အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေနံမှော်ကို တပ်ဖြန့်လာသည့် စစ်ကြောင်းကိုတော်လှန်ရေးတပ်များ ပိတ်ဆို့ထား 

ပြီးခဲ့သည့် မေလလယ်ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှထွက်လာသောစစ်ကြောင်းသည် ပေါက်၊ မြိုင်၊ ပခုက္ကူ သုံးမြို့နယ်စပ်မှ မြိုင်မြို့နယ် ရေနံမှော်ဘက်သို့ ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက “အညာတမာ စစ်ဆင်ရေး” ဖြင့် စုဖွဲ့တုံ့ပြန်တိုက်ခိုက်နေ ခြင်းဖြစ်သည်။

မကွေးတိုင်း မြိုင်မြို့နယ် ရေနံမှော်များကို ဦးတည်ထိုးစစ်လာသည့် စစ်ကြောင်းသည် ရေနံမှော်အနီးကျေးရွာတွင် ရောက်ရှိနေသည်မှာ သီတင်းနှစ်ပတ်ကျော်ရှိလာပြီး  ရွာထဲတွင် ယာယီတပ်စွဲကာ ဖောက်မထွက်နိုင်သေးကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ပြီးခဲ့သည့် မေလလယ်ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှထွက်လာသောစစ်ကြောင်းသည် ပေါက်၊ မြိုင်၊ ပခုက္ကူ သုံးမြို့နယ်စပ်မှ မြိုင်မြို့နယ် ရေနံမှော်ဘက်သို့ ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက “အညာတမာ စစ်ဆင်ရေး”ဖြင့် စုဖွဲ့တုံ့ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

Well 2ရေနံမြေအနီးရှိ တောင်စုံရွာမှ ထွက်လာသော စစ်ကြောင်းသည် အနောက်ဘက် လေးမိုင်ခန့် အကွာ ပေါက်နှင့် မြိုင်မြို့နယ်စပ်ရှိ တဲကြီးရွာတွင် ဩဂုတ်လကုန်ပိုင်းကတည်းကစတင်၍ ယနေ့ (စက်တင်ဘာလ ၄ ရက်) အထိ တပ်စွဲထားဆဲဖြစ်ကြောင်းသိရသည်။ 

“လက်ရှိအချိန်ထိကတော့ အဲ့ဒီမှာ (တဲကြီး)ရောက်နေတာ နှစ်ပတ်ကျော်နေပြီ။ ဘယ်မှမထွက်သေးဘူး။ ရိက္ခာ၊ ဆေးဝါးတွေကို Y-12 နဲ့ချပေးနေတာရှိတယ်”ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် အညာတမာ စစ်ဆင်ရေးမှပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အညာတမာ စစ်ဆင်ရေးတွင် ဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံခရိုင်တပ်ရင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA၊ ပေါက်နှင့်မြိုင် အနီးဝန်းကျင်မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ကျောင်းသားတပ်မတော် (ABSDF)၊ ကမ္မတပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု စသည့်ဒေသတွင်းတော်လှန်ရေးအဖွဲ့များ စုဖွဲ့ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ 

အင်အားအလုံးအရင်းသုံးရုံသာမက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူတို့ပါ သုံးစွဲ၍ ရေနံမှော်ကို ထိုးစစ်ဆင်နေသည့် စစ်တပ် စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက စုပေါင်းခုခံကာ ပိတ်ဆို့ထားနိုင်သည့်အခြေအနေဖြစ်သည်။  

“ (စစ်တပ်က) ခရီးလမ်းကြောင်းကိုရောက်အောင် ဖွင့်မလား၊ ပြန်ဆုတ်မလားဆိုတာတော့ သူတို့ အနေထား သူတို့ပဲ သိမှာပေါ့။ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ သူတို့တွေကိုခုခံဖို့ရာ အမြဲတမ်းအသင့်ပြင် ထားတယ်။… သူတို့ကတော့ အဓိကတော့ ပတ်ပြီးတော့မွှေမယ်။ ဒေသခံ လူထုရဲ့အိုးအိမ်တွေကို ဖျက်ဆီး မယ်ပေါ့။ သူတို့က စစ်ဦးဘီလူးစီးလာတဲ့အခါမှာလက်နက်ကိုင် အားဖြင့် တိုက်ပွဲဖြစ်ဖို့ရာ ရှောင်တယ်။ ရှောင်ပြီးတော့ ကျေးရွာတွေကို ဖျက်ဆီးမယ်။ မီးရှို့မယ်။ အဲ့ဒီလိုပုံစံမျိုးနဲ့ပဲ ရေနံမှော် ဒီဒေသထဲကိုရောက်နေတာ”ဟု ကိုပြည့်ဖြိုးကျော်က ပြောသည်။ 

တဲကြီးရွာတွင် တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်းထံသို့ ယမန်နေ့ နံနက်ပိုင်းက လေကြောင်းမှ  ခဲယမ်းနှင့်ရိက္ခာထုပ် ၈၀ ခန့်ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် We love Myaing အဖွဲ့ကထုတ်ပြန် ထားသည်။ 

အိမ်ခြေ ၅၀၀ ကျော်ရှိသည့် တဲကြီးရွာကို စစ်တပ်က တပ်စွဲထားစဉ် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကပြောသည်။ 

“တဲကြီးကို ဒီတခေါက်မီးရှို့တယ်။ အရင်ကလည်း မီးရှို့ခံရတယ်။ အခုက တတိယတခေါက်ဆိုတော့  အိမ်ခြေတွေကုန်တာ များလိမ့်မယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသည့် အညာမြေအရပ်ဘက်လူမှု အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်တပ်စစ်ကြောင်းမှာ ကျေးရွာထဲရှိနေသဖြင့် တဲကြီးတွင် အိမ်ခြေပျက်စီးမှုအခြေအနေ အသေးစိတ် ကိုမသိရသေးပေ။ 

မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးစီးနင်းနေသည့်အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီခန့် မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဆက်သွယ်ဖို့ကြိုးစားသော်လည်း မရရှိခဲ့ပါ။

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်စပ်ရှိ Well 2 ရေနံမှော်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဝန်းကျင်ကတည်းကပင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပြီး ယမန်နှစ်ကလည်း ရေနံမြေကို ပြန်ရရန် စစ်တပ်ထိုးစစ်ဆင်ခဲ့သော်လည်း တဲကြီးရွာအထိသာ ရောက်ရှိခဲ့ပြီး နောက်ပြန်ဆုတ်ခဲ့ရသည်။ 

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရေနံမှော်ဒေသသည်  အခွန်ငွေရရှိရာ ဘဏ္ဍာရေးအရင်းအမြစ်  ဖြစ်သည့်အတွက် ထိုဒေသကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် နယ်မြေရှင်းလင်းရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။  

စစ်တပ်စစ်ကြောင်းဝင်လာသည်မှာ သုံးလကျော်ကြာမြင့်လာပြီဖြစ်ရာ ဒေသတွင်း ကျေးရွာအချို့မှာ နေရပ်ပြန်ဝင်ကြသော်လည်း စစ်ကြောင်းအနီးရှိကျေးရွာများမှာမူ စစ်တပ်၏ လက်နက်ကြီးရန်၊ လေ ကြောင်းရန်တို့ကြောင့် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းမှ လူဦးရေတစ်သောင်းကျော်မှာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု စစ်ရှောင်အရေးကူညီနေသူများက ဆိုသည်။ 

စစ်ကြောင်းဝင်လာသည့် သုံးလကျော်အတွင်း စစ်ကြောင်းနှင့်ထိပ်တိုက်တွေ့သဖြင့် ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များ၊ သက်ကြီးရွယ်အိုများအပါအဝင် နှစ်ဒါဇင်သတ်ဖြတ်ခံရပြီး နေအိမ် ၃၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

စစ်တပ်စစ်ကြောင်းက သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများကိုပါ သတ်ဖြတ်မှုများရှိနေသည့် အတွက် စစ်တပ်စစ်ကြောင်းနှင့် ဝေးရာ ဘေးလွတ်သည့်နေရာတွင် ရှောင်ရှားကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဩဂုတ်လ ၁၀ ရက်တွင် ထုတ်ပြန် ထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် နိုင်ငံအနှံ့မှ လူဦးရေ လေးသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အနက် မကွေးတိုင်းမှ လေးသိန်းကျော် ပါဝင်ပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ တတိယအများဆုံးဒေသလည်းဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles