စစ်တပ်နှင့် အာရက္ခတပ်တော် (AA) စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စက်တင်ဘာလ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ကလေးအပါအဝင် လေးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
တိုက်လေယာဉ်တစ်စီးက ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်) မွန်းလွဲ ၁ နာရီခန်တွင် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်း မြို့တောင်ဘက် ဦးရာဇ်တောင်စေတီအနီး ဗုံးနှစ်လုံးကြဲချခဲ့ရာ စေတီအောက်ရှိ စျေးဆိုင်ခန်းများ၊ စေတီနှင့် အနီးရှိ မြစ်ကူးကြိုးတံတားဝန်းကျင်၌ ကျရောက်ပေါက်ကွဲခဲ့သည်။
စေတီရင်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဒေါ်စိုးစိုးနှင့် ရသေ့တောင်မြို့နယ်မှ အသက် ၅၆ နှစ်အရွယ် ဦးမိုးမိုးတို့ သေဆုံးသွားသည်၊ စေတီရင်းရွာမှ အသက် ၇၁ အရွယ် ဒေါ်ဦးကျော့စိန်၊ အသက် ကိုးနှစ် အရွယ် မဖြူထွေးနှင့် ရသေ့တောင်မြို့နယ်မှ ၄၃ နှစ်အရွယ် ဦးအောင်ဝင်းမောင်တို့ ဒဏ်ရာရကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဦးရာဇ်တောင်စေတီနားက ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကြဲလို့ ကြိုးတံတားနားက စျေးဆိုင်တန်းမှာ တစ်လုံးကျတယ်။ ချောင်းထဲမှာတစ်လုံးကျတယ်။ စျေးဆိုင်တန်းမှာ စျေးရောင်းနေကြတဲ့သူတွေ ထိခိုက် ဒဏ်ရာရကြတယ်။ ပြီးတော့ ရသေ့တောင်ဘက်ကနေ စက်လှေနဲ့ လာကြတဲ့သူတွေလည်း ထိခိုက်ကြတယ်”ဟု ၎င်းက ဆိုသည်။
သေဆုံး၊ ဒဏ်ရာရရှိသွားသူများထဲတွင် ပါဝင်သော ရသေ့တောင်ဒေသခံများမှာ ကျောက်တော်မြို့သို့ စျေးဝယ်ရန် သွားရောက်သူများဖြစ်ကြပြီး ထိုစေတီအနီး ခဏနားခိုနေစဥ် ဗုံးကြဲမှုနှင့်ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု အထက်ပါဒေသခံက ဆိုသည်။
“ဒီလို ဗုံးဒဏ်သင့်သူတွေအတွက်တော့ AA က စရိတ်ငြိမ်း ကုသပေးတယ်လို့ကြားတယ်။ သူတို့ (ဒဏ်ရာ ရသူတွေ) က ဆင်းရဲကြတယ်။ ငွေကြေးအခက်အခဲရှိကြတယ်”ဟု ဒဏ်ရာရလူနာများကို သွားရောက် ကြည့်ရှုခဲ့သည့် အထက်ပါ ဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်၊ နံနက်အစောပိုင်း ၁၂ နာရီခွဲခန့် (ညသန်းခေါင်အကျော်) ကလည်း ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် သုံးမိုင်ကျော်အကွာ ကုလားတန်မြစ်ကမ်းဘေးရှိ ကျောက်ဆိပ်ကျေးရွာကို စစတပ်ကအသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်များဖြစ်သည့် ဒေါ်လှသန်းယဉ်နှင့် သမီးဖြစ်သူ ဦးသန်းခင်တို့ကို ဗုံးစထိမှန်ခဲ့ပြီး ဒေါ်လှသန်းယဉ်မှာ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်ဟု AA ထံက သိရသည်။

စက်တင်ဘာလ ၁၁ ရက် တစ်ရက်တည်းမှာပင် ည ၄ နာရီခန့်က တောင်ကုတ်မြို့နယ် ရွာသစ်ကေရွာကို တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံများဖြစ်သော ဦးတင်မောင် (၆၀ နှစ်) မှာ ဦးခေါင်းကို ဗုံးစထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး ဦးမြင့်ရွှေ (၆၇ နှစ်)မှာ မျက်နှာနှင့်ကျောဘက်တွင် ဗုံးစထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် နှစ်လုံးပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် AA ထံက သိရသည်။
