စစ်ရေယာဉ်အုပ်စုသည် ကချင်ပြည်နယ် ရွှေကူမြို့အနီး ရောက်ရှိနေပြီး ထိုမှ ၁၂ မိုင်ခန့်အကွာရှိ စစ်တပ်ခြေကုပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ခဲ့သဖြင့် စစ်တပ်က ထိုစခန်းပြန်ရရေး ယနေ့ အပြင်းအထန်ထိုးစစ်ဆင်နေပြီး ၁၀ ကြိမ် ထက်မနည်း ဗုံးကြဲနေသည်ဟု ကချင်လွတ်လပ်ရေးတပ် (KIA) ထံက သိရသည်။
ရွှေကူမြို့အရှေ့တောင်ဘက် ရွှေကူ- ဗန်းမော်ကားလမ်းနှင့် ဧရာဝတီမြစ်ဆုံရာ၊ ဇင်းဘုံကျေးရွာအနီးရှိ စစ်ရေးအရ အရေးပါသော စစ်တပ်စခန်းကို ဩဂုတ်လ ၃၀ ရက်တွင် KIA၊ ကချင်ဒေသပြည်သူ့ကာကွယ် ရေးအဖွဲ့ (KPDF) ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပြန်ရရန် အပြင်းအထန် ကြိုးပမ်းနေသည်။
“ ရွှေကူမှာတော့ နေ့တိုင်းလိုလို ပြင်းပြင်းထန်ထန် တိုက်ပွဲရှိပါတယ်။ မနေ့ကလည်း ဇင်းဘုံဆိုတဲ့ ရွာလေး မှာလည်း တိုက်ပွဲတွေ ရှိပါတယ်။ စကစဘက်ကလည်း အကျအဆုံး များတယ်လို့ သူတို့ဘက်က သတင်း ထွက်ပါတယ်။ မနေ့ကအထိ ကျဆုံးတာတွေပါတယ်။ တချို့ကတော့ ပျောက်ဆုံးတာတွေလည်းပါတယ်။ ရှာလို့မတွေ့ရတာလည်းပါတယ်ပေါ့” ဟု KIA တပ်၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ ဇင်းဘုံဆိုတဲ့ရွာကတော့ ဒုတိယမြစ်ကျဉ်းရဲ့ လုံခြုံရေးယူထားတဲ့နေရာလည်းပဲ ဖြစ်ပါတယ်။ ဇင်းဘုံကို သူတို့ မရအရ ပြန်ထိုးစစ်ဆင်တာ ဒီနေ့အထိပါပဲ။ အခု ဒီနေ့ အခြေအနေကတော့ သတင်းကတော့ မကြားရသေးဘူး။ ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်တာတော့ရှိပါတယ်။ ဒီနေ့ ညနေအချိန်အထိ လေကြောင်းက ဗုံးကြဲတာကတော့ အကြိမ် ၁၀ ကျော် ရှိပါတယ်” ဟု ၎င်းက ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပြောသည်။
ဇင်းဘုံရွာမှာ ဧရာဝတီဒုတိယမြစ်ကျဉ်းနေရာတွင်ရှိပြီး ဆန်တက်လာသည့် စစ်တပ်၏သင်္ဘောများကို KIAနှင့် ပူးပေါင်းတပ်များက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည့် စစ်ရေးအရ ဗျူဟာကျသည့် နေရာဖြစ်သည်။
ဇင်းဘုံရွာကို စစ်တပ်ဘက်ကပြန်ရ၍ စစ်တပ်သင်္ဘောများ ဆက်တက်လာနိုင်ပါက တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေ ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ ဇင်းဘုံကို သူတို့ (စစ်တပ်) မရမက လည်ထိုးနေတာ။ ဇင်းဘုံမှာ သူတို့ထိုင်နိုင်မယ် ဆိုရင်တော့ သူတို့သင်္ဘောတွေက ဆက်တက်မှာ။ သင်္ဘောတွေကတော့ ရွှေကူမှာပဲ အားလုံးက ရပ်နေတာ ။ ရွှေကူရဲ့ အထက်ပိုင်း စင်းခန်းဘက်မှာ သင်္ဘောတွေ ဆက်တက်မယ်ဆိုရင်တော့ တိုက်ပွဲကတော့ ပြင်းထန်လာနိုင်ပါတယ်”
စစ်တပ်က ဗန်းမော်မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့် စင်းခန်းရွာနှင့် အနီးရှိ စင်းခန်း တံတားကိုလည်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရာ ဇင်းဘုံရွာသည် စင်းခန်းတံတားတို့မှာ မြစ်ကြောင်းအတိုင်း ရှစ်မိုင်ကျော်ခန့်သာ ကွာဝေးသည်။
