အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငါန်းဇွန်တွင် ဒရုန်းဗုံးကြောင့် ဆရာတော်နှင့် ကလေးအပါအဝင် ၄ ဦး သေဆုံး

စစ်တပ်က ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတစ်ရွာတွင်တပ်စွဲ၍ အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့စဉ် သေဆုံးမှုများဖြစ်ပေါ်ခဲ့ရာ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ခုနစ်နှစ် အရွယ် မိန်းကလေးတစ်ဦးတို့ပါဝင်နေသည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း စစ်တပ်က ရွာသုံးရွာထက် မနည်းကို ယမန်နေ့ (စက်တင်ဘာလ ၆ ရက်)တွင်  စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် တစ်ပါး အပါအဝင် လေးဦးသေဆုံး၊ ရှစ်ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီခန့်က ငါန်းဇွန်မြို့ပေါ်မှ စစ်တပ်သည် အင်အား ၁၀၀ ကျော်ဝန်းကျင်ဖြင့် မြို့၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ငါန်းဇွန်မြို့နှင့်တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့်လမ်း (ဒေသအခေါ် ၁၄ မိုင်လမ်း)မှ တဆင့် ငါန်းဇွန်မြို့တောင်ဘက် ကိုးမိုင်ကျော်အကွာ နတ်သားတောကျေးရွာ အတွင်း ဝင်ရောက်လာခဲ့သည်။ 

ထိုသို့ ဝင်ရောက်ခဲ့ပြီး နတ်သားတောရွာဘက်မှနေ၍ အနီးရှိ မြောက်ကျင်း၊ မင်းဂျိုစံပြနှင့် ရွာသစ် တော စသောကျေးရွာ တို့ဘက်သို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ကျေးရွာသုံးရွာ၌ သေဆုံး၊ ဒဏ်ရာရမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

ရွာသစ်တောဘုန်းကြီးကျောင်းမှ သက်တော် ၆၀ အရွယ် ဦးပညာဇောတအမည်ရှိ ကျောင်းထိုင်ဆရာတော် တစ်ပါး၊ မင်းဂျိုစံပြရွာမှ အသက် ခုနစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၊ မြောက်ကျင်းရွာမှ ၅၀အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်ဟု မြောက်ကျင်းရွာသား တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဖြစ်တဲ့ရွာတွေက ကပ်လျက်တွေ၊ ဆရာတော်က ဆွမ်းစားပြီးလို့ ကျောင်းထဲမှာပဲ ကွမ်းတွေဘာတွေ ဘုဉ်းပေးရင်း ထိုင်နေတဲ့အချိန် ကွက်တိကျတာ။ ဆရာတော်က ရင်ဘတ်ပွင့်ပြီး ပွဲချင်းပြီးဆုံးတယ်။ ဘေးရွာတွေက အမျိုးသမီးသုံးယောက်ကလည်း ခြေပြတ်တဲ့သူပြတ်၊ ဦးခေါင်းနဲ့ရင်ဘတ်ဒဏ်ရာတွေနဲ့ ဆုံးတယ် ”ဟု အသက် ၃၀ နှစ်အရွယ် ထိုသူက ဆိုသည်။

မင်းဂျိုစံပြရွာနှင့် သောင်ပြင်ရွာအကြား အိမ်ခြေ ၂၀ ဝန်းကျင်ခန့်သာ ရှိသော ရွာသစ်တောရွာ ဘုန်းကြီးကျောင်း၏တမံသလင်းပေါ် ဗုံးသီး ကျရောက်ပေါက်ကွဲသဖြင့်  ထိုကျောင်း၌ စစ်ရှောင်နေသူ ရှစ်ဦး ထက်မနည်း ဗုံးစများ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကလေးတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး၏ ရုပ်အလောင်းများကို ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်တွင် ကျေးရွာသုသာန်၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ပျံလွန်တော်မူခဲ့သည့်ကျောင်းထိုင်ဆရာတော်၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ပေးရေး ကိုမူ ပြုလုပ်နေဆဲဖြစ်သည်ဟု  ရွာခံများက ဆိုသည်။

တိုက်ခိုက်ခံရသောအထက်ပါရွာတို့သည် ဒေသတော်လှန်ရေးတပ်ဖွဲ့များ ဖြတ်သန်းသွားလာလေ့ရှိသည့် နေရာများဖြစ်သဖြင့် စစ်တပ်ကလည်း မကြာခဏစစ်ကြောင်းထိုးလေ့ရှိသည် စုံစမ်းသိရသည်။

သို့သော်လည်း စစ်တပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်ရာနေရာနှင့် ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ဒေသခံများက ယူဆသည်။

