စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များအကြား ပါတီထိပ်ပိုင်းရာထူးများအတွက် အာဏာခွဲဝေမှု မကျေလည်သဖြင့် ယခု စက်တင်ဘာလလယ်တွင် ကျင်းပရန်လျာထားသည့် ပါတီညီလာခံကို ဆိုင်းငံ့လိုက်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီ၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ကို ပြန်လည်ရွေးချယ်မည့် အထွေထွေညီလာခံကို စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပရန် လျာထားခဲ့သည်။
ထိုညီလာခံတွင်အတည်ပြုမည့် ပါတီထိပ်ပိုင်းရာထူးများအတွက် ဦးမင်းအောင်လှိုင်၏ ကိုယ်စားလှယ် လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးနှင့် ကြံ့ခိုင်ရေးခေါင်းဆောင်များအကြား ယခုရက်ပိုင်းအတွင်း တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း သဘောတူညီချက်မရသဖြင့် ညီလာခံကိုပါ ရုတ်တရက် ဆိုင်းငံ့လိုက်ရခြင်းဖြစ်ကြောင်း ပါတီထိပ်သီးများနှင့် နီးစပ်သည့် Myanmar Now သတင်းရင်းမြစ်များကဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ညီလာခံဆိုင်းငံ့သည့်သတင်းကို အတည်ပြုပြောဆိုသည်။
“လောလောဆယ်တော့ ဆိုင်းငံ့ထားတာ၊ အသေးစိတ် မပြောနိုင်သေးဘူး” ဟု ဦးသောင်းအေးက ပြောသည်။
ပါတီထိပ်သီးများနှင့် နီးစပ်သည့် Myanmar Now ၏ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကလည်း “ဦးမင်းအောင်လှိုင်လူနဲ့ ပါတီက CEC လူစာရင်း ညှိနှိုင်းမရလို့”ဟု ညီလာခံဆိုင်းငံ့ရသည့် အကြောင်းရင်းကို ပြောသည်။

ရွေးကောက်ပွဲနိုင်သော်လည်း အာဏာမရသည့် ကြံ့ခိုင်ရေး
ကြံ့ခိုင်ရေးပါတီအတွင်း အငြင်းပွားမှုများနှင့် မကျေနပ်ချက်များမှာ ယခုညီလာခံမတိုင်မီ လအနည်းငယ်ကတည်းက ပေါ်ပေါက်နေခဲ့သည်။
၂၀၂၅ နှစ်ကုန်နှင့် ၂၀၂၆ နှစ်ဆန်းပိုင်းတွင် စစ်တပ်စိတ်တိုင်းကျ ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲရလဒ်အရ ကြံ့ခိုင်ရေးပါတီသည် အာဏာရပါတီဖြစ်လာသော်လည်း ပါတီခေါင်းဆောင် သမ္မတဖြစ်ခွင့်မရသလို အစိုးရအဖွဲ့တွင်လည်း ပါတီကိုယ်စားလှယ် အနည်းစုသာ နေရာရခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အဓိကနိုင်ငံရေးပါတီအများအပြား ဖျက်သိမ်းခံရခြင်း၊ နိုင်ငံရေးလှုပ်ရှားခွင့် ကန့်သတ်ခံရခြင်း သို့မဟုတ် နိုင်ငံရေးနယ်ပယ်မှ ဘေးဖယ်ခံရခြင်းတို့ကြောင့် ကြံ့ခိုင်ရေးပါတီသည် လက်တွေ့အားဖြင့် စစ်တပ်အတွက် အဓိကနှင့် တစ်ခုတည်းသော နိုင်ငံရေးကိုယ်စားလှယ်ပါတီအဖြစ် ကျန်ရှိလာခဲ့သည်။

ထိုအခြေအနေကြောင့် ကြံ့ခိုင်ရေးပါတီသည် ပုံမှန်ပါတီတရပ်ထက် စစ်တပ်၏ နိုင်ငံရေးအာဏာ ဆက်လက်တည်မြဲရေးအတွက် အသုံးပြုသည့် အဓိကကြားခံပါတီ (Proxy Party) အဖြစ် ပိုမိုအရေးပါလာခဲ့ပြီး၊ ပါတီခေါင်းဆောင်ပိုင်းကို မည်သူက ထိန်းချုပ်မည်ဆိုသည့် အာဏာလွန်ဆွဲမှုမှာလည်း ပိုမိုအရေးကြီးလာသည်။
လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အသက် ၇၄ နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးဖြင့်သာ နေရာချထားခံရသည်။
၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ် ပြန်လည်ပြင်ဆင်ရေး ကျပ်သိန်းနှစ်သောင်းတန် တင်ဒါကို ဦးခင်ရီက သားဖြစ်သူ၏ကုမ္ပဏီကို လက်သိပ်ထိုးပေးခဲ့ကြောင်း Myanmar Now က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။
ဝန်ကြီးဌာန ၃၀ ရှိသည့် အစိုးရအဖွဲ့တွင်လည်း ကြံ့ခိုင်ရေးပါတီသည် ဒုသမ္မတ ဒေါ်နန်းနီနီအေးနှင့် ပြည်ထောင်စုဝန်ကြီး ငါးနေရာသာ ရရှိထားသည်။
ဦးမင်းအောင်လှိုင်၏ အစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးရရှိသူများမှာ ပါတီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမျိုးဇော်သိမ်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးမောင်မြင့်၊ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုးနှင့် ဦးရဲမြင့်ထွန်းတို့ဖြစ်သည်။
စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ ပါတီအကြီးအကဲ များသည် ဝန်ကြီးရာထူးတာဝန်ယူထားစဉ် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်မရှိပေ။
အခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) တွင် “ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ပါတီခေါင်းဆောင် သမ္မတဖြစ်ခွင့်မရခြင်းနှင့် အစိုးရအဖွဲ့တွင်လည်း ပါတီဝင်အနည်းငယ်သာ နေရာရခြင်းတို့နှင့် ပတ်သက်၍ ပါတီတွင်း မကျေနပ်မှုများရှိနေသော်လည်း လူသိရှင်ကြား ဝေဖန်ပြောဆိုရဲခြင်း မရှိကြောင်း ပါတီနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။
ထို့အပြင် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့်သူသည် ပါတီဝင်သက်တမ်း အနည်းဆုံး သုံးနှစ်ရှိရမည်ဆိုသည့် အချက်ကို ပါတီစည်းမျဉ်းတွင် ထည့်သွင်းလိုသည့် ပါတီခေါင်းဆောင်အချို့လည်း ရှိနေကြောင်း အခြေအနေကို သိရှိသည့် ပါတီခေါင်းဆောင်တစ်ဦးနှင့် နီးစပ်သူက ပြောသည်။
လက်ရှိ ပြည်ထောင်စုဝန်ကြီးဖြစ်လာသူ အများစုမှာ ရွေးကောက်ပွဲနီးကပ်လာမှ ဗိုလ်မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်သည်။
ပါတီကိုပါ ထိန်းချုပ်ရန် ကြိုးပမ်း
ကြံ့ခိုင်ရေးပါတီ၏ လက်ရှိထိပ်ပိုင်းခေါင်းဆောင်အများစုမှာ စစ်တပ်မှ အငြိမ်းစားယူထားသည့် စစ်ဗိုလ်ချုပ်များနှင့် အရာရှိဟောင်းများ ဖြစ်ကြသည်။ သို့သော် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဦးမင်းအောင်လှိုင်က စစ်တပ်အတွင်း ၎င်း၏ အဓိကလက်အောက်ခံများနှင့် သစ္စာခံအရာရှိများကို ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းသို့ ပိုမိုဝင်ရောက်နေရာယူစေပြီး ပါတီခေါင်းဆောင်ပိုင်းကို ၎င်း၏ဩဇာခံများက လွှမ်းမိုးထိန်းချုပ်နိုင်ရန် ဆက်တိုက်ကြိုးပမ်းလာခဲ့သည်။
ထိုသို့ လက်ရှိပါတီကို ဦးဆောင်နေသည့် စစ်ဗိုလ်ချုပ်ဟောင်းများအပေါ်ကိုသာ အားထားခြင်းမဟုတ်ဘဲ စစ်ခေါင်းဆောင်က ၎င်း၏တိုက်ရိုက်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိများကို နိုင်ငံရေးပါတီအတွင်း ခေါင်းဆောင်နေရာများသို့ ရွှေ့ပြောင်းနေရာချထားရန် ကြိုးပမ်းလာခြင်းက ယခုပါတီတွင်း အာဏာလွန်ဆွဲမှု၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာသည်။
ဦးမင်းအောင်လှိုင်၏ အမိန့်ဖြင့် ရွေးကောက်ပွဲနီးမှ စစ်ယူနီဖောင်းချွတ်၍ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ပြီး လွှတ်တော်အမတ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တေဇကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်တို့သည်လည်း ပါတီထိပ်သီးနေရာများရရှိရန် ရေပန်းစားနေကြောင်း သိရသည်။
ထို့အပြင် ဦးမင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရာထူးကို ရယူမည်ဖြစ်ကြောင်း၊ သမ္မတဖြစ်နေသဖြင့် ပါတီကို ဦးဆောင်ခွင့်မရှိသောကြောင့် လက်ရှိသမ္မတသက်တမ်းအတွင်း ၎င်း၏တပည့်ရင်း ဦးအောင်လင်းဒွေးအား ပါတီကို ဦးဆောင်ခိုင်းရန် စီစဉ်နေကြောင်း သတင်းများလည်း ပါတီတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိပေ။
စစ်တပ်စီနီယာစနစ်နှင့် အာဏာလွန်ဆွဲမှု
လက်ရှိ ကြံ့ခိုင်ရေးပါတီတွင်း အာဏာလွန်ဆွဲပွဲတွင် ထူးခြားသည့်အချက်တစ်ခုမှာ ပါတီကို ဦးဆောင်နေသူအချို့သည် စစ်တပ်အတွင်း စစ်တက္ကသိုလ်အပတ်စဉ် ၁၉ ဆင်း ဦးမင်းအောင်လှိုင်ထက် ဝါရင့်သူများဖြစ်နေခြင်းပင် ဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်းဖြစ်သလို ပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်သည့် လေတပ်ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းသည်လည်း ၎င်းနှင့်တစ်ပတ်စဉ်တည်းဆင်း ဖြစ်သည်။
စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ ဖွဲ့စည်းပေးခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် ယခုအခါ ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ နိုင်ငံရေးအာဏာတည်မြဲရေးအတွက် အသုံးချခံနေရကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တချိန်တည်းတွင် စစ်တပ်ကို တိုက်ရိုက်ကိုင်တွယ်ထားခြင်း မရှိတော့သည့် ဦးမင်းအောင်လှိုင်၏ ဩဇာသည် အချိန်ကြာလာသည်နှင့်အမျှ လျော့ကျလာနိုင်ကြောင်းလည်း အကဲခတ်အချို့က ရှုမြင်ကြသည်။
လက်ရှိ ပါတီတွင်းအခြေအနေများနှင့်ပတ်သက်၍ နေပြည်တော် ရှစ်မြို့နယ်၏ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဘူးလက်လှဆွေဟု လူသိများသည့် ဦးလှဆွေထံ Myanmar Now က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခဲ့သော်လည်း ညီလာခံအကြောင်း မေးမြန်းသည့်အခါ “Myanmar Now ကို မဖြေပါဘူး” ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။
ပါတီ၏ အခြားပြောရေးဆိုခွင့်ရှိသူများထံလည်း Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။