ဇင်းဘုံရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ လူ၊ လက်နက်များရခဲ့ကြောင်း၊ အရာရှိအချို့အပါအဝင် သေဆုံးသူ တစ်ဒါဇင်ခန့်ရှိကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ညနေပိုင်းမှာ စခန်းတစ်ခုလုံးသိမ်းလိုက်ပြီ၊ နောက်နေ့အထိတော့ အနီးအနားတွေကို ဆက်ရှင်းနေတုန်း အလောင်းလည်းရတယ်။ လက်နက်လည်းရတယ်။ အသေများတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဇင်းဘုံရွာအခြေစိုက် စစ်တပ်စခန်းကို KIA သိမ်းလိုက်သည့်အတွက် စစ်တပ်၏သင်္ဘောအုပ်စု ရှေ့ဆက်တက်လာရန် ပိုမိုခက်ခဲသွားနိုင်သည်ဟု ရွှေကူမြို့နယ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက သုံးသပ်သည်။
“ဒီနေရာက ဖြတ်မှပဲရမှာလေ၊ အဲဒါကြောင့် သူတို့က ဇင်းဘုံကို လိုချင်တာ။ စင်းခန်းရောက်ဖို့က ဇင်းဘုံကို အရင်ရမှဖြစ်မှာ။ ဇင်းဘုံမရတော့ သင်္ဘောတွေလည်း ဆက်တက်မလာရဲဘူး” ဟု ၎င်းက ဆိုသည်။
ဩဂုတ်လ ၂၁ ရက်မှ စတင်၍ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများ၊ လူအင်အားများ၊ ရိက္ခာများ သယ်ဆောင်ကာ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘော လေးစီးအပါအဝင် စုစုပေါင်း ရေယာဉ် ၁၄ စီးမှာ ရွှေကူမှတဆင့် ဗန်းမော်မြို့သို့ ဆန်တက်ရန် ကြိုးပမ်းနေသည်။
စစ်တပ်၏သင်္ဘောအုပ်စုကိုလည်း KIA က လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ဩဂုတ်လ ၂၉ ရက်က ရွှေကူမြို့အထက်ဘက် ဘိုကုန်းရွာအနီး စစ်တပ်က ချောဆွဲလာသည့် အရပ်ဘက် သင်္ဘောတစ်စီးကို တော်လှန်ရေးဘက်က တိုက်ခိုက်ရရှိခဲ့သည်။
“ ရတဲ့ သင်္ဘောကတော့ ကုန်တင်တဲ့ သင်္ဘောကြီးတော့ မဟုတ်ဘူး။ တွန်းသင်္ဘောပါ ။ တွန်းသင်္ဘောကို ရတာ ရှိပါတယ်။ နောက် ရွှေကူရဲ့ သင်္ဘောဆိပ်ထဲမှာ ရှော့တိုက်ဒုံးတွေပစ်လို့ ထိခိုက်တာတွေ ရှိတယ်။ ဘယ်လောက်ထိ ထိတယ်ဆိုတာကတော့ အတိအကျ မသိရသေးဘူး ။ ဘာကြောင့်လဲဆိုတော့ သင်္ဘောအားလုံးက ရွှေကူမှာပဲ ရပ်နေတယ်ဆိုတော့ လုပ်နိုင်တဲ့အနေအထား ရှိတာ မရှိတာလားဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ အခုလောလောဆယ်ကတော့ ဇင်းဘုံက ကျွန်တော်တို့ ထိန်းချုပ်ထားပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ ပြင်းထန်မှာပါ” ဟု ၎င်းက ဆက်ပြောသည်။
စင်းခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် တစ်နှစ်ခွဲကျော်ကြာ မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့တည်ရှိပြီး ဗန်းမော်စစ်ကူအတွက် ရွှေကူမြို့ကို တထောက်နားရာစခန်းအဖြစ် စစ်တပ်က အသုံးပြုနေသည်။
