အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းဒေသတွင် ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အစုလိုက်အပြုံလိုက် ထွက်ပြေး

တီးတိန်မြို့နယ်တွင် ချင်းညီနောင်အဖွဲ့ဝင် PDF Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၆၀ ထက်မနည်း ထွက်ပြေးခဲ့မှု ဖြစ်ပေါ်ခဲ့ပြီး  ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းမိသူများလည်း ပါဝင်သည် ။

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း လှုပ်ရှားသော ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော  PDF Zolandက ထိန်းသိမ်းထားသည့်  စစ်သုံ့ပန်းများ ဆယ်နှင့်ချီသည် ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်)  ညနေတွင် လက်နက်များနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ချင်းတော်လှန်ရေးအဖွဲ့များထံက သိရသည်။ 

ချုပ်နှောင်ခံထားရသည့် စစ်သုံ့ပန်းအချို့သည် ရေချိုးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် အပြင်ထွက်ခွင့်ရစဉ် အစောင့်တာဝန်ကျ PDF Zoland တပ်ဖွဲ့ဝင်အချို့ကို ရိုက်နှက်ကာ လက်နက်ခဲယမ်းများယူဆောင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။  ထိုသို့ထွက်ပြေးသွားသည့် စစ်သုံ့ပန်း ၆၀ ဦးထက်မနည်း ပါဝင်သည်ဟု အဆိုပါအခြေအနေကို သိရှိသူ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ထွက်ပြေးသွားသော စစ်သုံ့ပန်းများကို ယမန်နေ့ညနေမှ စတင်၍ ယနေ့ (စက်တင်ဘာလ ၁၄ ရက်) အထိ PDF Zoland က တပ်ဖြန့်ကာ လိုက်လံရှာဖွေ၍ ဖမ်းဆီးရန်ကြိုးပမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။ 

တီးတိန်မြို့နယ်အခြေစိုက်  PDF Zoland သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းလက်နက်ကိုင်တပ်များ စုဖွဲ့ထားသည့် ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်လည်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အထက်ပါအခြေအနေနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် PDF Zoland တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူအပါအဝင် အဖွဲ့ တာဝန်ရှိသူများ၊ ချင်းညီနောင်အဖွဲ့တို့ကို Myanmar Now ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ 

ထွက်ပြေးသွားသူများစုမှာ ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများဖြစ်ပြီး၊ ဒေသတွင်း တိုက်ပွဲများတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းပါဝင်ကြောင်း သိရသည်။ 

“လမ်းမပေါ်ရောက်သွားလို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) နဲ့ချိတ်ဆက်မိသွား လို့ရှိရင်လည်း သူတို့ ဟို.. လွတ်ကောင်းလွတ်နိုင်တာပေါ့။ ဒါပေမဲ့ အခြေအနေကလည်း ပြောလို့မရသေးဘူး။ တပ်ဖြန့်ရှာနေကြတာ” ဟု အထက်ပါချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ကလေး – တီးတိန်လမ်းပေါ်ရှိ ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်း အမြင့်ဆုံးတောင် ဖြစ်ပြီး ဆက်သွယ်ရေးအချက်အချာကျသည့် ထိုနေရာတွင် ခြေကုပ်ယူထားသည့် စစ်တပ်စခန်းကို PDF Zoland က ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးအပါအဝင် တစ်ဒါဇင်ခန့် ဖမ်းဆီးရမိခဲ့သည်။ 

ထို့နောက် ယမန်နှစ် နိုဝင်ဘာလဆန်း၌ စစ်တပ်က ကနေဒီ တောင်ကို ပြန်ရခဲ့သော်လည်း PDF Zoland က လပိုင်းအတွင်း ထိုနေရာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ လက်ရှိတွင် စစ်တပ်က ပြန်နေရာယူထားသည်။ 

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ထိန်းသိမ်းထားရန်မှာ စိုးမိုးနယ်မြေ၊ လူအင်အား စသည့် စိန်ခေါ်မှု အများအပြား ရှိနေသည်။ ယင်းအခြေအနေတွင် ထွက်ပြေးလွတ်မြောက်သွားမှုများလည်း ရှိခဲ့ရာ ထိုအထဲတွင် ကရင်နီ (ကယား) ၌ စစ်သုံ့ပန်းအများစုအပါအဝင် ၈၀ ကျော် ထွက်ပြေးသွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ 

၂၀၂၅ ခုနှစ် နှစ်ကုန်ကုန်ပိုင်းကစတင်၍ ချင်းပြည်နယ်ကို စစ်ရေးအရ ဖိအားပေးနေသည့် စစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်တို့ကို  ယခုနှစ်ဝက်တွင် ပြန်လည်သိမ်းယူခဲ့ပြီး စိုးမိုးနယ်မြေချဲ့ထွင်နေသည်။

ထို့ပြင် ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များဖြစ်သော မင်းတပ်နှင့်ကန်ပက်လက်ကိုလည်း မကွေးတိုင်း၊ ယောနယ်မှတဆင့် စစ်ကြောင်းနှစ်ခုဖြင့် ထိုးဖောက်စစ်ဆင်နေပြီး ချင်းညီနောင် (CB) နှင့် မဟာမိတ်တပ်များက ခုခံတိုက်ခိုက်နေကြသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကနေဒီတောင်ကို ချင်းတော်လှန်ရေးအင်အားစုများ သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် စစ်သားများ။ (ဓာတ်ပုံ- PDF Zoland) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles