အသင့်ဖျော်လက်ဖက်ရည်ထုပ် ရောင်းချပြီး အာကာသစီမံကိန်း ဝယ်ယူခဲ့သော မင်းအောင်လှိုင်
မင်းအောင်လှိုင်၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်တစ်ခုလုံးကို လေ့လာကြည့်လျှင် မြန်မာ့ထုတ်ကုန် (Made in Myanmar) အသင့်ဖျော်လက်ဖက်ရည်ထုပ်နှင့် စိုက်ပျိုးရေးထွက်ကုန်အချို့ ရောင်းချရန် ဈေးဗန်းခင်းပြခဲ့သော မင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင်နှင့် ဘယ်လာရုစ် သမ္မတလူကာရှန်ကိုတို့ ပြန်လည်ရောင်းချသော ဒေါ်လာသန်းနှင့်ချီ ကုန်ကျမည့် အာကာသဆိုင်ရာစီမံကိန်းကို ဝယ်ယူ၍ ပြန်လာသည်။
ထိုခရီးစဉ်အပြီး မင်းအောင်လှိုင်နှင့်အတူ လိုက်ပါသွားသော ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထုတ်ပြန်ရာ တွင် “၂၀၂၈ခုနှစ်မှာကျွန်မတို့မြန်မာနိုင်ငံကအာကာသယာဉ်မှူးတစ်ဦးကိုအာကာသယာဉ်နဲ့စေလွှတ်နိုင်ရေး၊ဒါကအဓိကအရေးကြီးဆုံးအချက်ပါ” ဟု ပြောဆိုခဲ့သည်။ မင်းအောင်လှိုင် သယ်ဆောင်သွားသော အသင့်ဖျော် လက်ဖက်ရည်ထုပ် မည်မျှရောင်းချခဲ့ရသည် မသိပါ၊ သို့သော် သမ္မတပူတင်အတွက် ဒေါ်လာသန်းနှင့်ချီ အကျိုးအမြတ်ရမည့် အာကာသစီမံကိန်းတစ်ခုကို မင်းအောင်လှိုင်အား ရောင်းချနိုင်ခဲ့သည်ကို တွေ့ရသည်။
မင်းအောင်လှိုင်အတွက် ထိုအာကာသစီမံကိန်း မည်မျှအရေးကြီးသနည်းဟု မေးလျှင် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံမှ အာကာသယာဉ်မှူးတစ်ဦးကို မွေးထုတ်ပြီး အာကာသထဲစေလွှတ်နိုင်သူအဖြစ် မြန်မာသမိုင်းတွင် သမိုင်းဝင်ဂုဏ်ဒြပ်မျိုး မင်းအောင်လှိုင် ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပါလား။ တိုင်းပြည်ဘဏ္ဍာငွေ ဒေါ်လာ သန်းနှင့်ချီ သုံးဖြုန်း၍၊ အာကာသယာဉ်မှူးတစ်ဦး လေ့ကျင့်မွေးထုတ်နိုင်ရေး ရုရှားသမ္မတပူတင်၏ သဘောတူညီမှု ရရှိခဲ့ခြင်းသည်ပင် မင်းအောင်လှိုင်အတွက် မဟာအောင်မြင်မှုကြီး ဖြစ်ပေလိမ့်မည်။
စင်စစ် ထိုလုပ်ရပ်က မြန်မာစကားပုံတစ်ခုဖြစ်သော “ဝ” မရှိဘဲ “ဝိ” လုပ်ခြင်း၊ အငှားဗိုက်ဖြင့် ကိုယ်ဝန်ဆောင် ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အရှေ့တောင်အာရှဒေသ၏ အဆင်းရဲဆုံး မြန်မာနိုင်ငံမှ ပထမဆုံး အာကာသ ယာဉ်မှူးတစ်ဦး အာကာသထဲစေလွှတ်နိုင်မည့်အရေး မင်းအောင်လှိုင်အတွက် အရေးကြီးသည် မဟုတ်ပါလား။ အာဆီယံနိုင်ငံများထဲမှ ရုရှား၏ အာကာသခရီးစဉ်များဖြင့် လိုက်ပါခဲ့ဖူးသော အာကာသယာဉ်မှူး နှစ်ဦးရှိခဲ့ဖူး သည်။ ၎င်းတို့မှာ ၁၉၈၀ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသား Phạm Tuân ဖြစ်ပြီး၊ ၂၀၀၇ ခုနှစ်တွင် မလေးရှားနိုင်ငံ သား Sheikh Muszaphar ဖြစ်သည်။