စစ်တပ် ထိန်းချုပ်သည့် ရွှေကူမြို့နှင့်အနီးနားတွင် ဩဂုတ်လ ၁၈ ရက်မှစတင်၍ တိုက်ပွဲများပြင်းထန် နေသည့်အတွက် လေကြောင်းဗုးကြဲမှုများ ယနေ့အထိ အကြိမ် ၅၀ နီးပါးရှိခဲ့သည်ဟု အထက်ပါ KIA သတင်းရင်းမြစ်အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်ညနှင့် ဩဂုတ်လ ၂၉ ရက် နံနက်က ရွှေကူမြို့နယ်မြစ်ကမ်းဘေး ကျေးရွာတို့ကို တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးစာမျက်နှာတစ်ခုဖြစ်သော ပကဖအသံ ကလည်း ထုတ်ပြန်ထားသည်။

စစ်တပ်က ရွှေကူမြို့အနီး တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ် ဝါဒဖြန့် သူများက စင်းခန်းတံတားတွင် အလံစိုက်မည်ဖြစ်ကြောင်း ရေးသားနေကြသည်။
ထို့အပြင် ဩဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရွှေကူမြို့ အမှတ်(၂)ရပ်ကွက်ထဲ KIA၊ PDF ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး၊ ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ စစ်ရေယာဉ်အုပ်စုရပ်နားထားရာ သင်္ဘောဆိပ်ကိုသာ KIA အနေဖြင့်ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ ကျွန်တော်တို့ဘက်ကလည်း ရှော့တိုက်ဒုံးကျလို့ ပြည်သူလူထုထိခိုက်တယ်ဆိုတာကတော့ လက်ခံစရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ (စကစ) လေကြောင်းကနေ ပစ်တဲ့ ဗုံးတွေကတော့ ရွှေကူမြို့ရပ်ကွက်ထဲမှာ တော်တော်များများကျလို့ ပြည်သူလူထု ထိခိုက်တာတွေ ရှိတယ်။
“ ကျွန်တော်တို့ကတော့ မြို့တွင်းမှာ ရှော့တိုက်ဒုံးတွေ ပစ်တာ မရှိဘူး။ ကျွန်တော်တို့ ပစ်တာကတော့ သင်္ဘောဆိပ် အဲဒီဘက်မှာ ပစ်တာပေါ့။ ရွာတွေကို ပစ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့က သင်္ဘောဆိပ်ကို ပစ်တာပါ။ သူတို့ကတော့သင်္ဘောရဲ့ လုံခြုံရေးယူတဲ့အနေနဲ့ ပစ်လို့ ရွာတွေ ရပ်ကွက်တွေနဲ့ အိမ်တွေ တော်တော်များများ ပျက်စီးသွားတာပေါ့။ အဲဒီမှာ ပြည်သူလူထု ထိခိုက်တာတော့ သေချာရှိမှာပါ” ဟု KIA ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ရွှေကူမြို့အနီး တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို Myanmar Now က ဖုန်းဆက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ကချင်ပြည်နယ်အတွင်း ရွှေကူမြို့အပြင် ဗန်းမော်မြို့နှင့် အင်းတော်ကြီးဒေသတို့တွင်လည်း စစ်တပ်နှင့် KIA အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ ၂၀၂၄ ခုနှစ် မတ်လမှ စတင်၍ KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်များအတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့ နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထား သည်။



