စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ပျူစောထီး(ပြည်သူ့စစ်)သံသယဖြင့် ဖမ်းဆီးခံထားရသည့် ရဟန်း တစ်ပါး ပျံလွန်တော်မူပြီးနောက် ထိုရွာကို အာဏာသိမ်းစစ်တပ်က တပ်စွဲလိုက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများထံက သိရသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း မုံရွာမြို့နှင့် ချောင်းဦးမြို့နယ်စပ် ရွှေဒါးကျရွာမှ ဦးဣန္ဒာစာရ အပါအဝင် ဒေသခံအချို့ကို ပြည်သူ့စစ် ဖွဲ့စည်းရန် ကြိုးပမ်းသည်ဟု စွပ်စွဲချက်ဖြင့် တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ဒုတိယပတ်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး သီတင်းပတ်တစ်ပတ်ကျော်အကြာ ဩဂုတ်လ ၂၅ ရက်တွင် ဦးဣန္ဒာစာရ ပျံလွန်ခဲ့ ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်အပြီး စစ်တပ်က ဩဂုတ်လ ၂၉ ရက်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်အင်အားများကို မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ချောင်းဦးမြို့နယ် ခင်မွန်ရွာသို့ ပို့ဆောင်၍ နှစ်မြို့နယ်အစပ်မှ ကျေးရွာတို့ကို စစ်ကြောင်းထိုးခဲ့သည်။
ထိုစစ်ကြောင်းက ခင်မွန်ရွာနှင့် အနောက်ဘက်ရှိ ကပ်လျက်ရွာများ ဖြစ်သော ကျီကုန်း၊ ရွှေဒါးကျရွာတို့တွင် တပ်ဖြန့်ထားပြီး ယမန်နေ့ (စက်တင် ဘာလ ၁ ရက်) တွင် ရွှေဒါးကျရွာကို မီးရှို့ခဲ့သည်၊ စစ်တပ်က ရွာထဲ ဆက်ရှိနေသဖြင့် မီးလောင်ပျက်စီးသွားသည့် အိမ်ခြေအရေအတွက် မသိရသေးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်း နှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ လက်ရှိအခြေအနေကတော့ နေနေတာဆိုတော့ ယာယီတပ်စွဲနေတယ်လို့ပြောရမှာပေါ့။ ရေရှည်တပ်စွဲ နိုင်တဲ့အနေထားရှိ၊ မရှိတော့ မပြောနိုင်သေးဘူး”ဟု ချောင်းဦး ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
မုံရွာမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ ရွှေဒါးကျရွာတွင် ရဟန်းတစ်ပါးသေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ထိုနေရာအား နယ်မြေရှင်းလင်းရန် စစ်တပ်ထောက်ခံသူများက လှုံ့ဆော်ခဲ့ကြပြီးနောက် စစ်တပ်က ရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေဒါးကျရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး တော်လှန်ရေးအဖွဲ့များ၏ စခန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ နေအိမ်များကို PDF များက မီးရှို့ခဲ့ကြောင်း၊ သုံးလောင်း ရရှိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ယမန်နေ့ညက ဖော်ပြထားကြသည်။
ဩဂုတ်လ ၃၀ ရက်က ကျီကုန်းရွာအနီးကို စစ်တပ်၏အသေခံဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချောင်းဦးနှင့် မုံရွာ နယ်စပ်ကို စစ်တပ်စစ်ကြောင်းထိုးနေချိန်တွင် မုံရွာ – မန္တလေးလမ်းပိုင်းပေါ်ရှိ စစ်တပ် အထိုင် ချထားရာနေရာများဖြစ်သော မြပုလဲဂိတ်၊ မုံရွေး-ကြေးမုံဂိတ်၊ မအူဂိတ်တို့မှ ဟောင်ဝစ်ဇာ၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေကြောင်း ဒေသခံတို့က ဆိုသည်။
“ ဒီနေ့မနက်ကို မအူဂိတ်က ဟောင်ဝစ်ဇာထုတယ်။ မနေ့ကလည်း တနေကုန်ထုတယ်။ ဂိတ်တွေကနေ လက်နက်ကြီးတွေလှမ်းကူပေးတယ်။ ကူပေးပြီးတော့ သူတို့က စစ်ကြောင်းထွက်မယ့် နေရာတွေဆိုရင် ဒရုန်းနဲ့ သူတို့သွားမယ့်လမ်းကို ရှင်းပြီးမှ ရှေ့ဆက် နည်းနည်းချင်း တိုးတိုးသွားတာ”ဟု တော်လှန်ရေး အင်အားစုများနှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် စစ်တပ်သည် ရွှေဒါးကျရွာဘက်မှ တောင်ဘက် တစ်မိုင်ခွဲခန့်အကွာ ထန်းတောကြီးရွာဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း ဒေသခံများက ဆိုသည်။
မုံရွာ- ချောင်းဦး နှစ်မြို့နယ်အစပ် ရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးစီးနင်းနေသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်ခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now ကဆက်သွယ်သော်လည်း မရခဲ့ပါ။
ဦးဣန္ဒာစာရ ပျံလွန်ခြင်းသည် PDF များ၏ လက်ချက်ကြောင့်ဖြစ်ကြောင်း၊ လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု စစ်တပ်ထိန်းချုပ်သတင်းစာတွင် ဩဂုတ်လ ၂၈ ရက်က ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဘက်ကမူ ၎င်းတို့ ထိန်းသိမ်းစဉ် ပျံလွန်သွားခြင်း ဖြစ်ကြောင်း အတည်ပြုထားသည်။ သို့ရာတွင် မည်သည့်အချက်များအခြေခံ၍ ပျူစောထီးသံသယဖြင့် ဖမ်းဆီးသည်၊ စစ်ဆေးမှုအခြေအနေ မည်သို့ ရှိနေသည်၊ ရဟန်းတစ်ပါး ပျံလွန်မှုနှင့်ပတ်သက်၍ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို NUG ဘက်က ပြောဆိုခြင်း မရှိသေးပေ။
စစ်တပ်စစ်ကြောင်းကြောင့် ချောင်းဦးနှင့် မုံရွာမြို့နယ်စပ်ရှိ ရွှေဒါးကျ၊ ကျီကုန်းအပါအဝင် အနီးဝန်းကျင် ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံထောင်နှင့်ချီဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် ချောင်းဦးမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များနှင့် မုံရွာ – မန္တလေးလမ်းပေါ် ရှိ အထိုင်ချတပ်စွဲရာနေရာများတွင် ခြေကုပ်ယူထားပြီး အနီးဝန်းကျင်ရှိ ကျေးလက်ဒေသတို့ကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဩဂုတ်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ နိုင်ငံအနှံ့ပဋိပဏ္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ လေးသန်းကျော် အနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး လူဦးရေ တစ်သန်းကျော်ပါဝင်သည်။