“ကျွန်မအထင် ဒီကျောင်းကပေါ့နော်။ တောထဲမှာ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တောရကျောင်းပေါ့နော်။ စစ်ဘေးရှောင်တွေ မကြာခဏ ခိုလှုံနေကြတာရှိတယ်။ ဒါကို ပစ်မှတ်ထားပြီး တိုက်ခိုက်ပုံပေါ်တယ်”ဟု မင်းဂျိုရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် စစ်တပ်က နတ်သားတောကျေးရွာအတွင်း၌ ဆက်လက်တပ်စွဲထားပြီး ယနေ့နံနက်တွင်လည်း ဒရုန်းများဖြင့် အနီးဝန်းကျင်ကို ဗုံးကြဲနေ၍ ဒေသခံများ ရှောင်တိမ်းနေကြရသည်ဟု သိရသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရသော ငါန်းဇွန်မြို့နယ် ကျေးရွာများပြမြေပုံ။
ဒရုန်းဖြင့် တိုက်ခိုက်ခံရသော ငါန်းဇွန်မြို့နယ် ကျေးရွာများပြမြေပုံ။

၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက် တော်လှန်ရေးထိန်းချုပ်မြို့များကို ပြန်သိမ်းပိုက်နိုင်ခဲ့သည့်စစ်တပ်သည် ယခုနှစ်ဆန်းမှစတင်၍ မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းမှ တော်လှန်ရေး အားကောင်းသော လက်ကျန်နေရာများကို ဆက်လက်ထိုးစစ်ဆင် ခဲ့သည်။ 

တော်လှန်ရေးတပ်များ ရှိနိုင်မည်ဟု ယူဆရသည့် မြင်းခြံခရိုင် ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တို့မှ ကျေးရွာတို့ကို မြေပြင်ထိုးစစ်များ ပြုလုပ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ရာ မေလအတွင်း ဒေသကာကွယ်ရေးအဖွဲ့အချို့ မကွေးတိုင်းသို့ ဆုတ်ခွာခဲ့ရသည်။ 

အထူးသဖြင့် နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော် မန္တလေးမြို့၏တောင်ဘက် မိုင် ၄၀ ခန့်အကွာ ငါန်းဇွန် မြို့နယ်သည် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခံရပြီး သေဆုံးထိခိုက်မှု ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့သည်။

ထင်ရှားသောဖြစ်စဉ်များမှာ ဖေဖော်ဝါရီလအတွင်း တလင်းကုန်းကျေးရွာ ဘုရားပွဲ ဗုံးကြဲခံရပြီး ကလေး အပါအဝင် သုံးဦး သေဆုံးခဲ့သည်၊ ဧပြီလတွင် နတ်ကြီးရွာတွင် ရှင်လောင်းလှည့်ပွဲ ပစ်ခတ်ဗုံးကြဲခံရပြီး ကလေး တစ်ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့သည်။ မေလအတွင်း ဒရုန်း ဗုံးကြဲမှုကြောင့် အရပ်သားရှစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ခြင်းတို့ ဖြစ်ကြသည်။

လက်ရှိတွင် ငါန်းဇွန်နယ်အတွင်း ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အဆိုအရ သိရသည်။

မြို့အနီးဝန်းကျင်  မင်းဂျိုစံပြ၊ ရွာသစ်တော၊ မြောက်ကျင်းကျေးရွာတို့မှ တိမ်းရှောင်နေရေသူများ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရပြီး ယခုနှစ်တွင် ရေဘေးလည်း သင့်ခဲ့သည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

“စစ်ဘေးကြုံနေရတာအပြင် ဒီနှစ်ရေဘေးလည်း ထပ်ကြုံရတယ်။ ကျွန်တော်တို့ငါန်းဇွန်နယ်လေးက တော်တော်လည်း ကူကယ်မဲ့နေပါတယ်ဗျာ။ အကူအညီတွေလိုအပ်နေပါတယ်”

မကြာသေးမီက နိုင်ငံအနှံ့မြို့နယ်အများအပြား၌ ရေဘေးကြုံတွေ့ကြရာ ငါန်းဇွန်မြို့နယ်အတွင်း ကျေးရွာ ၁၈ ရွာခန့် ရေဘေးအန္တရာယ်ကျရောက်၍ ကူညီကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ရကြောင်း ထိုဒေသများကို အကူအညီပေးနေသည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ထံက သိရသည်။

ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည့် မန္တလေးတိုင်းအတွင်း ဩဂုတ်လ၌ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ငါန်းဇွန်မြို့နယ်တွင် ကလေးတစ်ဦး နှင့် အမျိုးသမီး ခြောက်ဦး၊ စဉ့်ကူးမြို့နယ်တွင် သက်ကြီး ရွယ်အို တစ်ဦး၊ ညောင်ဦးမြို့နယ်တွင် ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု အရေးပေါ်စီမံခန့်ခွဲရေး ကော်မတီ -မန္တလေး (EMC-MDY) က စက်တင်ဘာလ ၃ ရက်က ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles