အချိန်ပြည့် စောင့်ကြည့်စနစ် အလုပ်လုပ်ပုံ
ထိုခြေရာခံစနစ်ကို တည်ဆောက်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) သို့ ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ Hap Eye Co., Ltd. က ဈေးနှုန်း အဆိုပြုလွှာ တင်သွင်းခဲ့သည်။
Myanmar Now က ရရှိထားသည့် ထိုအဆိုပြုလွှာ PDF ဖိုင်၏ နည်းပညာမှတ်တမ်းတွင် ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်က အဆိုပြုလွှာ ဖန်တီးထားသည်ကို သဲလွန်စအဖြစ်တွေ့ရှိရပြီး MPTA သို့ အဆိုပြုသည့် ရက်စွဲကိုမူ မဖော်ပြထားဘဲ ၂၀၂၆ ခုနှစ်ဟုသာ ဖော်ပြထားသည်။
ထိုအဆိုပြုလွှာတွင် စက်သုံးဆီဘောက်ဆာကားများ သီလဝါဆိပ်ကမ်းမှ ထွက်လာပြီးနောက် မည်သည့်နေရာသို့ ဦးတည်နေသည်၊ စစ်ဆေးရေးဂိတ်များကို ဖြတ်မဖြတ်၊ သတ်မှတ်ဆီဆိုင်သို့ ရောက်မရောက်ကို အချိန်ပြည့်စောင့်ကြည့်မည့် စနစ်တည်ဆောက်မည်ဟု ဖော်ပြထားသည်။
ထိုအဆိုပြုလွှာအရ GPS အချက်အလက်များကို Compumatics အမည်ရှိကုမ္ပဏီက ပံ့ပိုးပေးမည်ဖြစ်ပြီး အသုံးပြုမည့် စနစ်ကို “Bowser Management System” ဟု အမည်ပေးထားသည်ကို တွေ့ရသည်။
အကယ်၍ ဆီကားတစ်စီးသည် GPS ပိတ်ထားခြင်း သို့မဟုတ် အလုပ်မလုပ်ခြင်းတို့ ဖြစ်ပေါ်ပါက သီလဝါဆိပ်ကမ်းမှ ဆီထုတ်ယူခွင့်မရအောင် ထိုစနစ်တွင်ပါဝင်သည့် Blocking Business Rule ဖြင့် ကန့်သတ်ထားနိုင်သည်ဟုလည်း ထိုအဆိုပြုလွှာတွင် ဖော်ပြထားသည်။
ထိုစနစ် တည်ဆောက်ရန် ဆော့ဖ်ဝဲရေးဆွဲခ ကျပ်သိန်း ၁,၅၀၀ ဖြစ်သည်ဟု Hap Eye Co., Ltd. ၏ အဆိုပြုလွှာတွင် ဖော်ပြထားသည်။ ထိုအထဲတွင် GPS စက်ပစ္စည်းများ ဝယ်ယူခြင်း၊ GPS တပ်ဆင်ခ၊ အချက်အလက်များ သိမ်းဆည်းထားနိုင်သည့် Server hosting နှင့် Cloud များ အသုံးပြုမှု ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းခ၊ ထပ်တိုးဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ မပါဝင်သေးပေ။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းအရ Hap Eye Co., Ltd ကို ကုမ္ပဏီ မှတ်ပုံတင်အမှတ် No. 122889343 ဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မှတ်ပုံတင် ခဲ့သည်ဟု တွေ့ရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် HAP EYE CO., LTD ကိုမှတ်ပုံ တင်ထားသည့် မှတ်တမ်း။
ဖမ်းဆီးအရေးယူမှုနှင့် တင်းကျပ်မှုများ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီဘောက်ဆာများတွင် GPS များတပ်ဆင်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများ မသက်ဆိုင်သည့်နေရာများသို့ ရောက်ရှိမှုမရှိစေရန် အွန်လိုင်းမှစောင့်ကြည့်သည့်စင်တာ (Online Monitoring Center) မှ တိုက်ရိုက် စောင့်ကြည့် စစ်ဆေးနေသည်ဟု စစ်တပ်မီဒီယာများက ဖော်ပြသည်။
စစ်အုပ်စု ထိန်းချုပ်သတင်းစာများ၏ ဇွန်လ ၂၂ ရက် ဖော်ပြချက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီသယ်ဆောင်သွားသည့် ယာဉ်တစ်စီးသည် သတ်မှတ်လမ်းကြောင်းသို့ မသွားဘဲ ကျိုက်ထိုမြို့အနီးတွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့ကာ သက်ဆိုင်ရာနေရာသို့ မပို့ဘဲ လမ်းခုလတ်တွင် လွှဲပြောင်းရောင်းချခဲ့ခြင်းကြောင့် “အရေးကြီးကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ (၅)” ဖြင့် အမှုဖွင့်လှစ်အရေးယူခဲ့သည်ဟု ဖော်ပြသည်။
ထို့အတူ တနင်္သာရီတိုင်း မြိတ်မြို့သို့ စက်သုံးဆီပို့ဆောင်မည့် ယာဉ်တစ်စီးသည်လည်း ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့အနီး ရပ်တန့်နေခြင်းကြောင့် ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာများက ဖော်ပြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များကို လမ်းကြောင်းမှ သွေဖည်ခြင်း၊ သံသယဖြစ်ဖွယ် အချိန်ကြာမြင့်စွာ ရပ်တန့်နေခြင်းတို့ ပြုလုပ်ပါက Control Center တွင် သတိပေး Alarm ပေါ်လာသည့်စနစ်ကို AI နည်းပညာသုံး၍ စိစစ်နေသည်ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာများက ဆိုသည်။
“စည်းကမ်းလိုက်နာခြင်းမရှိသည့်ယာဉ်များကို လုပ်ငန်းလုပ်ကိုင်ခွင့် ချက်ချင်းရပ်ဆိုင်း၍ လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်” ဟုလည်း ဖော်ပြသည်။
ထို့အတူ Innovative GlobaI Wave Technology Co., Ltd က ဖြန့်ဖြူးရောင်းချနေသည့် မွန်ပြည်နယ် ပေါင်မြို့နယ်၊ PT Power (မုတ္တမ) စက်သုံးဆီအရောင်းဆိုင်၊ ရန်ကုန်- ပြည်- မန္တလေးလမ်းမပေါ်ရှိ PT Power (ခေတ္တရာ) စက်သုံးဆီအရောင်းဆိုင်တို့သည် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဆီရောင်းချမှုများပြုလုပ်သည်ဆိုကာ နေပြည်တော်သို့လာရောက်ရှင်းလင်းရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၇ ရက်က ဆင့်ခေါ်ခဲ့သည်ကို Myanmar Now က ရရှိထားသည့် အထောက်အထားများတွင် တွေ့ရသည်။
ထိုစက်သုံးဆီ အရောင်းဆိုင်များသည် ဆီလက်ကျန်၊ ဆီထုတ်ရောင်းမှုနှင့် နေ့စဉ်အရောင်းစာရင်းများ စစ်ဆေး၍မရခြင်း၊ ထိန်းချုပ်စောင့်ကြည့်စနစ်ဖြင့် မစစ်ဆေးနိုင်ခြင်းတို့ကြောင့် ကုမ္ပဏီတာဝန်ရှိသူများကို ဆင့်ခေါ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏ ဆင့်ခေါ်စာတွင် စက်သုံးဆီရောင်းချနေသည့် ယာဉ်အဝင်အထွက် နောက်ဆုံး CCTV မှတ်တမ်း ရက်သတ္တပတ် လေးပတ်စာ ယူဆောင်လာရန်လည်း ညွှန်ကြားထားသည်ကို တွေ့ရသည်။
ကုမ္ပဏီအချို့ကို စစ်ဆေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ခေါ်ယူထားသည့်ဆင့်ခေါ်စာ။
ကုမ္ပဏီအချို့ကို စစ်ဆေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ခေါ်ယူထားသည့်ဆင့်ခေါ်စာ။
တော်လှန်ရေးနယ်မြေများတွင် စက်သုံးဆီဈေးမြင့်တက်
ထိုသို့ ထိန်းချုပ်မှုများကြောင့် လောင်စာဆီဝယ်ယူရာတွင် အခက်အခဲပိုများလာပြီး ဈေးနှုန်းမြင့်တက်နေကြောင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားသည့် မကွေးတိုင်းအနောက်ပိုင်း ယောဒေသ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မွန်၊ ကရင်နှင့် တနင်္သာရီဒေသတို့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ သို့သော် ဆီရရှိနိုင်မှုနှင့် ဈေးနှုန်းမှာ ဒေသအလိုက် ကွာခြားနေသည်ကို တွေ့ရသည်။
ပဲခူးတိုင်းအနောက်ခြမ်း၌ လောင်စာဆီကို ပုံမှန်ဆိုင်များတွင် ဝယ်မရဘဲ ဒေသခံများ၏ အကူအညီဖြင့် အနည်းငယ်စီ စုဆောင်းဝယ်ယူသုံးစွဲနေရသည်ဟု ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဝယ်ယူရပုံကို ချပြရင် လမ်းကြောင်းတွေ ထပ်ပိတ်သွားနိုင်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ အနည်းငယ်စီ စုဆောင်းပြီး သုံးနေရတာပါ။ လက်ရှိက မှောင်ခိုသဘောမျိုးပဲ ဝယ်နေရတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။
ယင်းတို့အသုံးပြုနေသည့် ဒီဇယ်အင်ဂျင်အတွက် နှစ်ရက်လျှင် ဆီငါးဂါလန်ခန့် ကုန်ကျပြီး ဒီဇယ်တစ်ဂါလန် ကျပ် ၃၅,၀၀၀ ခန့်နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၇,၅၀၀ ခန့် ပေးဝယ်နေရသည်ဟုလည်း ဆိုသည်။
မကွေးတိုင်းအနောက်ပိုင်း ယောဒေသတွင်မူ ဓာတ်ဆီတစ်လီတာ ကျပ် ၁၂,၀၀၀ ခန့်ရှိပြီး ထူးထူးခြားခြား မပြတ်လပ်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ပုံးလိုက် သို့မဟုတ် ပီပါလိုက် ဝယ်ယူပါက လီတာချင်းဝယ်ယူသည်ထက် ဈေးသက်သာသည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
“ဈေးကြီးတော့ တပ်ဖွဲ့တွေ အကြွေးပိုတင်တယ်။ ပြည်သူတွေ ပိုကျပ်တည်းကြတယ်။ စစ်ဆင်ရေးအတွက်တော့ ကြီးကြီးမားမား သက်ရောက်တာမျိုးမရှိဘဲ အကြွေးပိုတင်တာလောက်ပါပဲ” ဟု ပြောသည်။
စစ်အုပ်စုထိန်းချုပ်ထားသည့် သတင်းစာများ၏ စက်တင်ဘာလ ၁ ရက် ဖော်ပြချက်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတို့တွင် စက်သုံးဆီ တစ်လီတာလျှင် ပျမ်းမျှ ၄,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။
၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရသည့် မကွေးတိုင်း မင်းလှမြို့နယ်ရှိ တနိုင်တပိုင် တူးဖော်နေ သော ရေနံမြေတစ်ခုတွင် ရေနံစိမ်းများကို ပုံးတစ်ခုအတွင်း ထည့်နေစဉ်။ (ဓာတ်ပုံ- AFP)
မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားသည့် PDF နည်းဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုကမူ ထိုဒေသတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၁၅,၀၀၀ ခန့်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၃,၀၀၀ ခန့်ရှိပြီး လိုအပ်သလောက် ဝယ်ယူ၍မရသည့်အပြင် တချို့နေရာများ၌ လုံးဝဝယ်မရဟု ဆိုသည်။
ဆီရရှိရန်ခက်ခဲခြင်းသည် တော်လှန်ရေးအဖွဲ့များထက် လောင်စာဆီကို လယ်ယာနှင့် ဥယျာဉ်ခြံ လုပ်ငန်းများတွင် အသုံးပြုရသည့် ဒေသခံပြည်သူများကို ပိုမိုထိခိုက်စေသည်ဟု ရဲဘော်စောဒါးကိုက ပြောသည်။
“တော်လှန်ရေးတပ်ကို ပံ့ပိုးမှာစိုးလို့ တော်လှန်ရေးတပ်ရှိတဲ့နေရာအနီးက ရွာတွေကို ဖိနှိပ်နေတာပါ။ ဖြတ်လေးဖြတ်လုပ်တဲ့ သဘောပါပဲ။ တော်လှန်ရေးအဖွဲ့တွေက ရတဲ့နည်းလမ်းနဲ့ ကြိုးစားကြပေမယ့် အကျိုးဆက်ကို ခံစားရတာက ဒေသခံပြည်သူတွေပါ”ဟု ၎င်းက ဆိုသည်။
မွန်ပြည်နယ် အထူးတိုင်းစစ်ဌာန ဒုတိယကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းကလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများတွင် လောင်စာဆီတစ်လီတာ ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ရှိနေသည်ဟု ပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် လှုပ်ရှားသည့် KNLA စစ်ရေးသတင်းရင်းမြစ် တစ်ဦးကမူ ၎င်းတို့ဒေသသို့ ထိုင်းနိုင်ငံဘက်မှလည်း လောင်စာဆီဝင်ရောက်နေပြီး လိုအပ်ပါက ဒေသခံများမှတဆင့် ပီပါလိုက် သို့မဟုတ် ငါးဂါလန်၊ ၁၀ ဂါလန်စီ ဝယ်ယူအသုံးပြုနေသည်ဟု ပြောသည်။
ကျေးရွာရှိ အရောင်းဆိုင်များမှ ပြန်လည်ဝယ်ယူရပြီး ဓာတ်ဆီ သို့မဟုတ် ဒီဇယ်တစ်ဂါလန် (၆ လီတာ) လျှင် ကျပ် ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိ ပေးရသည်ဟု ၎င်းက ဆိုသည်။ သို့သော် ဝယ်ယူရသည့်ဆီမှာ မြန်မာနိုင်ငံဘက်မှလာခြင်းလား၊ ထိုင်းနိုင်ငံဘက်မှလာခြင်းလား ခွဲခြားမသိဟု မှတ်ချက်ပြုသည်။