စစ်ဗိုလ်ချုပ်များက “မြန်မာအားကစား ကမ္ဘာလွှမ်းရမည်” ဟု ကြွေးကြော်ခဲ့သလို ဤအာကာသစီမံကိန်းကို အကြောင်းပြု၍ “မြန်မာက အာကာသအထိ လွှမ်းမိုးရမည်” ဟူသော ကြွေးကြော်သံ ထွက်လာလေမည်လား။ တိုင်းပြည်ဘဏ္ဍာ မည်မျှကုန်ကုန် မျက်ကန်းမျိုးချစ်များ သည်းခြေကြိုက် ဝါဒဖြန့်စီမံကိန်းတစ်ခု ဖြစ်လာမည်က သေချာပါသည်။ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော မင်းအောင်လှိုင်သည် ၎င်း၏ ပုံရိပ်ကောင်းရန်အတွက် ထိုစီမံကိန်းကို ကောင်းကောင်းအသုံးချပါလိမ့်မည်။
စင်စစ် တိုင်းပြည်အာဏာကို မတရားသောနည်းလမ်းဖြင့် ရယူရန် စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းစစ်တွင် အပြစ်မဲ့အရပ်သားပြည်သူတို့၏ ရပ်ရွာများကို မီးရှို့၊ ဗုံးကြဲဖျက်ဆီးခဲ့ခြင်းကြောင့် သန်းနှင့်ချီသော ပြည်သူများ တောတောင်များထဲ စစ်ပြေးဒုက္ခသည်ဘဝဖြင့် အိုးမဲ့အိမ်မဲ့ အငတ်ဘေးဒဏ် ခါးစည်းခံစားလျက် အသက်ရှင်သန်ရေး ခက်ခက်ခဲခဲ ရင်ဆိုင်နေရချိန်၊ တိုင်းပြည်၏ စီးပွားရေး ချွတ်ခြုံကျဆင်းနေချိန် ထိုပကတိအခြေအနေများကို လျစ်လျူရှုလျက် မင်းအောင်လှိုင်သည် ၎င်း၏ အာဏာရမ္မက်အတ္တမီးကို အလျှံညီးညီး ထွန်းညှိနေခြင်းမျှသာ ဖြစ်သည်။
ပဋိပက္ခအကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက် အာကာသယာဉ်မှူးတစ်ဦး မွေးထုတ်ရေး စီမံကိန်းသည် တိုင်းပြည်၏ လက်ငင်းလိုအပ်ချက်ဟုတ်မဟုတ် သာမန်လူတစ်ဦး၏ ဆင်ခြင်သိ (Common Sense) ဖြင့် တွေးဆနိုင်သော အရာဖြစ်သည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်သည် ထိုဆင်ခြင်သိ ကင်းမဲ့နေပြီး၊ အခြားသူများထက် သာလွန်သောပုဂ္ဂိုလ်၊ သာလွန်သောအသိဉာဏ်ကို ပိုင်ဆိုင်ထားသူဟု ထင်မှတ်မှားနေသော စိတ်ကြီးဝင်ရောဂါသည် (Narcissistic Personality Disorder- NPD) အဖြစ် တနေ့တခြား ပို၍ ထင်ရှားလာလေသည်။
ထိုစိတ်အခြေအနေကို ပို၍ဆိုးရွားစေရန် ဝိုင်းဝန်းမြှောက်ပင့်ပံ့ပိုးပေးနေကြသူများမှာ ၎င်း၏အာဏာသိမ်းမှုကို ကူညီခဲ့ကြပြီး၊ တိုင်းပြည်ကို စစ်မီးဟုန်းဟုန်းတောက်လောင်စေခဲ့ကြသော၊ အာဏာသိမ်း စစ်ကောင်စီ၏ အဆင့်တိုင်းတွင် နို့သက်ခံအာဏာများ ခွဲဝေရရှိခဲ့ကြပြီး ပုဂ္ဂလိကအကျိုးစီးပွား မြောက်မြားစွာ ခံစားရရှိနေကြ သော စစ်ဗိုလ်ချုပ်တစ်သိုက်ပင် ဖြစ်သည်။ အနှီ စစ်ဗိုလ်တစ်သိုက်သည် မင်းအောင်လှိုင်နှင့်အတူ ပူးပေါင်း ကြံစည် သိမ်းယူခဲ့သော အာဏာလက်လွှတ်ဆုံးရှုံးသွားမည်ကို အကြောက်ဆုံးသူများ ဖြစ်ပြီး၊ မင်းအောင်လှိုင် ၏ စိတ်ကြီးဝင်ရောဂါ ရင့်သည်ထက် ရင့်လာစေရန် ဝိုင်းဝန်းမြှောက်ပင့်ပေးနေကြသူများ ဖြစ်သည်။
