်။
သေဆုံးသူအမျိုးသမီးသည် အမြင်အာရုံနှင့် အကြားအာရုံချို့တဲ့နေသူဖြစ်ပြီး မီးလောင်ပြင်မှ ထွက်မပြေးနိုင်ခဲ့ဟုလည်း ၎င်းကဆိုသည်။
ဗုံးဒဏ်ကြောင့် အနည်းဆုံးလူနေအိမ်လေးလုံး မီးလောင်ခဲ့ပြီး ယင်းနေအိမ်ထဲရှိ ထွန်စက်၊ ထော်လာဂျီ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

Myanmar Now ကရရှိသည့် ဓာတ်ပုံများတွင် မည်သူမည်ဝါမှန်းမသိလောက်အောင် မီးလောင်ပျက်စီးနေသည့် ရုပ်အလောင်းတစ်ခုနှင့် မေးရိုးနှင့်လည်ပင်းတို့တွင် ပြင်းထန်စွာဒဏ်ရာရထားသည့် အမျိုးသားတစ်ဦးတို့ကို တွေ့ရှိရသည်။ ၎င်းတို့သည် စစ်တပ်လက်ချက်ကြောင့် ထိခိုက်သေဆုံးခဲ့သူများဖြစ်ကြောင်းလည်း ဓာတ်ပုံပေးပို့သူများကဆိုသည်။
ဒဏ်ရာရသူနှစ်ဦးကို ဒေသတွင်းကယ်ဆယ်ရေးသမားများက အရေးပေါ်ဆေးကုသမှုပေးနိုင်ခဲ့သဖြင့် အသက်အန္တရာယ် မရှိတော့ကြောင်းနှင့် မီးလောင်ပြင်ကိုလည်း ရွာသားများက ရွာ၏အခြားနေရာများသို့ မကူးစက်ရန် အချိန်မီငြှိမ်းသတ်နိုင်ခဲ့သည်ဟုလည်း မုံလှ ဒေသခံ အမျိုးသားက ပြောသည်။
စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် အာဏာသိမ်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ခင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် မုံလှစံပြရွာမှာ မြန်မာနိုင်ငံကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်မောင်ဘို၏ မွေးရပ် ဇာတိဖြစ်ကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင်များနေထိုင်ကြသည့် ရွာကြီးဖြစ်သည်ဟု သိရသည်။
ခင်ဦးမြို့နယ်တွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း စစ်တပ်၏ လေကြောင်း ကင်းထောက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများက အဆက်မပြတ်ရှိနေခဲ့သည်ဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ပြောသည်။
မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်တပ်၏ ဗုံးကြဲမှုမှာ ဒါဇင်ဝက် ဝန်းကျင်ရှိခဲ့ပြီး သေဆုံးသူ ၁၀ ဦးခန့်ရှိခဲ့သည်ဟု အထက်ပါ တော်လှန်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်။
မေလက ခင်ဦးမြို့ ရွာစဉ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး၊ အသေခံဒရုန်းနှစ်စီးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ လေးဦးသေဆုံးခဲ့သည်။ ဇွန်လဆန်းကလည်း ခင်ဦးမြို့ စည်ပုတ္တရာရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့ရာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းများအရ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ဇွန်လအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၈၉၆ ပြုလုပ်ခဲ့ရာ ဒေသခံ အရပ်သား ၅၈၄၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။



