မန္တလေးမြို့မှ စစ်တပ်ရေယာဉ်အုပ်စုများ စက်တင်ဘာလ ၄ ရက်မှ စတင်၍ ဧရာဝတီမြစ်အတိုင်း ထပ်မံ ဆန်တက်လာပြီး အချို့မှာ တကောင်းနီကယ် သတ္တုစက်ရုံအနီး ရပ်နားထားကာ အချို့မှာ စစ်ပွဲများဖြစ်နေသော ကချင်ပြည်နယ်သို့ စစ်ကူပို့ရန် ဆန်တက်သွားနိုင်ခြေရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက စုံစမ်းသိရသည်။
စက်တင်ဘာလ ၄ ရက်ညပိုင်းနှင့် နောက်တစ်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက်တွင် မန္တလေးမြို့ ဂေါဝိန် ဆိပ်ကမ်းမှ ထွက်လာသည့် ဖလက်ခွံများအပါအဝင် ရေယာဉ် ၃၁ စီးပါ အုပ်စုသည် ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး ယနေ့နံနက်တွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ပြောသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ထီးချိုင့်မြို့နယ် မောင်းကုန်းရွာအနီးရှိ တရုတ်နိုင်ငံနှင့် အကျိုးစီးပွားလုပ်နေသော တကောင်းနီကယ်စက်ရုံ စီမံကိန်းရှိသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က မန္တလေးတိုင်းထိုးစစ်များအတွင်း ယခုနှစ် မတ်လ၌ အဆိုပါ စက်ရုံကို ပြန်ထိန်းချုပ်ထားခြင်းဖြစ်သည်။
စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် စက်ရုံတွင် ယခင်ကတည်းက သိုလှောင်ထားသည့် နီကယ်များကို ရေကြောင်းမှတဆင့် သယ်ဆောင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များကလည်း ယူဆထားကြသည်။
နီကယ်စက်ရုံဝန်ထမ်းဟောင်း အမျိုးသားတစ်ဦးက သတ္တုများမှာ ယခင်ကတည်းက သိုလှောင်ထားပြီး ဖြစ်ပြီး ရေယာဉ်များဖြင့် လာသယ်ယူခြင်းဖြစ်နိုင်ကြောင်း ၎င်းကလည်း ပြောသည်။
“ ဒီသတ္တုတွေ စပြီးမထုတ်ရတာက ကိုဗစ် (၂၀၂၀) ကာလမတိုင်ခင်ကတည်းက သတ္တုတွေ ကောင်းကောင်း မထုတ်ရဘူး။ လည်သမျှ ကုန်ကျစရိတ်က သတ္တုထုတ်ရမှ ကုမ္ပဏီက အရင်းအနှီးပြန်ပေါ်မှာပေါ့။ အာဏာသိမ်းစစ်တပ်ကလည်း ဒါကို NUG နဲ့ ထုတ်ဖို့က လက်မခံနိုင်လောက်ဘူးဆိုတော့ အခုချိန်က သူတို့ထုတ်ဖို့ရာအကောင်းဆုံးအချိန် ဆိုတာကြောင့် ဒါကို နံပါတ်တစ် ဦးတည်တာလို့မြင်ပါတယ်”ဟု ထိုသူက ဆိုသည်။
“ သယ်မယ်ဆိုရင်တော့ လောလောဆယ်က သူတို့အတွက်တော့ အခွင့်သာနေတဲ့ အချိန်လို့ပြောရမှာပေါ့။ တကောင်းနီကယ်ကနေ မန္တလေးတကြောအထိ တော်လှန်ရေးအင်အားစုတွေက အရင်လိုတအား စိုးမိုးထားနိုင်တဲ့အခြေအနေမဟုတ်တော့ဘူး။ ကျွန်တော့်အထင်တော့ နံပါတ်တစ်ကတော့ သတ္တုတွေ သယ်ဖို့ ဖြစ်လိမ့်မယ်။ ပြီးမှ စက်ရုံလည်ဖို့ကို စဉ်းစားလိမ့်မယ်လို့မြင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ရေး လေ့လာသုံးသပ်သူ ဗိုလ်ကြီး ဇင်ယော်ကလည်း မောင်းကုန်းရွာအနီး ရပ်ထားသော ရေယာဉ်အုပ်စုတွင် နီကယ်စက်ရုံအတွက် ရဲတပ်ဖွဲ့အင်အား ၂၀၀ နီးပါး လိုက်ပါလာကြောင်း ပြောသည်။
“ (စက်ရုံ) လုံခြုံရေးအင်အားယူမယ့် ရဲတပ်ဖွဲ့ အင်အား ၁၅၀၊ ၂၀၀ နီးပါးပါတယ်။ နီကယ်စက်ရုံအတွက် ကျောက်မီးသွေးတွေ တင်ဆောင်လာတယ်လို့ သိရပါတယ်။ ၁၈ စီးပဲ ကမ်းကပ်မယ်။ ကျန်တဲ့အစီးတွေက အထက်ကိုဆန်တက်မယ်လို့ သိရပါတယ်။ ဘယ်ကိုဦးတည်မယ်ဆိုတာပဲ အတိအကျမသိရသေးတာပါ”ဟု ဗိုလ်ကြီး ဇင်ယော် ဆိုသည်။
ဝက်လက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ယခု ထပ်တက်လာသည့် ရေယာဉ်အုပ်စုတွင် တိုက်ခိုက်ရေးရေယာဉ် နည်းပါးပြီး ပစ္စည်းများ သယ်ယူနိုင်သည့် ဖလက်ခွံများ ပါသဖြင့် နီကယ်စက်ရုံကို အဓိက ဦးတည်မည်ဟု ယူဆကြောင်း ပြောသည်။
“ ဖလက်ခွံတွေတော်တော်များတယ်။ တိုက်ခိုက်ရေးယာဉ်တွေနည်းတယ်။ သတင်းရထားတာတော့ တကောင်းဘက် နီကယ်တွေသယ်ဖို့ရာလည်းရထားတယ်။ ဗန်းမော်ထိတက်မယ်လို့တော့ ရမထားသေးဘူး။ ဒီတခေါက်က တိုက်ခိုက်ရေးယာဉ်နည်းတယ်။ ရိက္ခာထောက်ပို့လည်း အရင်ကလောက်မများဘူး”ဟု ဆိုသည်။
