အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမော်သို့တက်သည့် စစ်ရေယာဉ်အုပ်စု ထက်ဝက်နီးပါး နစ်မြှုပ်ခံရပြီး ၁၀၀ ကျော် အဖမ်းခံရ

ရွှေကူမြို့မှ ထွက်ခွာလာသည့် ရိက္ခာ၊ ခဲယမ်း၊ စစ်သားများတင်လာသည့် စစ်သင်္ဘောအုပ်စုကို KIA နှင့် KPDF ပူးပေါင်းတပ်များက ဧရာဝတီမြစ်အတွင်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ရှစ်စီး ပျက်စီးကာ လူ ၁၀၀ သုံ့ပန်းများလည်း ဖမ်းဆီးနိုင်ခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ရှစ်စီး ပျက်စီးခဲ့ပြီး တပ်မိသားစုဝင်များ၊ ကလေးများအပါအဝင် သုံ့ပန်း ၁၀၀ ကျော်ခန့် ဖမ်းဆီးရမိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နံနက်အစောပိုင်းမှစတင်ကာ ရွှေကူမြို့ဆိပ်ကမ်းမှ စစ်သင်္ဘောများ အပါအဝင် ရေယာဉ် ၁၅ စီးခန့်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာရာ ရွှေကူမြို့ နှင့် ဗန်းမော်မြို့နယ် စင်းခန်းတံတားအကြားတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ရွှေကူမြို့နှင့် ခရိုင်မြို့ကြီးဖြစ်သော ဗန်းမော်မြို့သည် ဧရာဝတီမြစ်ကမ်းဘေးမြို့များဖြစ်ကြပြီး မိုင် ၆၀ ကျော်ကွာဝေးသော ခရီးဖြစ်သည်။ 

ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များ၌  KIA က စစ်ရေယာဉ်များ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ကာ အများစုမှာ အမျိုးသားများဖြစ်ကြ၍  အမျိုးသမီး၊ သက်ကြီးပိုင်းနှင့် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။

“အမျိုးသမီးတွေလည်း ပါတယ်ဆိုတော့ တပ်မိသားစုတွေ၊​​ ရဲမေတွေ ဖြစ်ကောင်းဖြစ်နိုင်တာပေ့ါ။ ဒါပေမယ့် အခုလောလောဆယ်တော့ သူတို့ (KIA စစ်ရုံးချုပ်) က စစ်သားကတော့ ဘယ်နှစ်ယောက်၊ နောက် အရပ်သားတွေ၊​ ရဲမေတွေ၊ ကလေးတွေ၊ အဲဒါတွေကတော့ စိစစ်နေတုန်းပဲထင်တယ်” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက  Myanmar Now ကို ပြောသည်။

ဖမ်းဆီးရမိသည့် စုစုပေါင်း အရေအတွက်မှာ ၁၀၀ ကျော်ရှိနိုင်သည်ဟု ဆိုသော်လည်း အသေးစိတ် ခွဲခြားနိုင်ခြင်းမရှိသေးသည့်အတွက် အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

KIA နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် စစ်သင်္ဘောအချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ရေယာဉ် ခုနစ်စီးမှာ စင်းခန်းတံတားအနီး စင်းခန်းရွာ၏ အရှေ့ဘက် ခုနစ်မိုင်ကျော်အကွာ မြစ်ကမ်းဘေး မြလယ်ရွာတွင်  ညအိပ်ရပ်နားခဲ့ကြသည်ဟု KIA တပ်မဟာ(၈) ထောက်လှမ်းရေးအရာရှိ အမျိုးသား တစ်ဦးကလည်း ပြောသည်။

ထို့နောက် ယနေ့ နံနက် ၈ နာရီခန့်တွင် မြလယ်ရွာမှ ဆက်လက် ထွက်ခွာခဲ့ပြီး တိုက်လေယာဉ်၊ Y 12 ထောက်ပို့လေယာဉ်များဖြင့် မြစ်ကြောင်းတစ်လျှောက် ၁၀ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ နံနက် ၁၁ နာရီခန့်တွင် ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်ဟု KIA နှင့် ကချင်ဒေသတွင်းလှုပ်ရှားသည့် တော်လှန်ရေး သတင်းရင်းမြစ်များထံက သိရသည်။

“အဲဒီဘက်က ကျော်သွားတဲ့ဟာတွေ(သင်္ဘောများ)ကတော့ ဗန်းမော်ရောက်ပြီလို့ ပြောလို့ရတယ်လေ။ အားလုံး ခုနစ်စီးပေါ့၊ စုစုပေါင်း ခုနစ်စီးရောက်တယ်” ဟု အထက်ပါ KIA ထောက်လှမ်းရေးအရာရှိက ပြောသည်။ 

ထိုခုနစ်စီးမှာ စစ်သင်္ဘော နှစ်စီးနှင့် ရိက္ခာ၊ နှင့် ခဲယမ်းများ တင်ဆောင်လာသည့် တွဲသင်္ဘော ငါးစီး တို့ ဖြစ်ကြသည်ဟု သိရသည်။

ဗိုလ်မှူးကြီးနော်ဘူကမူ  ဗန်းမော်မြို့အနီး စစ်သင်္ဘောများ ဆိုက်ရောက်လာကြောင်း ၊ အရေအတွက် အတိအကျ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

ဗန်းမော်သို့ရောက်လာသည့် စစ်ရေယာဉ်အချို့။  (ဓာတ်ပုံ-စစ်တပ်ဝါဒဖြန့်တယ်လီဂရန်။)

ရွှေကူမြို့ရှိ လက်ကျန် စစ်သင်္ဘောတစ်စီးမှာလည်း ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်တွင်  မြစ်ကြောင်း အတိုင်း ဆန်တက်လာသည့်အတွက် မြို့အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ စင်းခန်းတံတားအနီးအရောက် တိုက်ပွဲများဖြစ်ပွားနေသလို ဇင်းဘုံရွာအနီးတွင်လည်း မြေပြင်တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။

“လေကြောင်းတိုက်ခိုက်မှုရှိတယ်။ အဲဒီ စင်းခန်းတံတားဝန်းကျင်မှာလည်း ဗုံးကြဲတာ။ ရွှေကူအထက် ဇင်းဘုံဆိုတဲ့နေရာမှာလည်း ဒီမနက် ၈ နာရီ ၉ နာရီလောက်မှာ မြေပြင်တိုက်ပွဲတွေရှိတယ်၊ အဲဒီနေရာမှာ လည်း လေကြောင်းနဲ့ ဗုံးကြဲတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ကလည်း ရွှေကူနှင့် ဗန်းမော်နယ်များရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စစ်တပ်က အကြိမ် ၃၀ ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIA နှင့် ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများရှိခဲ့သည်ဟု ကြားသိရပြီး ဒေသခံများမှာ လွန်ခဲ့သည့် သီတင်းပတ် နှစ်ပတ်ခန့်မှစတင်ကာ ကြိုတင်ရှောင်တိမ်းခဲ့သည် အတွက် ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုနေ့ (စက်တင်ဘာလ ၂ ရက်)က တိုက်ခိုက်မှုများတွင် စစ်တပ်၏ သင်္ဘော ရှစ်စီးအထိ ထိခိုက်ပျက်စီး အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ယမန်နေ့ညနေကတည်းက အတည်ပြုထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်မှ စတင်၍ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများ၊ လူအင်အားများ၊ ရိက္ခာများ သယ်ဆောင်ကာ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘော လေးစီးအပါအဝင် ရေယာဉ် ၁၇ စီးခန့်မှာ ရွှေကူမြို့မှ တဆင့် ဗန်းမော်မြို့သို့ ဆန်တက်ရန် ကြိုးပမ်းခဲ့သည်။

ထို့ကြောင့် ရွှေကူနှင့် ဗန်းမော်အကြား မြစ်ကျဉ်းနေရာများလည်းရှိရာ KIA နှင့်  ကချင်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များက မိုင် ၆၀ နီးပါး ရေကြောင်းခရီးအတွင်း ဖြတ်တောက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

ဩဂုတ်လ ၂၉ ရက်က ရွှေကူမြို့အထက်ဘက် ဘိုကုန်းရွာအနီး စစ်တပ်က ချောဆွဲလာသည့် အရပ်ဘက် တွန်းသင်္ဘောတစ်စီးကို တော်လှန်ရေးဘက်က ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး စစ်တပ်ဘက်က တစုံတရာ  ထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်တပ်ဝါဒဖြန့်သူများကမူ  ရေယာဉ်များ ဗန်းမော်သို့ ရောက်ရှိလာကြကြောင်း၊ ပျံ့နှံ့နေသည့် ရုပ်သံ များမှာ ရွှေကူဒေသရှိ တရားမဝင်ရွှေခိုးတူးနေသော ဒေသခံမိသားစုများသာဖြစ်ကြောင်း  ဖော်ပြနေကြ သည်။

သို့ရာတွင် ဝါဒဖြန့်တယ်လီဂရန်တစ်ခုကမူ စက်တင်ဘာ ၂ ရက်နေ့၊ ကချင်ပြည်နယ်၊ ရွှေကူမြို့မှတစ်ဆင့် ဗန်းမော်မြို့သို့ ရေလမ်းမှ ထွက်ခွာလာသည့် ကုန်တင်သင်္ဘောယာဉ်တန်းအား စင်းခန်းတံတားအနီး KIA အဖွဲ့က ရှော့တိုက်ဒုံးများ၊ Drop ဗုံးများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပြီး စစ်သားအချို့ အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း  ယမန်နေ့ညက ဖော်ပြထား သည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

စင်းခန်းတံတားအနီး ယမန်နေ့က စစ်င်္ဘောယာဉ်တန်း တိုက်ခိုက်ခံရကြောင်း ဖော်ပြထားသည့်  စစ်တပ်ဝါဒဖြန့်တယ်လီဂရန်နှင့် စစ်ရေးအခြေအနေ မြေပုံ။

ယမန်နေ့ညပိုင်းမှ စတင်ကာ လူမှုကွန်ရက်တွင် ပျံ့နှံလာသည့်ရုပ်သံဖိုင် ခြောက်ခုထက်မနည်းရှိပြီး  စစ်တပ်သုံ့ပန်း အများအပြား ခေါင်းပေါ် လက်တင်ကာ တန်းစီခိုင်းနေသည့်ရုပ်သံ၊ လူအများအပြား မှောက်ရက်ဖမ်းဆီးခံထားရသည့်ရုပ်သံ၊ ရေထဲ မျောပါနေသည့် စစ်သားတစ်ဦး အပါအဝင် ရုပ်သံများ ပျံ့နှံ့နေသည်။ အမျိုးသားများအပါအဝင် အမျိုးသမီးများ ၊ ကလေးများ၊ သက်ကြီးပိုင်းများ ပါဝင်နေ သည်ကို တွေ့ရသည်။

အချိန်ကြာနေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ 

ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သော ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲကျော် ရှိလာပြီဖြစ်ပြီး စစ်တပ်က မြစ်ကြောင်းမှတဆင့် စစ်ကူနှင့် ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်နိုင်ရန် အပူတပြင်း ကြိုးစားနေခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

တရုတ်နယ်စပ်နှင့် မိုင် ၅၀ ခန့်သာဝေးပြီး ဧရာဝတီမြစ်ကို မေးတင်ထားသည့် ဗန်းမော်မြို့သည် သင်္ဘော ဆိပ်၊ လေဆိပ်နှင့် ဗန်းမော်-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် ဗျူဟာမြောက်မြို့ကြီးဖြစ်သည့် အတွက် စစ်တပ်က ကျားကုပ်ကျားခဲ တိုက်ခိုက်နေခြင်းဖြစ်နိုင်သည်ဟု ၎င်းက မှတ်ချက်ပေးသည်။

“ဗန်းမော်မြို့ကတော့ သူတို့အတွက်လည်း အရေးကြီးတဲ့မြို့ဖြစ်မှာပါ။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် လည်း ဖြစ်ပါတယ်။ ခုနက ပြောတဲ့ သင်္ဘောတွေလည်း ဆိုက်ရောက်နေတဲ့ သင်္ဘောဆိပ်ကမ်းရှိတဲ့မြို့ လည်း ဖြစ်ပါတယ်။ နောက် တရုတ်ပြည်ဘက်ကို ဆက်သွယ်ထားတဲ့ စီးပွားရေးလမ်းမကြီးလည်း ဖြစ်တာပေါ့။ သူတို့အတွက် နိုင်ငံရေးအရလည်း အရေးကြီးနေတဲ့ ဗျူဟာမြောက်တဲ့မြို့လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်” ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ဗန်းမော်မြို့အနီးအနားရှိ မံစီ၊ မိုးမောက်မြို့များကို ထိုနှစ် မေလတွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကိုမူ ဒီဇင်ဘာလတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကာလကြာရှည် တိုက်ပွဲဖြစ်နေသော ဗန်းမော်မြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး  လက်ရှိတွင် စစ်တပ် ကလည်း နေရာယူမှုများရှိသလို ၎င်းတို့ဘက်ကလည်း နေရာယူထားမှုများရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ 

“ အခု လောလောဆယ်ကတော့ ကျွန်တော်တို့ဘက်ကတော့ လက်လွှတ်လိုက်ရတာတော့ မရှိပါဘူး။ ဒါပေမယ့် မြို့တွင်း တော်တော်များများနေရာမှာတော့ သူတို့ကလည်း ထိုးစစ်ဆင်ရင်းနဲ့မှ နေရာယူတာ တော့ ရှိပါတယ်။ ကျွန်တော်တို့လည်း စခန်းထိုင်တာတွေ ကင်းပုန်းဝပ်တာတွေ ဘာတွေတော့ရှိတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

အရှည်ကြာဆုံး မြို့သိမ်းတိုက်ပွဲဖြစ်သည့် ဗန်းမော်မြို့တွင်းတိုက်ပွဲအတွင်း နှစ်ဖက် ထိတွေ့ တိုက်ခိုက်မှု၊ စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးများကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်သည်။ 

ဗန်းမော်မြို့အား Google Earth မှ တွေ့ရစဉ်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles