ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြို့နယ်များကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် သြဂုတ်လ တစ်လအတွင်း ဒေသခံ ၃၇ ဦးသေဆုံး၊ ၉၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ၎င်းတို့လက်လွှတ်ထားရသော ရသေ့တောင်၊ မြောက်ဦး၊ အမ်း၊ သံတွဲ၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို တိုက်လေယာဉ်များအသုံးပြု၍ သြဂုတ်လ ၃ ရက်မှ ၂၈ ရက်အတွင်း နေ့စဥ်နီးပါးဗုံးကြဲသောကြောင့် ထိုသို့ ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဖြစ် သည်။
AA ထံလက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန်ကြိုးပမ်းနေသော်လည်း ထိုးမပေါက်သောကြောင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟု ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။
“သူတို့ (စစ်တပ်) ရခိုင်ပြည်ကို ပြန်ဝင်ဖို့အတွက် ကုန်းလမ်း၊ ရေလမ်းကနေ တောက်လျှောက်ဖိအားပေးနေတယ်။ ဒါပေမဲ့ ဝင်မရဘူး။ ဆိုတော့ AA အတွက် ဖိအားများလာအောင် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာ”ဟု ၎င်းကဆိုသည်။
စစ်တပ်က ထိုသို့ဗုံးကြဲနေသောကြောင့် ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို အလွန်စိုးရိမ်နေရ ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ ထိခိုက်နေသည်ဟု သံတွဲမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
“ကျန်းမာရေးမကောင်းရင်လည်း ဆေးရုံ၊ ဆေးခန်းကိုမသွားရဲတော့ဘူး။ ဆေးရုံတွေကို ဗုံးကြဲတာတွေရှိတော့ ကြောက်နေရတယ်။ ဒီလိုပဲ စာသင်ကျောင်းတွေကိုလည်း ဗုံးကြဲနေတာတွေရှိတော့ ကလေးတွေအတွက် စိုးရိမ်ရတယ်။ ဒါပေမဲ့ စာမသင်လို့မရတော့ ကျောင်းပို့ထားရတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်၏ အဓိက ပြည်သူ့ဆေးရုံကြီးတစ်ခုဖြစ်သည့် မြောက်ဦးပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် ၊ ည ၉ နာရီကျော်က ဗုံးကြဲခဲ့ရာ လူ ၃၃ ဦးသေဆုံး၊ ၇၆ ဦးဒဏ်ရာရခဲ့သည်။
ပလက်ဝမြို့နယ်တွင် ၃၄ ဦးဒဏ်ရာရ၊ ရှစ်ဦးသေဆုံးသည်။ အလားတူ ဂွမြို့နယ်တွင် ရှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ၊ မြောက်ဦးတွင် လေးဦးဒဏ်ရာရ၊ ရသေ့တောင်တွင် တစ်ဦးဒဏ်ရာရရှိကြောင်း Myanmar Now က ပြုစုထားသည့် စာရင်းအရ သိရသည်။
အခြားတစ်ဖက်တွင် လေကြောင်းတိုက်ခိုက်မှုနှင့်မဆိုင်ဘဲ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်း၊ စစ်ကျန်လက်နက် ပေါက်ကွဲခြင်းတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည်။
သြဂုတ်လ ၃ ရက်က ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသူများ ငါးဖမ်းနေစဉ် စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိသွားသည်။
အလားတူ သြဂုတ်လ ၂၀ ရက်က မောင်တောမြို့နယ် အင်းဒင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားစဉ်က မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် ဗုံးသီးတစ်လုံးကို ကောက်ယူဆော့ကစားသည့် ဒေသခံ လူငယ် ၁၀ ဦး ဒဏ်ရာရရှိသွားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၁ ဦးသေဆုံး၊ ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Now စာရင်းအရ သိရသည်။
ထို့အပြင် AA ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စစ်တပ် တိုက်ခိုက်မှုကြောင့် ဒေသခံ ၈၃ ဦးသေဆုံး၊ ၁၈၇ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကိုသိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။
ပြည်နယ်တွင်း လက်ကျန်မြို့နယ်သုံးခုအနက် စစ်တွေနှင့် ကျောက်ဖြူတို့တွင်လည်းတိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲမရှိသည့်မြို့မှာ မာန်အောင်မြို့တစ်ခုသာကျန်ရှိတော့သည်။