ထို့အတူ ရေယာဉ်တက်ရာ လမ်းကြောင်းတွင် လေကြောင်းပစ်ကူပေးသည့် လေယာဉ်များလည်း လိုက်ပါလာမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထိုရေယာဉ်အုပ်စုနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
ယခု ရေယာဉ်အုပ်စု မတိုင်မီ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက မန္တလေးမှတဆင့် ဧရာဝတီမြစ်ကြောင်း အတိုင်း ကချင်ပြည်နယ်ဘက်သို့ အင်အားနှင့် ရိက္ခာဖြည့်တင်းရန် ဆန်တက်လာသည့် ၁၅ စီးပါ ရေယာဉ်အုပ်စုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF) တို့က ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်အကြား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သည်။
ပထမအကြိမ် တက်လာသည့် ရေယာဉ် ၁၅ စီးပါအုပ်စုအနက် ထက်ဝက်နီးပါး ပျက်စီးခဲ့ကာ စစ်သားများ၊ စစ်တပ်မိသားစုများအပါအဝင် ၁၀၀ ကျော်ကို KIA နှင့် KPDF တို့က ဖမ်းဆီးရမိခဲ့ပြီး ရေယာဉ်အချို့သာ တစ်နှစ်ခွဲကျော်ကြာ မြို့သိမ်းတိုက်ပွဲဖြစ်နေသော ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်။
ထို့ကြောင့် ရေယာဉ်အချို့မှာ စစ်ပွဲများ ဖြစ်နေသော ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူပို့ရန်လည်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးဘက်က မှန်းဆနေကြသည်။
တရုတ်အကျိုးတူစီးပွား တကောင်းနီကယ် စက်ရုံ
တကောင်းနီကယ် တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction နှင့် အမှတ် (၁) သတ္တုတွင်း ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။
အာဏာမသိမ်းမီက စက်ရုံတွင် မြန်မာဝန်ထမ်း တစ်ထောင့်သုံးရာကျော်နှင့် တရုတ်ဝန်ထမ်း ၃၀၀ နီးပါး လုပ်ကိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ထမ်းအင်အားအနည်းငယ်လျော့ပါးသွား သော်လည်း စက်ရုံမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေခဲ့သည်။
လက်ရှိ စက်ရုံလည်ပတ်မှု ရပ်နားထားချိန်တွင် စားဖိုနှင့် လုံခြုံရေးဌာနကဲ့သို့မရှိမဖြစ် ဝန်ထမ်းအချို့သာ ရှိကြောင်း အထက်ပါစက်ရုံဝန်ထမ်းဟောင်းက ပြောသည်။
စစ်တပ်အနေဖြင့် တကောင်းနီကယ်စက်ရုံအတွင်း တပ်စွဲပြီး စက်ရုံလည်ပတ်ရန်ကြိုးပမ်းလာပါက စစ်ရေးအခြေအနေ တင်းမာလာနိုင်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်က ဆိုသည်။
ထီးချိုင့်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေပြီး ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့်ဆက်သွယ်နိုင်သည့် လမ်းကြောင်းများအလယ်တွင် ရှိနေသဖြင့်ဆက်သွယ် ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သည်။ မန္တလေးနှင့်တကောင်းနီကယ်စက်ရုံကြား မြစ်ကြောင်း တလျှောက်တွင် မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး တို့ကိုလည်း စစ်တပ်က ယခုနှစ်ဆန်းတွင် ပြန်လည် ထိန်းချုပ်ထားသည်။
ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်တပ်ထံ ဒေါ်လာသန်းနှင့်ချီ ငွေကြေးစီးဆင်းနေသည့်သတ္တုတူးဖော်မှု လုပ်ငန်းသုံးခုအနက် တကောင်းနီကယ်စီမံကိန်းမှ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁ သန်း စီးဝင်ခဲ့သည်။
စီမံကိန်း ဧရိယာ ဧကသုံးထောင်ကျော်ကျယ်ဝန်းပြီး ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် ထိုစီမံကိန်းမှာ တစ်နှစ်လျှင် ဖယ်ရိုနီကယ် တန်ချိန် ၈၅,၀၀၀ ထုတ်လုပ်နိုင်ရန် လျာထားခဲ့သည်။