လက်ရှိတွင် စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့နယ်နှစ်ခုအစပ် မင်းချောင်းတံတားအနီးဝန်းကျင် ပုစွန်ကန်များ အနီး တိုက်ပွဲများဖြစ်ပွားနေကာ စစ်တပ်ကလည်း ဒရုန်းအများအပြားအသုံးပြုတိုက်ခိုက်နေပြီး “၄၉၂၆ စစ်ဆင်ရေး” ဟု အမည်ပေးထားကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များက ဖော်ပြနေသည်။
အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာ ၄ ရက်မှ စတင်ကာ AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ် ဘက်ကို မင်းချောင်းတံတား(အမြင့်ကျွန်းတံတား)ကို ဖြတ်၍ ထိုးစစ်ဆင်ရန်ကြိုးပမ်းနေပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
“လက်ရှိမြေပြင်ထဲမှာ သူတို့(စစ်တပ်) တစ်လက်မတောင်မှ တိုးလို့မပေါက်လို့ ကြားရတယ်။ စစ်ပွဲကတော့ နေ့စဥ် ရက်ဆက် ရှိနေတယ်လို့ ပြောရမယ်။ ၄ ရက်နေ့ကပင် စဖြစ်တယ်ဆိုရင် ဒီနေ့ ၁၄ ရက်၊ ကြားထဲမှာ ၁၀ ရက်ရှိပြီ။ တစ်ရက်လည်းမတန့်ဘဲ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်သည် စစ်တွေမြို့နှင့်ကပ်လျက်ရှိ ပုဏ္ဏားကျွန်းမြို့နယ် ၊ ရဲရုပ်ပြင်၊ အောင်မြေကုန်း၊ ခမောင်းတော စသောကျေးရွာများတွင် ခြေကုပ်ယူထားပြီး AA ကလည်း စစ်တွေမြို့နယ်ရှိ ဝါဘိုကျွန်းဟု ခေါ်သည့် ဝါဘို၊ မီးလောင်၊ မြစ်နား စသောရွာများအနီး ခြေကုပ်ယူကာ စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက မြို့နယ်နှစ်ခုအစပ်တွင် တိုက်ပွဲများ နေ့စဥ် ရက်ဆက်ရှိနေကာ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရကြောင်း ဆိုသည်။
လတ်တလောတွင် စစ်တွေမြို့တွင်ရှိသော စစ်တပ်၏အထိုင်စခန်းများက ပုဏ္ဏားကျွန်းမြို့ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ် ပျံဝဲခြင်းများ ဆက်တိုက် ပြုလုပ်နေသောကြောင့် စိုးရိမ်နေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“လေယာဥ်သံ၊ လက်နက်ကြီးသံကြားလို့ ညမအိပ်ရဘူး။ ဗုံးခိုကျင်းမှာပဲ နေနေရတယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် သြဂုတ်လ၌ ဒေသခံ ၃၇ ဦးသေဆုံး၊ ၉၁ ဦးဒဏ်ရာရရှိခဲ့ပြီး ဇူလိုင်လအတွင်း ဒေသခံ ၂၁ ဦးသေဆုံး၊ ၇၆ ဦး ဒဏ်ရာရ ရှိသွားကြောင်း Myanmar Now ၏ မှတ်တမ်းများအရ သိရသည်။
စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သည့် နေရာများကို တိုက်လေယာဥ်များဖြင့် နေ့စဥ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများ သေဆုံးမှု၊ ဒဏ်ရာ ရရှိမှု၊ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း ၊ ပြည်သူများအနေဖြင့် လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန်လည်း AA က ထုတ်ပြန်ထားသည်။
ရခိုင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ စစ်တပ်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။