စင်စစ် မင်းအောင်လှိုင်ကို ရောမရာဇဝင်ထဲက ရက်စက်ကြမ်းကြုတ်မှု၊ ဖျက်ဆီးမှုနှင့် ရူးသွပ်မှုများကြောင့် အမည်ဆိုးဖြင့် သမိုင်းတင်ခဲ့သော နီရိုဘုရင် (Emperor Nero)နှင့် ပမာနှိုင်းရမည် ဖြစ်သည်။ ကွာခြားချက်မှာ နီရိုဘုရင်သည် အသက်ငယ်ရွယ်ချိန် အဖျက်စိတ်စွမ်းအားကြီးမားသော ဘုရင်ငယ်တစ်ဦး ဖြစ်ခဲ့ပြီး၊ မင်းအောင်လှိုင်သည် လူ့ဘဝသက်တမ်း၏ နောက်ဆုံးပိုင်းအချိန်မှ ဗုဒ္ဓဓမ္မ၏ သင်ကြားချက်အားလုံးနှင့် ဆန့်ကျင်သွေဖည်၍ လူသားထုအပေါ် ကျူးလွန်သော ကြီးမားသော အကုသိုလ်များကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းလွှတ်တော်ထဲ ဝင်ရောက်လာသည့် မင်းအောင်လှိုင်ကို အော်ဟစ် ဆန္ဒပြခဲ့သော ထိုင်းလွှတ်တော်အမတ် အနုဆွန်သမ္မချတ် က “သေရင် ဘာမှယူသွားမရ၊ မသေခင်တော့ တရားရင်ဆိုင်သွား” ဟု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
မင်းအောင်လှိုင်၏ ရူးသွပ်မှုမှ ဒေါ်လာသန်းနှင့်ချီ အကျိုးအမြတ်ယူမည့် ပူတင်
မင်းအောင်လှိုင်၏ စိတ်ကြီးဝင်ရောဂါကို ပြည်ပတွင် အဓိကလောင်စာဖြည့်ပေးကြသူများမှာ ရုရှားသမ္မတပူတင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို တို့ဖြစ်ပြီး၊ ပူတင်- လူကာရှန်ကို အတွဲသည် အလားတူ အာကာသစီမံကိန်းမျိုး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်မှာ ကာလအတန်ကြာရှိနေပြီး ဖြစ်သည်။ ပူတင်- လူကာရှင်ကို အတွဲသည် ၎င်းတို့၏အာကာသစီမံကိန်းများဖြင့် မင်းအောင်လှိုင်လိုအပ်နေသော ဂုဏ်သိက္ခာနှင့် သိဒ္ဓိတင်ပေးခြင်းဖြင့် ၎င်းတို့၏အာကာသစီမံကိန်းများမှ ဒေါ်လာသန်းနှင့်ချီ အလွယ်တကူ အကျိုးအမြတ် ရနိုင်မည်ကို ကောင်းစွာ သိရှိထားကြသည်။ ယခုအခါ ပူတင်- လူကာရှန်ကို နှစ်ဦးပူးပေါင်းကြံစည် ကူညီနေမှုက နားလည်မှုစာချွန်လွှာ စာရွက်ပေါ်မှ လက်တွေ့အကောင်အထည်ဖော်မှု စတင်နေပြီ ဖြစ်သည်။
ရုရှားခရီးစဉ်အတွင်း သမ္မတပူတင်၏ ကြီးကြပ်မှုအောက်ရှိ ရုရှားအစိုးရပိုင် Roscosmos ကော်ပိုရေးရှင်း အကြီးအကဲ အထွေထွေညွန်ကြားရေးမှူးချုပ် Mr. Dmitry V. Bankanov ကို မင်းအောင်လှိုင်ကိုယ်တိုင် တွေ့ဆုံခဲ့သည်။ မင်းအောင်လှိုင်၏ အာကာသစီမံကိန်း အိပ်မက်အတွက် ထိုသူသည် အလွန်အရေးကြီးသော ပုဂ္ဂိုလ်ဖြစ်ပြီး၊ ထိုသူဦးစီသည့်ကော်ပိုရေးရှင်းသည် မင်းအောင်လှိုင် ရွေးချယ်စေလွှတ်မည့် မြန်မာအာကာသယာဉ်မှူး ဖြစ်လာ မည့်သူကို လေ့ကျင်ပျိုးထောင်ပေးမည့် ရုရှားအစိုးရ၏ အာကာသအေဂျင်စီ ဖြစ်သည်။ ၂၀၂၅ ခုနှစ်က မင်းအောင်လှိုင်သည် ရုရှားသွားစဉ် ထိုသူနှင့် ဆွေးနွေးခဲ့သည်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက ထိုသူ နေပြည်တော်ရောက်လာစဉ်တွင်လည်း အာကာသစီမံကိန်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယခုနောက်ဆုံး မင်းအောင်လှိုင် ရုရှားခရီးစဉ်တွင် သူတို့နှစ်ဦးဆွေးနွေးမှုအရ သမ္မတပူတင်၏ အာကာသစီမံကိန်း ရောင်းကုန်စာရင်းများကို စစ်တပ်ဝါဒဖြန့် သတင်းစာများက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်လာပါသည်။ ထိုစာရင်းတွင် အာကာသယာဉ်မှူးတစ်ဦးကို လေ့ကျင့်ပျိုးထောင်ပေးပြီး အာကာသထဲစေလွှတ်ရေး အစီအစဉ်တစ်ခုတည်း မဟုတ်ပါ။ ကမ္ဘာမြေကို အဝေးက စောင့်ကြည့်နိုင်မည့် (Earth Remote Sensing – ERS) ဂြိုဟ်တုဓာတ်ပုံများ ဖမ်းယူခွင့် စာချုပ်ချုပ်ဆိုထားပြီး၊ လုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။
ထို့အပြင် ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) ၊ ဂြိုဟ်တုလမ်းညွန်စနစ် တိုင်းတာရေးစခန်း (One Way Station) ၊ ကမ္ဘာအနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS) တို့ကို ရုရှားက ပူးပေါင်းကူညီမည့် နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ကြသည်။ ထို့အပြင် အမေရိကန်ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်၏ Starlink များကြောင့် ယူကရိန်းကျူးကျော်စစ်တွင် စစ်ရှုံးနေသော သမ္မတပူတင် သည် Starlink ကို တန်ပြန်မည့် “အရုဏ်ဦး” ဟု အဓိပ္ပာယ်ရသော Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တု စနစ် တည်ဆောက်နေသည်။
Starlink ကဲ့သို့ တကမ္ဘာလုံးကွန်ရက်လွှမ်းခြုံနိုင်ရန် အာကာသထဲသို့ Rassvet ဂြိုဟ်တုပေါင်း ထောင်နှင့်ချီ ဖြန့်ကြက်နိုင်ရန်မဆိုထားနှင့် ယူကရိန်းစစ်မြေပြင်မှ ရုရှားတပ်ဖွဲ့များ Rassvet ကို ထိရောက်စွာသုံးစွဲနိုင်ရန် ဂြိုဟ်တုအများအပြား လွှင့်တင်ရမည့် ငွေကြေးကုန်ကျစရိတ်အတွက် ရန်ပုံငွေအခက်အခဲဖြစ်နေသော သမ္မတ ပူတင်သည် ဖောက်သည်ကြီး မင်းအောင်လှိုင်ကို ၎င်း၏လူယုံ Dmitry Bankanov မှတဆင့် Rassvet ဆက်သွယ်ရေးဂြိုဟ်တု စနစ် ရောင်းချရန် ဆွဲဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။
ထိုစနစ်များသည် အရပ်ဘက်နှင့် စစ်ဘက် စစ်ဆင်ရေးများ နှစ်မျိုးလုံးအသုံးပြုနိုင်သော နည်းပညာ (Dual-use Technology) များဖြစ်၍ မင်းအောင်လှိုင် လိုအပ်နေသော စစ်ဘက် စစ်ဆင်ရေးများအတွက် အသုံးတည့်သော စနစ်များ ဖြစ်သည်။ ဥပမာ ERS ဂြိုဟ်တုပုံရိပ်များ ဖမ်းယူပြီး၊ ရန်သူ၏ စစ်စခန်းနေရာများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် ဖုံးကွယ်ထားသော ရန်သူစစ်လက်နက်ပစ္စည်းများ သိုလှောင်သည့်နေရာများကို ညအချိန်တွင်လည်းကောင်း၊ တိမ်ထူထပ်ဖုံးနေသော အခြေအနေများတွင်လည်းကောင်း ထိုးဖောက်ထောက်လှမ်းနိုင်စွမ်းရှိသည်။
ပူတင်- လူကာရှန်ကိုအာကာသစီမံကိန်းခြေရာအတိုင်းမင်းအောင်လှိုင်ထပ်တူနင်းနေ
မင်းအောင်လှိုင်သည် ရုရှားမှတဆင့် ဘယ်လာရုစ်နိုင်ငံသို့ ခရီးဆက်ရာတွင် ၎င်း၏ အာကာသစီမံကိန်းကြီးကို အကောင်အထည်ဖော်နိုင်ရေး သမ္မတလူကာရှန်ကိုနှင့်လည်း ဆွေးနွေးခဲ့ပြီး၊ လူကာရှန်ကို၏ ရောင်းကုန်ပစ္စည်း စာရင်းထဲ မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency – MSA) အတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့်ကြည့်နိုင်သော “အာကာသယာဉ်ငယ်တစ်စီး” တည်ဆောက်ရေး ရည်ရွယ်သည့် မှတ်တမ်းလွှာ (Letter of Intent) လက်မှတ်ရေးထိုးခြင်းလည်း ပါဝင်သည်။
ဘယ်လာရုစ်ခရီးစဉ်အတွင်း မင်းအောင်လှိုင်ဖွဲ့စည်းခဲ့သည့် MSA နှင့် Belarusian State University အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ဤနေရာတွင် သတိပြုသင့်သောအချက်မှာ MSA သည် အရပ်ဘက်အဖွဲ့အစည်းအသွင်ယူထားပြီး၊ မင်းအောင်လှိုင် စိတ်ချယုံကြည်ရသော ရုရှားပြန်လက်ရွေးစင် စစ်ဗိုလ်များဖြင့် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
စင်စစ် မင်းအောင်လှိုင် ကြိုးပမ်းနေသော အာကာသစီမံကိန်းအတိုင်း သမ္မတပူတင်အကူအညီဖြင့် လူကာရှန်ကိုလည်း ဘယ်လာရုစ်နိုင်ငံ၏ အာကာသစီမံကိန်းကို လွန်ခဲ့သောနှစ်များက စတင် အကောင်အထည်ဖော်လျက် ရှိပြီး၊ မင်းအောင်လှိုင်ထက် ခြေလှမ်းများစွာရှေ့ရောက်နေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ပူတင်- လူကာရှန် ပူးပေါင်းဆောင်ရွက်နေသော အာကာသစီမံကိန်းနှင့် အလားသဏ္ဌာန်တူသော စီမံကိန်းမျိုး မင်းအောင်လှိုင် ခြေရာထပ် လိုက်ပါဆောင်ရွက်လာခြင်းကို လေ့လာတွေ့ရှိရသည်။
ဤနေရာတွင် သမ္မတပူတင်သည် ရုရှား၏ ခေတ်မီစစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများကို မှီခိုအားထား နေကြပြီး၊ ရုရှားနှင့် စစ်ရေးမဟာမိတ်ပြုရန် လိုလားနေကြသော ဘယ်လာရုစ်နှင့် မြန်မာကဲ့သို့ ရပ်နီးရပ်ဝေး နိုင်ငံငယ်များမ၏ အာဏာရှင်ခေါင်းဆောင်များထံမှ ၎င်း၏ကုန်ကျစရိတ်အလွန်ကြီးမားသော အာကာသစီမံကိန်းများအတွက် လိုအပ်သော ငွေကြေးပံ့ပိုးမှုများ ရရှိနိုင်မည့် အစီအစဉ်ဖြင့် ပါးပါးနပ်နပ် စည်းရုံးသိမ်းသွင်းလျက် ရှိပုံကို တွေ့မြင်ရသည်။
မင်းအောင်လှိုင်လေ့လာနေသောဘယ်လာရုစ်အာဏာရှင်လူကာရှန်ကို၏အာကာသစီမံကိန်းများ
ဘယ်လာရုစ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုဟောင်းတွင် ပါဝင်သည်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်တွင် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး အလက်ဇဒြား လူကာရှန်ကိုကို သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့ရာ ထိုအချိန်မှစ၍ လူကာရှန်ကိုသည် ဘယ်လာရုစ်ကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လျက်ရှိသည်။
၁၉၉၄ ခုနှစ်ကတည်းက အာဏာချုပ်ကိုင်ခဲ့သော လူကာရှင်ကို၏ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၉ ရက် ကျင်းပခဲ့သော ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု မရှိသဖြင့် ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ၎င်းကို ဘယ်လာရုစ်သမ္မတအဖြစ် အသိအမှတ်မပြုကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ကာလကြာရှည် ထိန်းချုပ်ထားသောအာဏာကို ဘယ်လာရုစ်မဲဆန္ဒရှင်များ စိန်ခေါ်မှု တိုးပွားလာခြင်းနှင့် ရင်ဆိုင်နေရသော လူကာရှန်ကိုသည် ရွေးကောက်ပွဲနောက်ပိုင်း ပြည်သူများ၏အာရုံစိုက်ထောက်ခံမှုနှင့် အမျိုးသားရေးစိတ်ဓာတ်တက်ကြွလာစေမည့် အစီအစဉ်တစ်ခုဖြစ်သော ဘယ်လာရုစ် အာကာသယာဉ်မှူး တစ်ဦးကို အာကာသထဲစေလွှတ်မည့် စီမံကိန်းကို အကောင်အထည် ဖော်လာသည်။ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်လာသန်းနှင့်ချီ အကုန်ကျခံပြီး အမျိုးသားပြယုဂ်တစ်ခုအဖြစ် လူထုထောက်ခံမှုပြန်လည်ရရှိရန် ဝါဒဖြန့်စည်းရုံးခဲ့သည်။
၂၀၂၄ ခုနှစ်တွင် လူကာရှန်ကိုသည် ပူတင်၏ အားပေးကူညီမှု၊ ၎င်းကိုယ်တိုင်ဦးဆောင်သော စီမံကိန်းဖြင့် ရုရှားနိုင်ငံတွင် နှစ်နှစ်ကြာ လေ့ကျင့်ခဲ့သော ဘယ်လာရုစ်အမျိုးသမီး အာကာသယာဉ်မှူး Marina Vasilevskaya ကို အခြားသော အာကာသယာဉ်မှူးများနှင့်အတူ နိုင်ငံတကာအာကာသစခန်း (International Space Station – ISS) သို့ စေလွှတ်နိုင်ခဲ့သည်။
စင်စစ် ဆိုဗီယက်ပြည်ထောင်စုခေတ်ဟောင်း အာကာသစီမံကိန်းများတွင် ဘယ်လာရုစ်ဖွား အာကာသယာဉ် မှူးများ ဖြစ်ခဲ့သော Piotr Klimuk နှင့် Vladimir Kavalenok တို့က ၎င်း၏ သမိုင်းခြေရာများကို လူကာရှန်ကို ပြန်လည်တူးဆွပြီး၊ သမ္မတပူတင် အကူအညီဖြင့် ဘယ်လာရုစ်အတွက် ဂုဏ်ယူနိုင်မည့် အာကာသစီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ရုရှားပြည်ထောင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး၊ လူဦးရေ ရှစ်သန်းမျှသာရှိသော ကုန်းတွင်းပိတ် နိုင်ငံငယ် ဘယ်လာရုစ်ကို ဆိုဗီယက်ပြည်ထောင်စုခေတ်ဟောင်း အာဏာရှင်အုပ်ချုပ်ရေးစနစ်အတိုင်း အုပ်ချုပ်နေသော အာဏာရှင်လူကာရှန်ကိုသည် သမ္မတပူတင်အတွက် အထူးမဟာမိတ်တစ်ဦး ဖြစ်သည်။
စင်စစ် လူကာရှန်ကိုလက်ထက် ဘယ်လာရုစ်၏ အာကာသစီမံကိန်းများသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့် ကတည်းက စတင်ခဲ့သည်ကို တွေ့ရသည်။ ၂၀၀၆ ခုနှစ်တွင် ကမ္ဘာမြေကို အဝေးမှ စောင့်ကြည့်သော ဂြိုဟ်တု (Earth Remote Sensing Satellite) ကို ရုရှားအကူအညီဖြင့် လွှင့်တင်ရန်ကြိုးပမ်းခဲ့မှု မအောင်မြင်ခဲ့ပါ။ ၂၀၁၂ ခုနှစ်တွင် ထပ်မံကြိုးပမ်းခဲ့ရာ BelKA-2 အမည်ရ ဂြိုဟ်တုကို ရုရှား၏ ဆိုယု (Soyuz) အာကာသဒုံးပျံယာဉ်ဖြင့် သယ်ဆောင်လွှင့်တင်နိုင်ခဲ့သည်။ BelKA-2 ဂြိုဟ်တုသည် ၁၂ နှစ်ခန့် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ် အလုပ်လုပ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံး၍ ကမ္ဘာပတ်လမ်းကြောင်း အပြင်ဘက်သို့ ပျက်ကျသွားခဲ့သည်။ သို့သော် ဘယ်လာရုစ်အစိုးရက ထိုသတင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိဘဲ ဖုံးအုပ်ထားခဲ့သည်။
ထို့ကြောင့် ရုရှား- ယူကရိန်းစစ်ဖြစ်နေချိန် Earth Remote Sensing ဂြိုဟ်တု မရှိတော့သော ဘယ်လာရုစ်သည် ရုရှားနိုင်ငံအကူအညီဖြင့် ၂၀၂၄-၂၀၂၈ ခုနှစ် ငါးနှစ် စီမံကိန်း တစ်ခုကို ချက်ချင်း စတင်ခဲ့ပြီး၊ လာမည့် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဂြိုဟ်တုအသစ်များ လွှင့်တင်ရန် ကြိုးပမ်းနေသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် ဘယ်လာရုစ် အမျိုးသားသိပ္ပံအကယ်ဒမီသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှုကြောင့် အရည်အသွေးမြှင့် ဆက်သွယ်ရေးပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူရရှိမှုခက်ခဲ လာသဖြင့်၊ ပြည်တွင်းထုတ်ပစ္စည်းများကို အသုံးပြု၍ NASBSat-1 နှင့် NASBSat-2 ဂြိုဟ်တုများတို့ကို ဒီဇိုင်း ရေးဆွဲတည်ဆောက်ခဲ့ပြီး၊ ရုရှား ဆိုယု-၂ အာကာသဒုံးပျံယာဉ်ဖြင့် ကမ္ဘာပတ်လမ်းထဲ လွှင့်တင်ခဲ့သည်။ ထို့ကြောင့် ဘယ်လာရုစ်သည် ဂြိုဟ်တုတည်ဆောက်ရေးနည်းပညာနှင့် ပညာရှင်များ ပိုင်ဆိုင်ထားသည်ကို တွေ့ရှိရသည်။
ထို့အပြင် ရုရှားအစိုးနှင့် ပူးပေါင်း၍ Kompleks SG ဟု အမည်ပေးထားသော အာကာသယာဉ်ငယ် သုံးစီး တည်ဆောက်ရေး စီမံကိန်းတွင် ရုရှားက နှစ်စီး၊ ဘယ်လာရုစ်က တစ်စီး တည်ဆောက်မည်၊ ယခုနှစ်တွင် တည်ဆောက်မှုများပြီးစီး၍ ၂၀၂၇ ခုနှစ်တွင် လွှင့်တင်ရန် စီစဉ်နေသည်ဟု ဘယ်လာရုစ် အမျိုးသားသိပ္ပံအကယ်ဒမီ၏ အာကာသလုပ်ငန်းများဌာန ဒုတိယအကြီးအကဲ အိုင်ဗင်ဘူချာ (Ivan Bucha) က ၂၀၂၆ ခုနှစ် ဧပြီလ ၈ ရက် သတင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။ လူကာရှန်ကိုက မင်းအောင်လှိုင်ကို ထိုစီမံကိန်းနှင့် အလားတူသော အာကာသယာဉ်ငယ် တစ်စီး တည်ဆောက်ပေးမည်ဟု ဆွဲဆောင်လျက် ဈေးကွက်ရှာနေသည်။
ခြုံငုံလေ့လာကြည့်လျှင့် ပူတင်၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်နေသော လူကာရှန်ကို၏ အာကာသစီမံကိန်းများဖြစ်သည့် အာကာသယာဉ်မှူးတစ်ဦးကို အာကာသထဲစေလွှတ်ခြင်း၊ ဂြိုဟ်တုစနစ်များ တည်ဆောက်လွှင့်တင်ခြင်း၊ အာကာသယာဉ်ငယ်တည်ဆောက်ခြင်း စသည့် ဒေါ်လာသန်းနှင့်ချီကုန်ကျသော စီမံကိန်းများ၏ ခြေရာအတိုင်း တထပ်တည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လှမ်းနေသည်ကို လေ့လာ တွေ့ရှိရသည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် ၎င်း၏အာကာသစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူတင် နှင့် လူကာရှန်ကို ထံမှ အကူအညီများလိုအပ်နေသည်မှာ ထင်ရှားသည်။ အပြန်အလှန်အားဖြင့် ထိုအာဏာရှင် နှစ်ဦးသည် ၎င်းတို့၏ အာကာသစီမံကိန်းများအတွက် လိုအပ်သောငွေကြေးများရရှိရန် စီးပွားရေးလုပ်ငန်းအသွင် ဈေးကွက်ချဲ့ထွင်၍ ဝင်ငွေရှာဖွေနေချိန် ဖောက်သည်ကြီး မင်းအောင်လှိုင်ကို အမိအရ ကျုံးသွင်းစည်းရုံး ထားနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။