တော်လှန်ရေးတပ်များ နှစ်နှစ်ကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ထားသော ကရင်နီ(ကယား) ပြည်နယ် မော်ချီးမြို့ကို စစ်တပ်က စက်တင်ဘာလ ၁ ရက် (ယမန်နေ့)တွင် ဗုံးကြဲသဖြင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် အရပ်သားခြောက်ဦးသေဆုံးခဲ့သည်။
စစ်တပ်၏ ဗုံးကြဲလေယာဉ် နှစ်စီးသည် ယမန်နေ့ညနေ ၄ နာရီအချိန်တွင် မော်ချီးမြို့ရှိ ဒေသအခေါ် ‘ကျောက်ကြား’ ဆိုသည့် နေရာကို ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုသိသည့် ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့ဒေသခံတစ်ဦးက ပြောသည်။
“မော်ချီးတောင်ပေါ်၊ ကျောက်ကြား ၅၁ လို့ခေါ်တဲ့နေရာကို ကြဲသွားတာ။ ခြောက်ယောက်သေတယ်။ တကယ်တော့ သေတာက ငါးယောက်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်သေတာဆိုတော့ အထဲက ကလေးလည်းသေသွားတယ်။ အဲဒါနဲ့ ခြောက်ယောက်ဖြစ်သွားတယ်” ဟု အဆိုပါ မယ်စဲ့မြို့ဒေသခံက ဆိုသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကမူ ဗုံးကြဲသွားသည့် နေရာအတိအကျကို မပြောဘဲ မော်ချီးမြို့ပေါ် တနေရာဟုသာ ဆိုသည်။ သေဆုံးသူ ခြောက်ဦးထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး ပါကြောင်းပြောသည်။
“မော်ချီးမြို့ကို ဗုံးကြဲတာပါ။ သူက အိမ်ကိုထိတော့ တစ်အိမ်လုံး ပျက်စီးထိခိုက် သေဆုံးသွားတာပါ။ ဒီတခေါက်ကြဲတာက ရပ်ကွက် လူနေအိမ်ပေါ်ကို တိုက်ရိုက် ကျတာမျိုးဖြစ်တာပေါ့။ မကြဲတာလည်း တစ်လ၊ နှစ်လရှိပြီဆိုတော့ ရုတ်တရက်လာကြဲတာပေါ့။ လူနေရပ်ကွက်အိမ်ပေါ်ကို တည့်ကျတော့ ထိခိုက်မှုက အဲဒီမှာ များသွားတာ” ဟု ၎င်းက ပြောသည်။
ဦးဗညားခွန်အောင် ပါဝင်သော IEC သည် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော ဒေသတွင်း လက်နက်ကိုင်တပ်များ၏ ကြားကာလ အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်းဖွဲ့ထားသည့် ဒေသန္တရ အိမ်စောင့်အစိုးရတရပ် ဖြစ်သည်။

ဗုံးဒဏ်ကြောင့် ဒဏ်ရာရသူအရေအတွက်မှာ အများဆုံး ကိုးဦး အထိရှိနိုင်သည်ဟု ဦးဗညားခွန်အောင်က ပြောသည်။ ဒဏ်ရာရသူများအနက် သုံးဦးသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်နယ်မြေမှာပင် ဆေးကုသမှုခံယူနေပြီး အခြား ငါးဦးမှာ ထိုင်းနိုင်ငံသို့သွားကာ ဆေးကုသမှုခံယူနေကြောင်း ဖြစ်စဉ်ကို သိသည့် ကရင်နီပြည်နယ် မယ်စဲ့မြို့ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၅ ခုနှစ်အထိ စစ်တပ်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့် ဒေသများတွင် ပါဝင်သည့် ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များသည် ယခုနှစ်ဆန်းမှစ၍ ထိုးစစ်ထက် ခံစစ်ကိုသာ ပိုဦးစားပေးလာရသည်ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
စစ်တပ်နှင့် တော်လှန်ရေးတပ်များသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲနှင့် ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို စသည့် ဒေသတို့တွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေကြောင်း ဦးဗညားခွန်အောင်က ပြောသည်။
“အရင်ကတော့ အဲဒီဘက်မှာတိုက်ပွဲတွေဖြစ်နေပေမယ့်လည်း မော်ချီးအထိတော့ တကူးတက လာကြဲတာမရှိဘူး။ တိုက်ပွဲအနီးအနားက ရွာတွေကိုပဲ ကြဲတာရှိတယ်။ ဒီတခါကတော့ ထူးထူးဆန်းဆန်း မော်ချီးအထိလာကြဲတာပေါ့။ သူတို့တိုက်ပွဲမှာ ထိခိုက်မှုတွေရှိလို့ လာကြဲတာကလည်း ဖြစ်နိုင်ခြေ ရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ Myanmar Now က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို တယ်လီဖုန်းဖြင့် သုံးကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ကရင်နီပြည်နယ်တွင် အင်အားကြီးလက်နက်ကိုင်တပ်များဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စသည့်တော်လှန်ရေးအဖွဲ့များပူးပေါင်းကာ မော်ချီးမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ခဲမဖြူနှင့် အဖြိုက်နက်သတ္တုတွင်းများရှိရာ မော်ချီးမြို့သည် ထိုင်း-မြန်မာနယ်စပ်မှ ၃၇ မိုင် ကွာဝေးပြီး စစ်တပ်ထိန်းချုပ်ထားသည့် ပြည်နယ်မြို့တော် လွိုင်ကော်၏ တောင်ဘက် ၅၇ မိုင် အကွာ၊ စစ်တပ်ထိန်းချုပ်ထားသည့် ဖားဆောင်းမြို့အနောက်ဘက် ၁၀ မိုင်ကျော်အကွာတွင် တည်ရှိသည်။
မော်ချီးတွင် ခဲသတ္တုတူးဖော်သည့် လုပ်ကွက်ပေါင်း ၇၀ ဝန်းကျင်ရှိနိုင်ကြောင်း IEC ဘက်က ခန့်မှန်းသည်။
မော်ချီးမြို့ကို ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ပြီးချိန်မှစ၍ ပြီးခဲ့သည့် ဇန်နဝါရီလအထိ စစ်တပ်က အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ‘ကန္တာရဝတီတိုင်းမ်’ သတင်းဌာနက နှစ်ဆန်းပိုင်းတွင် သတင်းဖော်ပြဖူးသည်။
အဆိုးဝါးဆုံးဖြစ်ရပ်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်တွင် တနေ့တည်း နှစ်ကြိမ်ဗုံးကြဲခံရခြင်းဖြစ်ပြီး စုစုပေါင်း လူ ၃၂ ဦးသေဆုံးခဲ့ကြောင်း IEC ၏ အချက်အလက်အရသိရသည်။



